brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လျှာအရသာ ဘာကြောင့် ပျက်ရသလဲ

ကျွန်ုပ်တို့ရဲ့ လျှာမှာ စားသုံးလိုက်တဲ့ အစားအစာတွေကို ချို၊ ချဉ်၊ ငံ၊ ခါး စသည်ဖြင့် အရသာခံပေးနိုင်တဲ့ taste buds လို့ခေါ်တဲ့ အဖုလေးတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့်လည်း စုံလင်လှတဲ့ အစားအစာတွေကို ခံစားပြီး အရသာရှိရှိစားသောက်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အရသာခံတဲ့ ဖြစ်စဉ်လေးတွေကို အနှောင့်အယှက်ပေးနိုင်တဲ့ အကြောင်းအရင်းလေးတွေ ရှိတာကြောင့် တစ်ခါတလေမှာ အရသာခံမရတာ၊ အရသာပြောင်းသွားတာမျိုးတွေ ခံစားရလေ့ရှိပါတယ်။ တချို့က ပါးစပ်ပျက်တယ် ဆိုပြီးလည်း ပြောလေ့ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဘယ်လိုအကြောင်းအရင်းတွေကြောင့် လျှာအရသာ ပျက်နိုင်လဲဆိုတာနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားချင်ပါတယ်။

လျှာအရသာ ဘာကြောင့် ပျက်ရသလဲ

၁။ ရောဂါပိုးဝင်ခြင်း

အသက်ရှူလမ်းကြောင်းထဲသို့ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုးဝင်ပြီး နေထိုင်မကောင်းဖြစ်တဲ့အခါ၊ တုပ်ကွေးဖြစ်တဲ့အခါတွေမှာ ဖျားနာ၊ နှာစေး၊ ကိုက်ခဲ၊ နှာရည်ယို၊ နှာပိတ်တာတွေအပြင် အရသာခံတဲ့ လုပ်ငန်းလည်း ထိခိုက်တာကြောင့် အရသာပျက်တာမျိုး ဖြစ်နိုင်ပါတယ်။

၂။ အာဟာရဓာတ်ချို့တဲ့ခြင်း

အချို့သော အာဟာရဓာတ်တွေ (ဥပမာ- ဗီတာမင် A, B6, B12 စတဲ့ ဗီတာမင်တွေနဲ့ Zinc ,copper စတဲ့ သတ္တုဓာတ်တွေ) က taste buds လေးတွေရဲ့ အရသာခံတဲ့ လုပ်ငန်းကို ပုံမှန်လေးလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် အဲဒီ အာဟာရာတွေချို့တဲ့ရင်လည်း အရသာပျက်နိုင်ပါတယ်။

၃။ အာရုံကြောထိခိုက်ပျက်စီးခြင်း

အရသာခံနိုင်ဖို့အတွက် ဦးနှောက်ကတစ်ဆင့် ပါးစပ်ဆီကို ဆက်သွယ်ထားပေးတဲ့ အာရုံကြောလေးတွေကလည်း အရေးပါပါတယ်။ ဒါ့ကြောင့် အဲဒီ အာရုံကြော nerve ကြောလေးတွေကို ထိခိုက်စေနိုင်တဲ့ နားပိုးဝင်ခြင်း၊ နားပတ်ဝန်းကျင် ခွဲစိတ်မှုပြုလုပ်ရခြင်း၊ သွားနဲ့ သွားဖုံးဆိုင်ရာ ပြုပြင်မှုများ ပြုလုပ်ခြင်း၊ ဦးခေါင်း ထိခိုက်မိခြင်း စတဲ့ အခြေအနေတွေမှာလည်း အရသာပြောင်းလဲနိုင်၊ အရသာ ပျက်နိုင်ပါတယ်။

၄။ ဆေးဝါးများ

ရောဂါတွေကြောင့် မဟုတ်ဘဲ အချို့သောဆေးဝါးတွေ သောက်သုံးနေမယ်ဆိုရင်လည်း အရသာခံစားမှု ပျက်နိုင်ပါတယ်။ ဥပမာ- ပိုးသတ်ဆေးများ၊ စိတ်ကျရောဂါ ကုသရန် အသုံးပြုသော ဆေးများ၊ ဓာတ်မတည့်ခြင်းအတွက် အသုံးပြုသော anti histamine ဆေးများ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆေးများ၊ ဆီးဆေးများ၊ ACEI လို့ခေါ်တဲ့ သွေးတိုးကျဆေး နဲ့ လည်ပင်းရှိ thyroid ဂလင်းအတွက် အသုံးပြုသော ဆေးများ။

၅။ ဆေးလိပ်သောက်ခြင်းကြောင့်

ဆေးလိပ်တွေမှာ nicotine အပြင် Carcinogen လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ alkaloids တွေ ပါဝင်တာကြောင့် အရသာခံစားမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်တစ်ခုအရ ဆေးလိပ်ဖြတ်ထားတဲ့သူတွေဟာ အချိန်တိုလေးအတွင်းမှာပဲ အရသာခံစားမှု တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာတာကိုလည်း တွေ့ရှိရတဲ့အတွက် ဆေးလိပ်ကို ရှောင်ကြဉ်သင့်၊ ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

၆။ အသက်ကြီးလာခြင်းကြောင့်

ဒါကတော့ ရှောင်လွှဲလို့မရတဲ့ သဘာ၀ အကြောင်းအရင်းတစ်ခုပါပဲ။ အသက် ၅၀ ပတ်ဝန်းကျင်ကို စရောက်လာတဲ့အခါ အရသာခံပေးတဲ့ Taste buds လေးတွေက စကျုံ့လာပြီး အရသာခံစားနိုင်စွမ်းတွေလည်း တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အစပိုင်းမှာတော့ အချိုနဲ့ အငံအရသာတွေ ခံစားနိုင်မှုက ပုံမှန်ထက်လျော့နည်းလာပြီး နောက်ပိုင်းမှာတော့ အချဉ်နဲ့ အခါးအရသာတွေကိုပါ ခံစားဖို့ ခက်ခဲလာနိုင်ပါတယ်။

ဒါ့အပြင် ကင်ဆာကုထုံးတွေနဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့်လည်း အရသာပျက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်လဲ။

ဦးခေါင်းထိခိုက်မိထားတာ၊ ပါးစပ်ပတ်ဝန်းကျင် ဒဏ်ရာရထားတာ၊ လေဖြတ်တာ၊ အာရုံကြောထိခိုက်မိထားတာ စတဲ့ပြင်းထန်တဲ့ အခြေအနေတွေ ရှိပြီး ရုတ်တရက် လျှာအရသာပျက်တာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ချက်ချင်းဆရာဝန်နဲ့ပြသသင့်ပါတယ်။

အရသာပျက်တာတာတွေ ဖြစ်လာပြီဆိုရင်တော့ အစားစားချင်စိတ်ကိုပါ သိသိသာသာ လျော့ကျစေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အသက်ကြီးလာတဲ့ သဘာဝဖြစ်စဉ်အရ ကျဆင်းလာတဲ့ အရသာခံစားနိုင်မှုကိုတော့ ပြုပြင်လို့မရပေမယ့် ကုသလို့ရတဲ့၊ ပြုပြင်လို့ရတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဒီလို အရသာပျက်စေနိုင်တဲ့ အချက်လေးတွေကို သိထားမယ်ဆိုရင် အများကြီးအထောက်အကူဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။