backup og meta

သွားတိုက်တဲ့အခါ မှားယွင်းစွာ လုပ်မိနေတဲ့အချက် (၅)ချက်

သွားတိုက်တဲ့အခါ မှားယွင်းစွာ လုပ်မိနေတဲ့အချက် (၅)ချက်

သွားနဲ့ ခံတွင်းကျန်းမာရေးဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ သွားတိုက်ခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အလှအပအတွက်သာမက ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြုံးလိုက်တဲ့အခါ ပုလဲလုံးလေးလို ဖြူဖွေးပြီး ညီညာနေတဲ့ သွားလေးတွေပေါ်တာတာကို ဘယ်သူမဆို လိုချင်ကြတာပါပဲ။

ကိုယ့်ရဲ့ သွားနဲ့ ခံတွင်းကို သေချာဂရုမစိုက်ဘဲ ပစ်ထားတဲ့အခါ ကြာလာရင် သွားတွေ အရောင်မှိန်ပြီး ဝါလာမယ်။ သွားတွေ ပျက်စီးလာမယ်။ အနံ့အသက်ဆိုးတွေ ထွက်လာမယ်။ သွားအပေါ်မှာ အဝါရောင်ကျောက်တွေ (သွားချေးတွေ) တက်လာမယ်။ သွားပိုးစားလာမယ်။ စားကြွင်းစားကျန်တွေကို သေချာသန့်ရှင်းမှု မရှိတဲ့အခါ အစာဟောင်းတွေကနေ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သွားတိုက်တဲ့အခါမှာ လူတွေ မှားယွင်းစွာ လုပ်နေကြတဲ့ အလွဲလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးမယ်နော်။

၁။ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း

သွားကို ကြမ်းကြမ်းတိုက်မှ သွားအပေါ်က ချေးတွေ သန့်စင်နိုင်မယ်လို့ ယူဆတဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ တကယ်တော့ တော်တော်လေးကို မှားယွင်းတဲ့ ကိစ္စပါပဲ။ သွားပွတ်တံနဲ့ ကြမ်းကြမ်းတမ်းတမ်း တိုက်လိုက်တဲ့အခါမှာ သွားဖုံးကိုပါ ပွန်းပဲ့ထိခိုက်စေနိုင်ပြီး သွားရဲ့ အပေါ်ယံကြွေသွားလွှာကို ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါမှာ သွားပွတ်တံ အမွေးအပျော့စားလေးနဲ့ ဖြည်းညင်းစွာ ပွတ်တိုက်ပေးပါ။

၂။ ကိုယ်နဲ့ မကိုက်ညီတဲ့ သွားပွတ်တံကို အသုံးပြုခြင်း

မှန်ကန်တဲ့ သွားပွတ်တံကို အသုံးပြုတဲ့အခါမှာ သွားပေါ်မှာ ကျန်နေတဲ့ သွားချေးတွေကို ကောင်းစွာ သန့်ရှင်းပေးနိုင်တဲ့အပြင် သွားပွတ်တံအမျှင်လေးတွေက သွားကြားထဲမှာရှိတဲ့ စားကြွင်းစားကျန်တွေကိုပါ ဖယ်ထုတ်ပေးနိုင်တာကြောင့် သွားပိုးပေါက်တွေ မဖြစ်စေရန် ကာကွယ်ပေးပါတယ်။ အမွေးအမျှင်က မာလွန်းတဲ့ သွားပွတ်တံတွေ၊ သုံးတာ ကြာပြီး အမွေးဖွာလန်နေတဲ့ သွားပွတ်တံတွေ၊ ကိုယ့်ရဲ့ သွားဖုံးနဲ့ မကိုက်ညီတဲ့ သွားပွတ်တံေတွ သုံးတဲ့အခါ ခံတွင်းကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းပါဘူး။

အကောင်းဆုံးကတော့ သွားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်နဲ့ လိုက်ဖက်ညီမယ့် သွားပွတ်တံအမျိုးအစားကို သေချာရွေးဝယ်သင့်ပါတယ်။ သွားပွတ်တံကို အသုံးပြုတာ ကြာနေပြီဆိုရင်လည်း ပုံမှန်လဲပေးဖို့ လိုအပ်ပါတယ်။

၃။ သွားတိုက်တဲ့ ပုံစံမှားယွင်းခြင်း

မှန်ကန်တဲ့ သွားတိုက်တံကို ရွေးချယ်ပြီးရင် သွားတိုက်ပုံမှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ တစ်နေ့ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားမှန်မှန်တိုက်ပေးရမယ်။ အပေါ်၊ အောက်၊ အရှေ့၊ အနောက် သေချာတိုက်ပေးရပါမယ်။ ကြာရင်ပြီးရော ဆိုတာထက် ၂မိနစ်လောက် သွားကို မှန်ကန်တဲ့ ပုံစံနဲ့ တိုက်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ သွားတိုက်တဲ့အခါမှာလည်း လျှာကို သွားပွတ်တံနဲ့ ခြစ်ပြီး တိုက်ပေးဖို့ မမေ့ရပါဘူး။

၄။ အစာစားပြီးပြီးချင်း သွားတိုက်ခြင်း

အစာစားပြီးတာပဲ ဖြစ်ဖြစ်၊ အရည်တစ်ခုခု သောက်လိုက်တာပဲဖြစ်ဖြစ် အနည်းဆုံး နာရီဝက်လောက် ခြားပြီးမှ သွားတိုက်သင့်ပါတယ်။ အထူးသဖြင့် အချဉ်ဓါတ်များတဲ့ အစားအစာတွေ၊ ဖျော်ရည်တွေမှာ အပေါ်ယံ ကြွေသွားလွှာကို ပျော့သွားစေတဲ့ သကြားဓါတ်တွေ ပါဝင်နေပါတယ်။ ဒီတော့ အစာစားပြီးပြီးချင်း သွားတိုက်လိုက်တဲ့အခါ အပေါ်ယံ ကြွေသွားလွှာကို ပျက်စီးသွားစေပြီး သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက်လည်း အဆင်မပြေစေပါဘူး။

၅။ သွားတိုက်ပြီးတဲ့အခါ သွားပွတ်ကြိုးအသုံးမပြုခြင်း

သွားပွတ်တံရဲ့ အမွေးအမျှင်တွေဟာ သွားရဲ့ အတွင်းထဲမှာရှိတဲ့ စားကြွင်းစားကျန်တွေထိ မရောက်နိုင်တဲ့အခါ သွားပွတ်ကြိုးကို အသုံးပြုဖို့ လိုအပ်ပါတယ်။ စားကြွင်းစားကျန်တွေဟာ ဘက်တီးရီးယားပိုးတွေကို ပေါက်ဖွားစေပြီး သွားကို ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့် သွားပွတ်ကြိုးကို သေချာအသုံးပြုတဲ့အခါ သွားကြားထဲမှာ ကပ်ငြိနေတဲ့ အစာဟောင်းတွေကို ဖယ်ရှားပစ်နိုင်ပြီး သွားကို လုံးဝသန့်ရှင်းသွားစေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Brushing Your Teeth Wrong –https://www.self.com/story/ways-brushing-your-teeth-wrong (Feb 18, 2019)

Things You Are Doing Wrong With Brushing Teeth –https://denverwynkoopdentist.com/2018/02/13/five-things-you-might-be-doing-wrong/ (Feb 18, 2019)

ယခုပုံစံ

03/10/2022

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားချေးတွေ တာ့တာ

အံဆုံးသွားနှုတ်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ



Ye Myo Myat မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement