backup og meta

ပေါ့ဆမှုနဲ့ ဗဟုသုတနည်းမှုတွေကြောင့် အဖြစ်များလာတဲ့ ဝက်သက်ရောဂါ


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပေါ့ဆမှုနဲ့ ဗဟုသုတနည်းမှုတွေကြောင့် အဖြစ်များလာတဲ့ ဝက်သက်ရောဂါ

    အခုတလော ဆက်တိုက်ဆိုသလိုကြားနေရတဲ့ အကြောင်းအရာကတော့ ဝက်သက်ပါ။ ဝက်သက်ဟာ အရမ်းကို ပြန့်ပွားလွယ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကလေးရောလူကြီးတွေပါ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါက လျှော့တွက်လို့ရတဲ့ရောဂါတစ်ခုလုံးဝမဟုတ်ဘူး။ အသက်သေဆုံးတဲ့အထိ ဆိုးရွားနိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားမယ်ဆိုရင် အလွယ်တကူကာကွယ်နိုင်တဲ့ ဒီရောဂါဆိုးကြီးက ကာကွယ်ဆေးထိုးဖို့ တာဝန်ရှိတဲ့မိဘတွေနဲ့ အုပ်ထိန်းသူတွေရဲ့ ပေါ့ဆမှုနဲ့ ဗဟုသုတနည်းမှု အယုံလွယ်မှုတွေကြောင့် ကာကွယ်ဆေးမထိုးဖြစ်ဘဲ တကျော့ပြန်ခေါင်းထောင်လာပြီး ဆိုးရွားတဲ့ပြန့်ပွားမှုတစ်ခုအဖြစ်ကို ရောက်ရှိပြန်လာပါတယ်။

    ဒီဆောင်းပါးဟာ ဝက်သက်ရောဂါရဲ့ ပြင်းထန်ဆိုးရွားတဲ့နောက်ဆက်တွဲတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်ရမလဲ၊ အယုံမလွယ်သင့်တဲ့ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကောလာဟလတွေကြောင့်ဘယ်လိုတွေ ပြဿနာရှိနိုင်လဲဆိုတာကို သေချာရှင်းပြထားပါတယ်။

    ဝက်သက်ဆိုတာဘာလဲ ။

    နာမည်မှာ ဝက်ပါနေတာကြောင့် ဝက်ကနေ တစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ မထင်လိုက်ပါနဲ့။ ဝက်သက်ဆိုတာ လေထဲကနေတဆင့် အလွန်လျင်မြန်စွာ ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါတစ်ခုပါ။ ကာကွယ်ဆေးတစ်ခါမှ ထိုးထားဖူးခြင်းမရှိတဲ့သူဆီ ဒီ ဗိုင်းရပ်စ်ပိုးဝင်သွားလို့ကတော့ အခြား ကာကွယ်ဆေးမထိုးထားတဲ့သူတွေဆီကိုပါ လျင်လျင်မြန်မြန် ပြန့်သွားနိုင်တဲ့ ဆိုးကျိုးများတဲ့ ကူးစက်မြန်ကြောက်စရာရောဂါတစ်ခုပါ။

    ဝက်သက်ရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ ။ ။

    ဝက်သက်လို့ဆိုလိုက်တာနဲ့ အဖျားကြီးပြီး ကိုယ်ပူမှာ အပြင် ခုပြောပြမယ့် ရောဂါလက္ခဏာတွေထဲက တစ်ချက်ဖြစ်စေ အားလုံးဖြစ်စေ ပါကိုပါရပါမယ် ။ ။ သူတို့ကတော့

    • ချောင်ခြောက်ဆိုးမယ်
    • နှာစေး နှာပိတ်ဖြစ်မယ်
    • မျက်သားရောင်ရမ်းမယ်

    အဲဒါတွေအပြင်

    • လည်ချောင်းနာမယ်
    • Koplik’s spots လို့ ဆရာဝန်တွေခေါ်ကြတဲ့ အဖြူရောင်အစက်လေးတွေရဲ့ အလယ်မှာ အပြာရောင် အလယ်ဗဟိုရှိတဲ့ အစက်လေးတွေပါးစောင်မှာဖြစ်နိုင်တယ်။ ဒါကဝက်သက်လို့ခေါင်းစဉ်တပ်နိုင်တဲ့ သေချာတဲ့အရာတစ်ခုပါ။
    • Measle Rash လို့ခေါ်တဲ့ အနီကွက်တွေ ကိုယ်ခန္ဓာပေါ်မှာ ပေါက်နေတတ်ပြီး
    • တစ်ကိုယ်လုံး ကိုက်ခဲနေတတ်ပါတယ်။

    ဝက်သက်ရောဂါဟာ အဆင့်လိုက်ဖြစ်တဲ့ ရောဂါတစ်ခုပါ ။ ။

    နေရာယူခြင်း – ဝက်သက်ရောဂါပိုးနဲ့ ထိတွေ့ပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးက ကိုယ်တွင်းကို ကျူးကျော်ဖို့ အရင်ဆုံး ကိုယ်တွင်း ခုခံအားစနစ်နဲ့ တိုက်နေရတာကြောင့် လက္ခဏာတွေ မပြတတ်သေးပါဘူး။

    လက္ခဏာ စပြတဲ့အဆင့် – စစ်ပွဲမှာ ဝက်သက်အနိုင်ရသွားပြီဆိုတာနဲ့ လက္ခဏာတွေ စပြလာပါပြီ။ အဓိက လက္ခဏာဖြစ်တဲ့ အဖျားတက်တာ ( အဖျားငွေ့ငွေ့လေးလည်း ဖြစ်နိုင်သလို အဖျားကြီးတာ( အပူချိန်၄၁ ဒီဂရီ စင်တီဂရိတ်) မျိုးလည်း ဖြစ်နိုင်ပါတယ် ) အဖျားက တက်လိုက်ကျလိုက်ဖြစ်နေတတ်ပြီး အနီကွက်တွေပေါ်တဲ့အချိန်မှာတော့ အဖျားပြန်တက်တတ်ပါတယ်။ ဒါ့အပြင် ချောင်းခြောက်ဆိုးတာ၊ နှာစေးတာ၊ မျက်စိနာတာနဲ့ လည်ချောင်းနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေက ၃ ရက်ကနေ ၄ ရက်လောက်အတွင်းရှိနေတတ်ပါတယ်။

    အနီကွက်တွေပေါ်တဲ့ အဆင့် – ဝက်သက်လို့ ဆိုလိုက်တာနဲ့ အရေပြားပေါ်မှာပေါက်တဲ့ အနီကွက်တွေကိုချန်ခဲ့လို့ မရပါဘူး။ အကွက်တွေလည်းဖြစ်သလို အဖုလေးတွေလည်း ဖြစ်တတ်ပြီး အစုလိုက်ရှိနေတတ်ပါတယ်။ အဲဒီ အကွက်တွေ အဖုတွေဟာ စစချင်း မျက်မှာပေါ်မှာ အရင်ပေါ်တာပါ။ တဖြည်းဖြည်းနဲ့ ကိုယ်ခန္ဓာ အောက်ပိုင်းဖြစ်တဲ့ လက်တွေ၊ ရင်ဘတ်တွေ၊ ခြေထောက်တွေ၊ ခြေဖဝါးတွေဆီ ပြန့်သွားတတ်ပါတယ်။ အဲဒီ အကွက်တွေ ပေါ်ပြီဆိုတာနဲ့ ကိုယ်ပြန်ပူလာတတ်ပါတယ်။ အကွက်တွေပျောက်တော့မယ်ဆိုရင်လည်း သူပေါက်ခဲ့တဲ့အတိုင်း မျက်နှာကနေ အရင်စပျောက်ပြီး ခြေထောက်က နောက်ဆုံးမှ ပျောက်တာပါ။

    ကူးစက်နိုင်တဲ့အဆင့် – ဝက်သက် အနီကွက်တွေ မပေါ်ခင် ၄ ရက်နဲ့ အနီကွက်ပေါ်ပြီး ၄ ရက် ဒီ ၈ရက်ဟာ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ဝက်သက် ကူးစက် အပျံ့နှံ့နိုင်ဆုံး အချိန်ပါ။

    ဝက်သက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။

    သေချာ ကုသတဲ့ နည်းလမ်းပဲ မရှိဘဲ ခုခံအားကိုသာ အားထားပြီး တိုက်ထုတ်ရတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ဝက်သက် ရောဂါဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိတဲ့ ရောဂါတစ်ခုပါ။

    အဖြစ်များဆုံး နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ဝမ်းလျှောတာနဲ့ နားပြည်ယို ပိုးဝင်တာပဲ ဖြစ်ပါတယ်။

    အဖြစ်နည်းပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိပါသေးတယ် ။ ။ ဒါတွေကတော့

    • အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်တာ (အခုနောက်ပိုင်းဖြစ်တဲ့ ဝက်သက်တွေမှာ ဒါက အရမ်းအဖြစ်များနေပါတယ်)
    • ဦးနှောက်ပိုးဝင်တာတွေနဲ့
    • အသက်သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။

    ဒီလို ကုသနည်းလည်း သေချာမရှိဘဲ ခုခံအားကိုပဲ မူတည်ပြီး တိုက်ထုတ်ရတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ကြိုတင်ကာကွယ်ထားနိုင်မှ တော်ရုံကျမှာနော်။ ဒီအတွက် စိတ်မပူပါနဲ့။ ဝက်သက်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေ ရှိနေပါပြီ။ ကာကွယ်ဆေးအောင်သွားရင် ဝက်သက်ဆိုတာ လုံးဝကို ကြောက်စရာ မလိုလောက်တော့အောင် ကာကွယ်ဆေးက အစွမ်းထက်ပါတယ်။ ။

    အချုပ်အနေနဲ့ ဝက်သက်နဲ့ ပက်သက်လို့ သိထားသင့်တဲ့အချက်တွေက

    • ဝက်သက်ရောဂါဆိုတာ လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်ပျံ့လွယ်တတ်တဲ့ ရောဂါတစ်မျိုးပါ။
    • ဝက်သက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်မှာ မျိုးစိတ်ပေါင်း ၂၁ မျိုးရှိပါတယ်။
    • ဝက်သက်ဟာ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတို့ ထုံးစံအတိုင်း သူတို့ကိုသေချာကုသနိုင်တဲ့ ဆေးနည်းတွေ မရှိသေးတာကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက်အကောင်းဆုံးပါ။ ဒီတော့ ဝက်သက်ကာကွယ်ဆေးကို လူတိုင်း ထိုးထားသင့်ပါတယ်။ အထူးသဖြင့် အသက် ကိုးလကနေ ငါးနှစ်အတွင်းကလေးတွေ အနည်းဆုံး ဝက်သက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။
    • ကာကွယ်ဆေးဆိုတာ ဖန်တီးထားတဲ့ဗိုင်းရပ်စ်ပိုး အနုစားလေးတွေကို ကိုယ်တွင်းကို ထည့်ပေးပြီး အဲဒီ ဗိုင်းရပ်စ်ပိုးကိုတိုက်တဲ့ ပဋိုပစ္စည်းထွက်အောင် လုပ်လိုက်တာဖြစ်လို့ လူတိုင်းထိုးလို့ရပေမယ့် ရင်သွေးလေးတွေရှိတဲ့ ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ဆောင်နေစဉ်တော့ ထိုးလို့ မရပါဘူး။ ။

    အသားချင်းထိတွေ့မှ မဟုတ်ဘဲ လေထဲကနေတောင်ကူးစက်တဲ့အထိပြင်းထန်တဲ့ ဝက်သက်ရောဂါကိုခပ်ပေါပေါ့လေးသဘောမထားသင့်တာကတော့ အမှန်ပါ။ ဒီရောဂါက ကလေးတွေမှာတင်မဟုတ် လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါကို မေမေတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့မထားစေချင်ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က ဖွံ့ဖြိုးဆဲဖြစ်ပြီး နုနယ်လွန်းတဲ့ ကလေးငယ်လေးတွေမှာ ဝက်သက်ရောဂါကြောင့် အသက်သေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သားသမီးလေးတွေကို ဒီရောဂါဆိုးကြီးကနေ ကာကွယ်ပေးကြဖို့ တိုက်တွန်းပါရစေ။

    ရောဂါရှိတာကို ဘယ်လိုသိနိုင်မလဲ

    ဝက်သက်ရောဂါပိုးက လေထုထဲကနေတဆင့် ကူးစက်နိုင်သလို ပြင်ပလေထုထဲမှာ နာရီတော်တော်ကြာ ကြာတဲ့အထိရှင်သန်နေနိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံထားရပြီး ၁၀ ရက်ကနေ ၁၄ ရက်ကြာမှ ရောဂါလက္ခဏာပြတတ်တာပါ။ များသောအားဖြင့်ကတော့ အရေပြားမှာ အနီရောင် အဖုအပိမ့်လေးတွေထွက်လာတာပါ။ ပါးစပ်ထဲမှာလည်း အဖုငယ်လေးတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေတွေကို စစ်ဆေးပြီးမှ ဆရာဝန်ကကလေးမှာ ဝက်သက်ဖြစ်နေပြီဆိုတာကို ဆုံးဖြတ်ပေးတာပါ။ အတိကျဆုံးအဖြေထွက်ဖို့အတွက်ကတော့ သွေးစစ်တာ၊ ဆီးစစ်တာတွေလုပ်ပြီး စစ်ဆေးတာမျိုးရှိနိုင်ပါတယ်။

    ဘယ်လိုကုသမလဲ

    ဝက်သက်ရောဂါပိုးကူးစက်ခံရမှုအတွက် ကုသမှုရယ်လို့တိတိကျကျမရှိပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးတာ ဒါမှမဟုတ် ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ထားတာပါ။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်အနီးအနားတွေမှာ ဝက်သက်ဖြစ်တယ်ဆိုရင် ကာကွယ်ဆေးမဖြစ်မနေထိုးဖို့လိုအပ်ပါတယ်။

    အဖျားကျဆေးတွေပေးနိုင်တယ် – ဝက်သက်ဖြစ်တဲ့အခါ အဖျားကြီးတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်က ကလေးကို အဖျားကျစေတဲ့ဆေးတွေပေးပြီး ဝက်သက်ကြောင့် အဖျားကြီးတာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

    ပဋိဇီဝဆေးဝါးတွေ ပေးနိုင်တယ် – ဝက်သက်နဲ့အတူ ကလေးငယ်မှာ အဆုတ်ရောင်တာ၊ နားပိုးဝင်ကူးစက်တာလိုမျိုး ဘက်တီးရီးယားကူးစက်ခံရတာမျိုးဖြစ်လာမယ်ဆိုရင် ဆရာဝန်က ပဋိဇီဝဆေးတွေတိုက်ကျွေးနိုင်ပါတယ်။

    ဗီတာမင် A – ကလေးတွေမှာ ဗီတာမင် A နည်းတဲ့အခါ ဝက်သက်ရောဂါကိုခံစားရနိုင်ပါတယ်။ ဗီတာမင် A ဖြည့်စွက်ပေးတာကြောင့် ကလေးမှာ ဝက်သက်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေပြင်းပြင်းထန်ထန်ခံစားရနိုင်ခြေနည်းသွားမှာပါ။

    ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပါ

    ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ဝက်သက်လိုမျိုးရောဂါမှာဆိုရင် ပိုပြီးတောင် မှန်နေပါတယ်နော်။ ဝက်သက်က ခံစားရဆိုးသလို နောက်ဆက်တွဲပြဿနာတွေကလည်း ပြင်းထန်ပါတယ်။ ကြောက်စရာအကောင်းဆုံး အချက်တစ်ခုကဝက်သက်ရောဂါက အဆိုးဆုံးနောက်ဆက်တွဲအနေနဲ့ အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်တာပါ။

    ဝက်သက်ကို ကာကွယ်ဖို့အကောင်းဆုံးသောနည်းလမ်းကတော့ ကာကွယ်ဆေးထိုးတာပါပဲ။ ကလေးက အရမ်းငယ်သေးရင်တော့ ကာကွယ်ဆေးထိုးလို့မရသေးပါဘူး။ ကလေးရဲ့ ကိုယ်ခံအားစနစ်က အပြည့်အဝမဖွံ့ဖြိုးသေး တာကြောင့်ပါ။ ကလေးလေးတွေကို အသက် ကိုးလကနေစပြီး ကာကွယ်ဆေးထိုးနိုင်တယ်။ မဖြစ်မနေ ထိုးပေးထားဖို့လိုအပ်တယ်။ အနည်းဆုံးနှစ်ကြိမ်ထိုးရမယ်။ ကာကွယ်ဆေးထိုးပေးတာကြောင့် ကလေးငယ်မှာ ထိခိုက်သွားတာမျိုးမရှိပါဘူး။ မေမေတို့တွေထင်နေသလို ဝက်သက်ကာကွယ်ဆေးကြောင့် ကလေးမှာ အော်တစ်ဇင်ရောဂါ လိုမျိုး ရောဂါတွေခံစားရနိုင်တယ်ဆိုတဲ့ အထောက်အထားလေ့လာချက်တစ်စုံတစ်ရာမရှိပါဘူး။ ဒီနေရာမှာ ပြင်းပြင်းထန်ထန်သတိပေးချင်တာက ဝက်သက်ကာကွယ်ဆေးထိုးလို့ ထိခိုက်မှုတစ်စုံတရာမဖြစ်နိုင်ပါဘူး။ ကာကွယ်ဆေးမထိုးရင်သာ ကလေးမှာ အကြီးအကျယ်ထိခိုက်နိုင်တယ်။ ကံအကြောင်းမသင့်ရင် ဆုံးရှုံးနိုင်တယ်ဆိုတာ သတိထားစေချင်တယ်။

    ကလေးယူဖို့ ဆန္ဒရှိတဲ့ မေမေလောင်းလျာတွေအနေနဲ့လည်း ကာကွယ်ဆေးကိုကြိုတင်ထိုးနှံထားတာက အကောင်းဆုံးဖြစ် မှာပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ဝက်သက်ကာကွယ်ဆေးထိုးလို့မရသလို ကိုယ်ဝန်ဆောင်ချိန် ဝက်သက်ရောဂါပိုးကူးစက်ခံရမယ်ဆိုရင် သန္ဓေသားအတွက် ထိခိုက်မှုကကြီးပါတယ်။

    ဝက်သက်ဖြစ်တဲ့အခါ အသုံးတည့်မယ့်နည်းလမ်းအချို့

    ကလေးငယ်တွေမှာ ဝက်သက်ဖြစ်လာပြီဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်ဆီအမြန်ဆုံးသွားရောက်ပြသတာပါပဲ။ ကလေးက ဝက်သက်ပေါက်နေတဲ့အခါ မေမေတို့အနေနဲ့ ကလေးကို သက်တောင့်သက်သာဖြစ်စေဖို့ ဒီအချက်လေးတွေဂရုစိုက်ပေးသင့်ပါတယ်။

    သက်သောင့်သက်သာထားပါ – ကလေးကို လှုပ်လှုပ်ရှားရှားမနေခိုင်းပါနဲ့။ တတ်နိုင်သမျှ သက်တောင့်သက်သာနေခိုင်းပါ။

    ရေဓာတ်ပြည့်ဝအောင်ဂရုစိုက်ပါ – ကလေးကို နို့များများတိုက်ပါ၊ ရေတိုက်ပေးပါ။ ရေဓာတ်ပြည့်ဝနေအောင် သေချာလေး ဂရုစိုက်ပေးပါ။

    အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးပါ – ဝက်သက်ကြောင့် လည်ချောင်းနာတာမျိုးဖြစ်နိုင်တဲ့အတွက် လည်ချောင်းနာတာကို သက်သာစေဖို့ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးထားပါ။

    မျက်လုံးလေးတွေကို အနားပေးပါ – ကလေးရဲ့ မျက်လုံးတွေက အလင်းဒဏ်ကိုမခံနိုင်ဘဲ ကျိန်းစပ်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခန်းမီးကို ခပ်မှိန်မှိန်လေးပဲထွန်းပေးပါ။ ကလေးရဲ့ မျက်လုံးလေးတွေကို အနားပေးနိုင်အောင် ကူညီပေးပါ။

    နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဒီလိုမျိုးကြောက်စရာကောင်းတဲ့ ဝက်သက်ရောဂါကို အကောင်းဆုံးကာကွယ်ပေးနိုင် မယ့်နည်းလမ်းက ကာကွယ်ဆေးထိုးနှံတာဖြစ်တာကြောင့် မိမိတို့ရဲ့ ရင်သွေးလေကို ဝက်သက်ကာကွယ်ဆေးမပျက်မကွက်ထိုးနှံပေးကြဖို့ပြောပါရစေ။ ကာကွယ်ဆေးကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုမရှိနိုင်ပါဘူးနော်။ ကာကွယ်ဆေးမထိုးရင်သာ ထိခိုက်မှုဖြစ်လာနိုင်တာပါ။

    ကာကွယ်ဆေးထိုးမယ်ဆိုရင်

    လက်ရှိ ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်မားနေတဲ့ရန်ကုန်မြို့ ၇မြို့နယ်မှာ ဝက်သက်ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။ ဖေဖော်ဝါရီလ ၁၇ရက်နေ့ကနေ ၂၈ရက်နေ့အထိ မနက်၈နာရီကနေ ၄နာရီအထိ သွားရောက်ထိုးနှံနိုင်ပါတယ်။ အသက် ၉လကနေ ၁၅နှစ်အတွင်း ကလေးလူငယ်တွေအားလုံး ထိုးဖူးသည်ဖြစ်စေ မထိုးဖူးသည်ဖြစ်စေ အခမဲ့သွားရောက်ထိုးနိုင်ပါတယ်။ နဂိုထိုးပြီးသားလား မထိုးရသေးလား မသေချာလည်း ထိုးလို့ရပါတယ်။ ထိုးပြီးသားဆက်ထိုးလို့ ဘာမှ ပြဿနာမရှိနိုင်ပါဘူး။ ထိုးနှံနိုင်တဲ့နေရာတွေကတော့

    • လှိုင်သာယာ
    • အင်းစိန်
    • မင်္ဂလာဒုံ
    • ရွှေပြည်သာ
    • ဒဂုံမြို့သစ် (တောင်ပိုင်း၊ အရှေ့ပိုင်း)
    • ဒဂုံဆိပ်ကမ်းမြို့နယ် စုရပ်တွေမှာ ထိုးနှံပေးမှာပါ။ နေရာအတိအကျကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေးမြန်းနိုင်ပါတယ်။

    ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်မလဲ။

    • ထိုးထားတဲ့နေရာမှာ ရောင်ရမ်းနေတာ
    • အဖျားအနည်းငယ်တက်တာ
    • ချမ်းတုန်တာ
    • ခေါင်းကိုက်တာ
    • ကြွက်သားနဲ့ အဆစ်အမြစ်တွေနာတာ

    ဒါတွေက ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲအပျော့စားဆိုးကျိုးတွေဖြစ်ပါတယ်။ ရေရှည်မှာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ပြဿနာကြီးကြီးမားမားမရှိတတ်ပါဘူး။ ကာကွယ်ဆေးမဖြစ်မနေထိုးပါ။ ကိုယ့်ပေါ့ဆမှုနဲ့ ယုံလွယ်မှုကြောင့်တန်ဖိုးရှိတဲ့ အသက်တွေမဆုံးရှုံးပါစေနဲ့။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement