backup og meta

လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

    အမျိုးသားတိုင်းဟာ လိင်တံကြီး စေတဲ့ Pump စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေ အားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ အားလုံးက တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာရော သေချာသိကြပါသလား။

    လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

    ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားတိုင်း သူတို့လိင်တံကို ပိုကြီးစေချင်ကြပါတယ်။

    “ ကမ္ဘာပေါ်မှာ သူ့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက် ပိုပြီး မရှည်လာစေချင်တဲ့ အမျိုးသားတစ်ယောက်မှ ရှိမယ် မထင်ပါဘူး ” လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဟားဗတ် ဆေးကျောင်းမှ ဆီးလမ်းကြောင်းခွဲစိတ်မှုဆိုင်ရာ ပါမောက္ခဖြစ်သူ မိုက်ကယ် အို လိရီ (Michael O’Leary) ကဆိုပါတယ်။

    ဟိုးရှေးကတည်းက ရှိလာခဲ့ကြတဲ့ အလုပ်မဖြစ်တဲ့ လိင်တံကြီး စေနိုင်တဲ့ နည်းလမ်းတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိပေမယ့် တကယ်တမ်း လိင်တံကြီးစေဖို့ သင့်အနေနဲ့ လုပ်လို့ရနိုင်တာ သိပ်မရှိပါဘူး။

    အခုလို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ လိင်တံကြီးဆေးတောင့်၊ လိင်တံကြီး လိမ်းဆေး၊ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေ၊ လိင်တံကြီးစေတဲ့ ကိရိယာတွေ၊ ခွဲစိတ်မှုတွေ အများအပြားကို လူတိုင်း သိနေကြပေမယ့် ဒီပစ္စည်းတွေ အားလုံး နီးပါးက တကယ် အလုပ်မဖြစ်ပါဘူး။

    တကယ့်မှန်ကန်တဲ့ နည်းလမ်းတွေတောင် လိင်တံကို အနည်းငယ်သာကြီးလာစေပြီး ဘေးထွက်ဆိုးကျိုး တွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေက တစ်ခါတရံ ထောင်မတ်မှု ပြဿနာ ED (erectile dysfunction) အထိပါ ဖြစ်စေနိုင်ပါတယ်။

    “ ကျွန်တော်ပြောတာ ယုံပါ။ ကျွန်တော်သာ လိင်တံကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ကြီးစေနိုင်တဲ့ နည်းသိနေရင် ကျွန်တော် ဘီလီယံနာ ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော် ဒီနည်းကို မသိဘူး။ ဘယ်သူမှလည်း မသိကြပါဘူး ” လို့ မိုက်ကယ် အိုလိရီ ကဆိုပါတယ်။

    သို့ပေမယ့် လိင်တံ အရမ်းကြီးချင်တဲ့ အမျိုးသားတွေကတော့ သူတို့ ခန္ဓာဗေဒရဲ့ အရေးကြီးဆုံး အင်္ဂါအပေါ် တကယ်ကြမ်းတမ်းတဲ့ကုသမှုတွေ လုပ်နေကြတုန်းပါပဲ။

    လိင်တံ တစ်ခုက ဘယ်လောက် အတိုင်းတာလောက်ဆို သေးတယ်လို့ ပြောလို့ရမလဲ။

    သင့်လိင်တံဟာ သာမန်ထက် အနည်းငယ်သေးနေတယ်လို့ ထင်နေပါသလား။ ဒါဆို သင်ထင်နေတာ မှားပါတယ်။

    ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ လိင်တံတစ်ခုက ၅ လက်မကနေ ၆ လက်မ အထိသာ ရှည်ပြီး လုံးပတ်ကတော့ ၄ လက်မက နေ ၅ လက်မ အထိရှိပါတယ်။ ပျော့ခွေနေတဲ့ အချိန်တိုင်းတာရင်တော့ လိင်တံဆိုဒ်က အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။ အပြာရုပ်ရှင်ထဲကဟာတွေကိုတော့ မေ့ထားလိုက်ပါ။ ဒီမှာ ပြောချင်တာ လူအများစုမှာ တွေ့ရတတ်တာကိုပါ။

    ဒါပေမဲ့ တချို့သော အမျိုးသားတွေကတော့ ဒီအတိုင်းအတာထက် တကယ်ကြီးကို သေးနေတာ မျိုးလည်း ရှိပါတယ်။ ဒါကို micropenis လို့ခေါ်ပြီး မျိုးရိုးဗီဇနဲ့ ဟော်မုန်းပြဿနာ တို့ကြောင့် ဒီ micropenis ဖြစ်ရတာပါ။ Micropenis တွေဟာ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ အချိန်မှာတောင် ၃ လက်မ ခန့်သာရှိပါတယ်။

    တစ်ခါတစ်ရံမှာတော့ Peyronie’s disease လို့ခေါ်တဲ့ အမာရွတ်တစ်ရှူးတွေက အချပ်တွေလို လိင်တံအောက်မှာ ရှိနေလို့ လိင်တံကောက်တဲ့ ရောဂါတွေနဲ့ ဆီးကျိတ် ကင်ဆာ (သုက်ရည် ဂလင်း) တို့ကြောင့် အမျိုးသားတစ်ယောက်ရဲ့ လိင်တံက သေးသွားနိုင်ပါတယ်။

    ဘာလို့ ကိုယ့်ကိုကိုယ် လိင်တံသေးတယ်လို့ ထင်ကြတာလဲ။

    လေ့လာချက်တွေ အရ လိင်တံကြီးနည်း လိုက်လံရှာဖွေနေကြတဲ့ အမျိုးသားအများစုရဲ့ လိင်တံဟာ သာမန် အရွယ်အစားအတိုင်း တင်းပြည့်ကျပ်ပြည့် ဖြစ်ကြပါတယ်။ သူတို့ဟာ သူတို့ လိင်တံသေးနေတယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။

    ဘာကြောင့် အမျိုးသားတွေ သူတို့ လိင်တံ သေးတယ်လို့ပဲ ထင်နေကြတာလဲ။ ဒီမေးခွန်းရဲ့ အဖြေတစ်စိတ်တစ်ပိုင်းကတော့ ရှုထောင့်ကြောင့်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လိင်တံရဲ့ အရွယ်အစားကို တိုင်းတာရတာဟာ ငုံ့ပြီး တိုင်းတာရတာဖြစ်တဲ့အတွက် ကြည့်တဲ့အခါ ရှုထောင့်ပြောင်းသွားစေပါတယ်။

    ဒီနေရာမှာ စိတ်ပညာကလည်း စကားပြောပါတယ်။ သာမန် လိင်တံရှိနေတဲ့ အမျိုးသားအများစုဟာ သူတို့လိင်တံ အရမ်းသေးနေတယ်လို့ မြင်နေရခြင်းဟာ စိတ်ရောဂါနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလို လိင်တံသေးနေတဲ့လို့ ထင်နေကြတဲ့ အမျိုးသားတွေမှာ အတွေ့ရများတဲ့ စိတ်ရောဂါကတော့ Penile dysmorphic disorder (PDD) လို့ခေါ်တဲ့ လိင်တံရဲ့ ချို့ယွင်းချက်အပေါ် အလွန်အကျွံ စိတ်ပူပန်နေတဲ့ ရောဂါ ဖြစ်ပါတယ်။

    ဒီရောဂါမျိုးဟာ ကိုယ်က ဘယ်လောက်ပိန်ပိန် ဝနေတယ်လို့ တွေးပူတတ်ကြတဲ့ လူတွေမှာ ဖြစ်ပွားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလိုမျိုး ဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ လိင်တံကြီးမားစေရန် ခွဲစိတ်ကြတဲ့ အမျိုးသားအများစုမှာ PDD စိတ်ဝေဒနာရှိကြပြီး ခွဲစိတ်ပြီးရင်လည်း ရလာဒ်အပေါ် သိပ်မကျေနပ်ကြပါဘူး။

    လိင်တံကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

    • ကိုယ်အလေးချိန် ချပါ။

    ကြီးမားတဲ့လိင်တံတစ်ခု ရှိနေတယ်လို့ ခံစားရအောင် လုပ်နိုင်တဲ့ အန္တရာယ်ကင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါက ကိုယ်အလေးချိန်လျှော့ခြင်းပါပဲ။

    “ ကိုယ့်လိင်တံ အရမ်းသေးနေတယ်လို့ ထင်ကြတဲ့ လူအများစုဟာ အဝလွန်နေသူတွေ ဖြစ်ကြပါတယ်။ ” လို့ ကယ်လီဖိုးနီးယား ပြည်နယ် Beverly Hills မြို့မှ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန်နဲ့ Secrets of the Sexually Satisfied Woman စာအုပ်ကို ရေးသားခဲ့သူ ဂျနီဖာ ဘာမန်း (Jennifer Berman) ကဆိုပါတယ်။

    ဝိတ်လျှော့လိုက်ရင် ဗိုက်အဆီတွေအောက်မှာ မြုပ်နေတဲ့ လိင်တံကို ပိုပေါ်လာစေနိုင်တဲ့ အတွက် လိင်တံကို ပိုကြီးလာစေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လိင်တံကြီးသွားတာတော့ မဟုတ်ပါဘူး။

    အစားနည်းနည်း လျှော့စားမယ့်အစား ခွဲစိတ်မှုကိုသာ လုပ်ချင်ပါတယ်ဆိုတဲ့ အမျိုးသားတွေအတွက်တော့ liposuction လို့ခေါ်တဲ့ လိင်တံတစ်ဝိုက်က အဆီတွေကို စုပ်ထုတ်နည်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ ရေရှည်ခံမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်က အစားမလျှော့စားဘဲ အရင်လို စားမြဲစားနေမယ်ဆိုရင်တော့ လိင်တံက ဗိုက်အဆီအောက်မှာ ထပ်မြုပ်နေဦးမှာပါပဲ။

    • လေဟာနယ်ဖြစ်စေရန် လေစုပ်သည့်ပန့် (vacuum pump)။

    ပြောင်းဆွဲတယ်လို့ ခေါ်ကြပါတယ်။ သင်က လိင်တံကို ကိရိယာထဲ ထည့်ပြီး ညှစ်လိုက်တဲ့အခါ လိင်တံထဲကို သွေးတွေ စီးဝင်လာတာကြောင့် လိင်တံကို အနည်းငယ်ပိုကြီးတဲ့ ပုံစံနဲ့ ထောင်မတ်လာပါတယ်။

    ပြီးရင်တော့ သွေးတွေ ခန္ဓာကိုယ်ထဲ ပြန်မဝင်သွားဖို့ လိင်တံစွပ်ကွင်းနဲ့ လိင်တံအခြေကို စွပ်ထားရပါတယ်။ လိင်တံထောင်မတ်ဖို့ ခက်တဲ့သူတွေက တစ်ပွဲတိုးအနေနဲ့ သုံးကြပါတယ်။

    အားနည်းချက်ကတော့ ဒါက ခဏပဲ ခံမှာပါ။ အတူနေတဲ့အချိန်ခဏလောက်ပါပဲ။ ကြာကြာဝတ်ထားပြန်ရင်လည်း လိင်တံတစ်ရှူးတွေ ပျက်စီးတတ်ပါတယ်။

    • အလေးများနဲ့ ဆွဲဆန့်ခြင်း။

    လိင်တံက ကြွက်သားမဟုတ်တဲ့အတွက် အလေးမလို့လည်း ကြွက်သားတက်သလို ကြီးလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လိင်တံ ပျော့နေတဲ့ အချိန် အလေးနဲ့ ဆွဲထားတာဟာ လိင်တံကို အနည်းငယ်ပိုရှည်လာသလို ထင်ရစေပါတယ်။

    အားနည်းချက်ကတော့ အခန့်မသင့်ရင် တစ်ရှူးတွေ စုတ်ပြဲ၊ သွေးကြောတွေ ပေါက်ပြဲပြီး လိင်တံမှာ ထိခိုက်ဒဏ်ရာရစေတာပဲ ဖြစ်ပါတယ်။

    • လိင်တံကြီးဆေး၊ အာဟာရ၊ ဆီပါလိမ်းဆေးနဲ့ ခရင်မ်တွေ။

    ဒါတွေ အားလုံးတစ်ခုမှ အလုပ်မဖြစ်ပါဘူး။ “ ကျွန်မအနေနဲ့ ဒီပစ္စည်းတွေ အားလုံးက လုံးဝ အဓိပ္ပာယ်မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ” လို့ ဂျနီဖာ ဘာမန်း (Jennifer Berman) က ဆိုပါတယ်။

    ဆီတွေလိမ်းပြီး ကြီးလာတယ်ဆိုတာက လက်ပူတိုက်သလိုဖြစ်တာကြောင့်ရယ်၊ ဆေးက ပူတာကြောင့်ရယ်ကြောင့် သွေးကြောတွေ ခဏကျယ်ပြီး လိင်တံထဲကို သွေးစီးဆင်းမှု များတာကြောင့် ကြီးလာတယ်လို့ ထင်ရတာပဲ ဖြစ်ပါတယ်။ ဆေးတွေဆိုရင်လည်း ဒီလိုပါပဲ။ အမျိုးသားတွေကြား နာမည်ကြီးတဲ့ Viagraကလည်း သွေးကြောတွေကို ကျယ်စေတဲ့ နည်းလမ်းကိုပဲ သုံးထားတာ ဖြစ်ပါတယ်။ အခန့်မသင့်ရင် သွေးပေါင်တွေကျပြီး သတိလစ်တာတောင် ဖြစ်နိုင်ပါသေးတယ်။

    • လိင်တံကြီးစေတဲ့ ခွဲစိတ်မှုများ။

    ဒါဆိုရင် ခွဲစိတ်ရင်ရော တကယ်ကြီးလာနိုင်လားလို့ သင့်ရဲ့ စိတ်ထဲ မေးချင်နေပါလိမ့်မယ်။ ယေဘုယျ အားဖြင့် အခြေခံကျတဲ့ လိင်တံကြီး စေရန် ခွဲစိတ်မှု (၂) မျိုး ရှိပါတယ်။

    လိင်တံ ပိုရှည်လာစေတဲ့ ခွဲစိတ်မှု။

    လိင်တံနဲ့ တင်ပါးဆုံရိုးကို ဆက်သွယ်ပေးထားတဲ့ အရွတ်တွေကို ဖြတ်လိုက်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒီလို ဖြတ်ထုတ်လိုက်တဲ့ အခါမှာ လိင်တံက တစ်လက်မနီးပါးလောက် အနည်းငယ်ပိုရှည်လာနိုင်ပါတယ်။

    ဒါပေမဲ့ ဒါဟာ လိင်တံကို တကယ်ပိုရှည်လာစေတာ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ လိင်တံအလျား အနည်းငယ်ကို အပြင်ထုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

    လိင်တံကို အလေးချိန်ထပ် ဖြည့်ခြင်း။

    ကိုယ့်ရဲ့ လိင်တံလုံးပတ်က သေးနေတယ်လို့ ထင်နေကြတဲ့ အမျိုးသားတွေ အနေနဲ့ ပြုလုပ်လေ့ရှိကြတဲ့ အငြင်းပွားဖွယ် ခွဲစိတ်မှုတစ်ခုကတော့ ခန္ဓာကိုယ်ထဲက အဆီတွေ၊ သွေးရည်ကြည်တွေကို လိင်တံထဲ ဖြည့်တင်းပေးတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။

    ဒီနည်းလမ်းတွေက လိင်တံကို တကယ်ပဲ ကြီးစေမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကြီးသွားတဲ့သူလည်း ရှိနိုင်သလို ဒုံရင်းက ဒုံရင်းပဲ ဆိုသူလည်း ရှိပါတယ်။

    ဒါတွေက ခွဲစိတ်မှုတွေဖြစ်တဲ့အတွက် ခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကုန်ကျစရိတ်တွေ၊ တကယ် ရှည်လာမှာလား ဆိုတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုမှာပါ။ နောက်ပြီး ကိုယ်လုပ်မယ့် ဆေးရုံဆေးခန်းတွေရဲ့ အကြောင်းကိုပါ စုံစမ်းထားဖို့ လိုပါလိမ့်မယ်။

    ကာလသားအချင်းချင်း လက်တည့်စမ်းကြတဲ့ ဂေါ်လီထည့်တာနဲ့ ဆီလီကွန်ထည့်တာတို့ကိုတော့ မလုပ်ဖို့ ထပ်ပြီး သတိပေးပါရစေ။ ပုံပျက်နေတဲ့ လိင်တံ ဒါမှမဟုတ် ငုတ်စိလေးပဲ ကျန်ခဲ့ဖို့ တော်တော်ရာခိုင်နှုန်းများပါတယ်။ ဒါတွေက လိင်မှုခံစားချက်ကိုလည်း မကောင်းစေပါဘူး။

    လိင်တံကြီးနည်းလမ်းတွေက တကယ်အလုပ်ဖြစ်ရဲ့လား။

    တကယ်တမ်းကျတော့ လိင်တံအရွယ်အစားထက် အဖော်နဲ့ ဘယ်လိုနေသလဲဆိုတာကသာ အရေးကြီးတာပါ။ လိင်တံအရွယ်အစား ကြီးပေမယ့် မိမိအဖော်နဲ့ အိပ်ရာပေါ်မှာ အပေးအယူမျှမျှ မနေတတ်ဘူး။ သူ့အကြိုက်ကို မသိဘူးဆိုရင် ပြီးပြည့်စုံတဲ့ လိင်မှုဘဝရမှာ မဟုတ်ပါဘူး။
    ဒါကြောင့် လိင်တံရဲ့ အရွယ်အစားကို မကျေမနပ်ဖြစ်ပြီး ပြုပြင်ပြောင်းလဲချင်စိတ်တွေကို လျှော့လိုက်ပါ။ ဒါတွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement