backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဒူးနာ စေတဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဒူးနာ စေတဲ့ အကြောင်းရင်းများ

ဒူးနာ တယ်လို့ ပြောလိုက်ရင် လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဒူးနာတယ် ဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ။ တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတာကြောင့် ဘယ်သူမဆို ဒူးနာတတ်ပါတယ်။ ဒူးနာရင် ဘာတွေကြောင့် ဖြစ်နိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ကြမလဲဆိုတာကို ပြောပြေပးပါ့မယ်။

ဒူးနာ စေတဲ့ အကြောင်းရင်းများ

ဒူးနာတာက ထိခိုက်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ်၊ ဒူးမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ဒူးဆစ်ရောင်ရမ်းလို့ပဲ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။

ထိခိုက်ဒဏ်ရာ

ထိခိုက်ဒဏ်ရာလို့ဆိုတဲ့ နေရာမှာ အရွတ်တွေ၊ အရိုးတွေ၊ အရိုးနုတွေ၊ အရည်အိတ်တွေ အားလုံးပါပါတယ်။ အတွေ့ရများတာတွေကတော့

  • အရွတ်ပြဲတာ – ဘတ်စကပ်ဘောဆော့တဲ့သူတွေ၊ တခြားလေ့ကျင့်ခန်း လုပ်တဲ့ သူတွေ ရုတ်တရက် ဒူးခေါင်းကို လှည့်လိုက်တဲ့အခါမှာ  အရွတ်ပြဲတတ်ပါတယ်။
  • အရိုးကျိုးတာ – ခုံညင်းရိုး(patella) အပါအဝင် ဒူးဆစ်ရဲ့ အခြားအရိုးတွေက ကားတိုက်တာပဲ ဖြစ်ဖြစ်၊ အရိုးပါးနေလို့ ချော်လဲတာဖြစ်ဖြစ် ကျိုးပြီး ဒူးနာတတ်ပါတယ်။
  •  အရိုးနုပြဲတာ – ဒူးဆစ်ရဲ့ အပေါ်ရိုးနဲ့ အောက်ရိုးကြားမှာ ကူရှင်လိုမျိုး အရိုးနုလေး ရှိပါတယ်။ သူ့အပေါ် ဖိတဲ့ ဝိတ်များရင်ပဲ ဖြစ်ဖြစ်၊ ဒူးကို ရုတ်တရက် လှည့်လိုက်ရင်ပဲ ဖြစ်ဖြစ် အရိုးနုပြဲသွားတတ်ပါတယ်။
  • အရည်အိတ်ရောင်ခြင်း – တချို့သော ထိခိုက်ဒဏ်ရာတွေက ဒူးဆစ်ရဲ့ အပြင်မှာ ရှိတဲ့ အရည်အိတ်ကို ရောင်ရမ်းစေပါတယ်။
  • ခုံညင်းရိုး အရွတ်ရောင်ခြင်း – အပြေးသမားတွေ၊ စက်ဘီးစီးတဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေ၊ ခုန်ပြီး ကစားတဲ့ သူတွေက မကြာခဏ ဆိုသလို ခုံညင်းရိုး ထိပြီး အရွတ်ရောင်တတ်ပါတယ်။

ဒူးမကောင်းတာ

  • အရိုးပြုတ်ထွက်ခြင်း – ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ အသက်ကြီးလို့ပဲ ဖြစ်ဖြစ် အရိုးစလေးတွ၊ အရိုးနုစလေးတွေ ပြုတ်ထွက်ပြီး ဒူးဆစ်ထဲမှာ ရှိနေတတ်ပါတယ်။ ဒူးဆစ်ကို မထိမိသေးသရွေ့ ဒီအပိုင်းစတွေက ဘာပြဿနာမှ မရှာပါဘူး။ တစ်ခါတစ်လေ ဒူးလေးဆစ်ကြားထဲ ညှပ်သွားရင်တော့ ဒူးနာတတ်ပါတယ်။ တာဝေးအပြေးသမားတွေ၊ စက်ဘီးစီးတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။
  • Iliotibial band syndrome – ပေါင်ရိုးအပြင်စွန်းနဲ့ ဒူးဆစ်အပြင်စွန်းကို တွယ်ထားတဲ့ တစ်ရှူးတင်းသွားရင်လဲ ဒူးဆစ်နာတတ်ပါတယ်။
  • ခုံညင်းရိုး အဆစ်လွဲခြင်း
  • ပေါင်ရိုးနာတာ၊ ခြေဖျားနာတာ – ပေါင်ရိုးနာရင်ပဲ ဖြစ်ဖြစ်၊ ခြေဖျားနာရင်ပဲ ဖြစ်ဖြစ် လူက ဒီနေရာတွေ မထိအောင် ညှာပြီး လမ်းလျှောက်ပါတယ်။ ဒီအခါမှာ ဟန်ချက်ပျက်ပြီး ဒူးဆစ်ပေါ် ဝိတ်ပိုပိပါတယ်။ ဒါကြောင့် ဒူးနာလာပါတယ်။

ဒူးဆစ်ရောင်ရမ်းခြင်း

ဒူးဆစ်ရောင်ရမ်းစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့ထဲကမှ အတွေ့ရများတာတွေကတော့

  • အရိုးအဆစ်ရောင်ရောဂါ – အသက်ကြီးလို့ ဖြစ်တဲ့ ရောဂါပါ။ တစ်သက်လုံး အလုပ်လုပ်ခဲ့သမျှ၊ ဝိတ်တွေ ထမ်းခဲ့သမျှ ဒူးဆစ်မှာ ပွတ်တိုက်မှုတွေ များပြီး ဒူးနာလာတာပါ။
  • လေးဖက်နာ အဆစ်ရောင် ရောဂါ – ခုခံအားကမောက်ကမဖြစ်လို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆစ်တွေကို ခုခံအားက မှားယွင်းပြီး တိုက်ခိုက်တဲ့ ရောဂါပါ။ နာတာရှည် ရောဂါဖြစ်ပြီး ဖြစ်လိုက် ပျောက်လိုက်နဲ့ သံသရာလည်တတ်ပါတယ်။
  • ဂေါက်ရောဂါ – ယူရစ်အက်စစ်တွေ အဆစ်မှာ စုပုံလာတဲ့အခါ ဖြစ်တတ်ပါတယ်။ ခြေမအပါအဝင် ဒူးမှာလည်း ဖြစ်တတ်ပါတယ်။
  • ဂေါက်နဲ့ တူသော ရောဂါ –  ဂေါက်နဲ့ ရောဂါလက္ခဏာ တူပေမယ့် ယူရစ်အက်စစ် မဟုတ်ဘဲ ကယ်လ်ဆီယမ်စုပုံတာပါ။
  • ပိုးဝင်၍ အဆစ်အမြစ်ရောင်ခြင်း – တစ်ခါတစ်လေ ဒူးဆစ်ကို အကြောင်းအမျိုးမျိုးကြောင့် ပိုးဝင်ပြီး နီတာ၊ ရောင်တာတွေ ဖြစ်လာပါတယ်။ ဖျားလည်း ဖျားပါတယ်။ ရှေ့ရက်တွေက အကောင်းပါ။ ဒီလို ပိုးဝင်ပြီး အဆစ်အဖြစ်ရောင်တာက အခြေအနေဆိုးတဲ့အတွက် ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

  • အသက်ကြီးလာတာနဲ့အမျှ အရိုးပါးပြီး ဒူးနာတာဖြစ်တတ်ပါတယ်။
  • အဝလွန်တာ – အဝလွန်တာနဲ့ အမျှ ဒူးဆစ်က အလေးချိန် ပိုထမ်းရပါတယ်။ ပုံမှန်အလုပ်လုပ်တာ၊ အထိုင်အထ၊ အတက်အဆင်ူလုပ်တာတောင် ဒူးနာနေမှာပါ။ အသက်လည်းကြီးတယ်၊ အဝလည်းလွန်တယ်ဆိုရင် ဒူးဆစ်ကြားက အရိုးနုတွေ  ပျက်စီးတာကြောင့် ပိုပြီး ဒူးနာမှာပါ။
  • ကြွက်သားတွေ တောင့်တင်းတာ – ကြွက်သားတွေ တောင့်တင်းတာကြောင့် ဒူးအကွေးအဆန့်လုပ်တဲ့နေရာမှာ နာတတ်ပါတယ်။
  • အားကစားသမားများနဲ့ အလုပ်သမားများ – တချို့သော အားကစားလုပ်တဲ့သူတွေက ဒူးဆစ်ကို အားပြုရပါတယ်။ ဥပမာ ဘတ်စကပ်ဘော ကစားတဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေ ဆိုရင် ဒူးဆစ်ကို အားပြုပြီး လုပ်ရတဲ့ အတွက် ဒူးနာနိုင်ချေ များပါတယ်။ ဆောက်လုပ်ရေးလုပ်သားတွေ၊ အလေးအပင် မ ရတဲ့ သူတွေမျာလည်း ဒူးနာနိုင်ချေ များပါတယ်။
  • အရင်က ဒူးမှာ ထိခိုက်ဒဏ်ရာရဖူးတယ်ဆိုရင် နောက်တစ်ခါ ထပ်ရနိုင်ချေ ရှိပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။

ဒူးနာတဲ့ နေရာနဲ့ ဘယ်လောက်ပြင်းထန်လဲ ဆိုတာကတော့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ လက္ခဏာတွေကတော့ ဒူးနာတာအပြင်

  • ရောင်ရမ်းတာ
  • တောင့်တင်းတာ
  • ထိလိုက်ရင် ပူတာ၊ နီရဲတာ
  • ဒူးဆစ်အားပျော့တာ
  • ဒူးဆစ်ကနေ တဂျွတ်ဂျွတ် အသံမြည်တာ
  • ဒူးဆန့်မရတာတွေ ဖြစ်တတ်ပါတယ်။

ကုသနည်းများ

ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး အမျိုးမျိုးကွဲသွားပါတယ်။ နည်းလမ်းတွေကတော့

  • သောက်ဆေးတွေ ပေးတာ
  • ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်တာ
  • ဒူးဆစ်ကြားထဲ ဆေးထိုးတာ
  •  ဒူးဆစ်အစားထိုးတာ အပါအဝင် တခြား ခွဲစိတ်နည်းတွေနဲ့ ခွဲတာ စတာတွေ ရှိပါတယ်။

ကာကွယ်နည်းများ

  • လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • အားကစားလုပ်တဲ့ အခါမှာလည်း အပြင်းအထန်မလုပ်မိဖို့၊ ထိခိုက်ဒဏ်ရာမရဖို့ သတိပြုပါ။
  • ကြွက်သားတွေ  သန်မာအောင် လေ့ကျင့်ပါ။ ကြွက်သားတွေ အားနည်းတာကလည်း ဒူးကို ထိခိုက်စေတဲ့အတွက် ကြွက်သားတွေ သန်မာအောင်၊ ပျော့လွယ် ပျောင်းလွယ်ရှိအောင် လေ့ကျင့်ပါ။
  • လူကြီးတွေ လမ်းလျှောက်တဲ့အခါမှာလည်း ချော်မလဲအောင် သတိထားပါ။ တုတ်ကောက်သုံးပါ။ ပြေပြစ်တဲ့ လမ်းမှာပဲ လျှောက်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement