backup og meta

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ

    သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်မဟုတ်လား။ ကြည့်ရဆိုးရဲ့နော်။ ခုဆောင်းပါးမှာတော့ သွားဝါတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာပါ။

    ဒီနေရာမှာ သိထားသင့်တာက ခြုံငုံပြီးသွားဝါတယ်လို့ ခေါ်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ သွားအရောင်ပြောင်းလဲတာကိုဆိုလိုတာဖြစ်ပြီး သွားဟာ အဝါ၊ အညို၊ အမည်း၊ မီးခိုး၊ ပန်းရောင်နဲ့ fluoride လွန်ကဲပြီး ဖြူလွန်းနေတာမျိုးတွေ ပါဝင်ပါတယ်။

    ဘာလို့ သွားဝါတာလဲ

    သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • နီကိုတင်းဓာတ် – ဆေးလိပ်-ဆေးပေါ့လိပ်-ဖက်ကြမ်း-စီးကရက်စတာတွေ သောက်သုံးတာ၊ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာ စတာတွေအားလုံးက သွားရဲ့မူလအရောင်ကို ပြောင်းလဲစေပါတယ်။ ဒီအရာတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဆေးရွက်ကြီးထဲက နီကိုတင်းဓာတ်ကြောင့်ပါ။
    • အစားအစာ – ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နီ၊ ကိုလာ၊ ဘလက်ဘယ်ရီနဲ့ ဘလူးဘယ်ရီတွေကလည်း သွားကိုဝါစေနိုင်ပါတယ်။ ဝါစေရုံတင်မကပါဘူး။ ညိုတာ၊ မည်းတာနဲ့ အဝါစက်တွေထစေတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။
    • သွားချေးတွေ မပြောင်စင်တာ – သွားကို ပုံမှန်နဲ့ စနစ်တကမတိုက်တဲ့အခါမှာ သွားမှာ သွားချေးတွေ စုပုံလာပြီး သွားအရောင်ဟာလည်း ဝါကျင်ကျင်အရောင်ကို ပြောင်းလဲသွားတတ်ပါတယ်။
    • သွားမခိုင်တာ – သွားမခိုင်တော့ပဲ ယိုယွင်းလာရင်လည်း သွားတွေဝါလာနိုင်ပါတယ်။
    • Fluorosis – Fluoride က သွားကို ကာကွယ်ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသုံးပြုတာ အရမ်းများသွားရင်လည်း သွားကို ဝါကျင်ကျင်ဖြစ်သွားစေတတ်တဲ့ dental fluorosis ဖြစ်စေတတ်တာမို့ သတိထားသုံးစွဲဖို့ လိုအပ်ပါတယ်။
    • Enamel hypoplasia – Enamel hypoplasia ဟာ သွားရဲ့ အပေါ်ယံကြွေထည်လွှာ ချိုတဲ့တဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ဒီလိုကြွေလွှာချို့တဲ့တာကြောင့် သွားဟာ ကြည်လင်တောက်ပြောင်မှုမရှိတော့ပဲ အရောင်ပြောင်းသွားတတ်ပါတယ်။
    • Root Canal – သွားရဲ့အမြစ်တွေဆီ ဘက်တီးရီးယားပိုးဝင်ပြီး ပြင်းထန်စွာနာကျင်တဲ့ရောဂါကို Root Canal လို့ ခေါ်ပါတယ်။ ဒီရောဂါကြောင့်လည်း သွားအရောင်ပြောင်းတာ၊ ဝါတာတွေဖြစ်ပါတယ်။
    • စိတ်ဒဏ်ရာ – စိတ်ဝေဒနာတွေနဲ့ ခံတွင်းပြဿနာတွေ အမြဲဆက်စပ်နေတတ်ပါတယ်။ သွားအရောင်ပြောင်းလဲတာဟာ စိတ်ဒဏ်ရာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ စိတ်ဒဏ်ရာတွေကြောင့် စိတ်ဖိစီးမှုများနေသူတွေဟာ သွားတွေ သိသိသာသာညိုလာတတ်ပါတယ်။
    • သွားပြင်ထားဖူးတာကြောင့် – သွားကို သတ္တု၊ ငွေစတာတွေနဲ့ကွပ်တာ၊ အပေါက်ဖာတာ၊ အရောင်ချွတ်တာနဲ့ အကာတပ်တာတွေကို အရင်ကလုပ်ထားဖူးပြီး သွားသန့်စင်မှုပုံမှန်ပြန်မလုပ်တာကြောင်လည်း သင့်သွားတွေ ဝါကျင်ကျင်ဖြစ်လာနိုင်ပါတယ်။
    • အသုံးပြုနေတဲ့ ဆေးဝါးတွေကြောင့် – နေ့စဉ်ကျန်းမာရေးအတွက် မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ သက်ရောက်မှုကြောင်လည်း သွားတွေ ဝါနိုင်ပါတယ်။

      Chlorhexidine mouth wash – ခံတွင်းသန့်ဆေးတွေကို အလွန်အကျွံသုံးစွဲတာကလည်း သွားကို ဝါစေနိုင်ပါတယ်။

    • Celiac disease – ဂလူတန်ဓာတ်မတည့် အူလမ်းကြောင်းရောဂါ (Celiac disease) ဆိုတာဟာ ဂျုံ ၊ ဘာလီ စသော အစားအသောက်တို့တွင် ပါဝင်သော ပရိုတင်းတမျိုးဖြစ်တဲ့ ဂလူတန် (Gluten) နဲ့ မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါသည်တွေဟာ သွားဝါကျင်တာကိုလည်း ခံစားရပါတယ်။
    • အိုမင်းရင့်ရော်လာတာကြောင့် – အသက်ကြီးလာတာကြောင့်လည်း သွားဝါကျင်တာမျိုးဖြစ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ အရက်သေစာသောက်စားခဲ့တာနဲ့ သွားဝါစေမယ့် အစားအစားတွေကို နှစ်ကာလရှည်ကြာ မှီဝဲခဲ့တာတွေကြောင့်ပါ။
    • မျိုးရိုးလိုက်တာ – သွားဝါတာက မျိုးရိုးလိုက်ပါတယ်။ သွားဝါတဲ့အခါမှာ ဒီအချက်ကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။

    သွားမဝါအောင် ဘယ်လိုကာကွယ်မလဲ

    သွားဝါခြင်းဟာ ကာကွယ်လို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီးတော့ ကုသနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

    အရင်ဆုံးအနေနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ သွားဝါခြင်းကို ကာကွယ်ချင်တယ်ဆိုရင်တော့

    သွားကျန်းမာရေးကို ဂရုစိုက်ပါ၊

  • ကိုယ့်သွားရဲ့ အရောင်က ဘယ်လိုအခြေအနေရှိနေလဲဆိုတာကို သွားတိုက်ပြီးချိန်တိုင်းမှာ ဆန်းစစ်ပါ၊
  • တစ်နေ့ ၂ ကြိမ်သွားပုံမှန်တိုက်ပါ၊ စနစ်တကျတိုက်ဖို့လည်း လိုအပ်ပါတယ်၊
  • သွားကြားက သွားချေးတွေကို ပုံမှန်ဖယ်ရှားပါ၊
  • ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်သေစာ ရှောင်ကျဉ်ပါ၊
  • ကယ်လ်ဆီယံဓာတ်များများပါဝင်တဲ့ အစားအစာတွေကို စားပါ၊
  • သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေ၊ ကာဘိုဟိုက်ဒြိတ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ၊
  • ၆ လ တစ်ကြိမ် သွားကျန်းမာရေးကို စစ်ဆေးပါ။
  • သွားဝါကျင်တာကို ကုစားနိုင်မယ့်နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ကိုယ့်ရဲ့သွားက ဝါကျင်နေတယ်လို့ သတိထားမိလာပြီဆိုရင် အရင်ဆုံး အောက်ပါနည်းလမ်းတွေကို အသုံးချကြည့်ပါ။

    • သွားပုံမှန် တိုက်လား၊ မတိုက်လား ဆန်းစစ်ပြီး သွားကို စနစ်တကျနဲ့ တနေ့ ၂ ကြိမ်တိုက်ပေးပါ၊
    • သွားကြားက သွားချေးတွေကို နေ့စဉ် သန့်ရှင်းပေးပါ၊
    • သကြားဓာတ်များတဲ့ အစားအစာတွေ၊ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ မှီဝဲနေမှုကို ရပ်တန့်ပါ၊
    • အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းယာမှီဝဲမှုကို ရပ်တန့်ပါ၊
    • သွားဆေးခန်းကို အလျှင်အမြန်ပြသစစ်ဆေးကုသပါ၊
    • ဆရာဝန်လမ်းညွှန်ချက်နဲ့ ဆေးဝါးမှီဝဲပါ။

    အထက်ပါနည်းလမ်းတွေကတော့ သွားဝါခြင်း၊ အရောင်ပြောင်းလဲခြင်းကို ကုစားရာမှာ အသုံးတည့်စေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement