backup og meta

ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 18/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်

    Mite လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အဲ့ဒီနောက်မှာ အထဲကနေ အရေပြားဆဲလ်တွေကို ဖြည်းဖြည်းချင်းစားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတာနဲ့ ဝဲခြောက် ယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အရေပြား ထိတွေ့မိတဲ့အခါ ဝဲခြောက်ယားနာ ကူးစက်ခံရနိုင်ပါတယ်။

    ဝဲခြောက် သည် ခန္ဓာကိုယ်ရဲ့ နေရာမရွေးပေါက်နိုင်ပြီး အမျိုးသားတွေမှာတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း၊ ပိုးရှိသူရဲ့ အရေပြား၊ အဝတ်အစားနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက်တွေဟာ သေးငယ်ပြီး အပေါ်ကို အနည်းငယ် ချွန်တက်နေတဲ့ ဝက်ခြံကဲ့သို့ ပုံစံရှိပါတယ်။ လိင်တံအပြင် ကပ္ပာယ်အိတ်၊ ပေါင်ခြံ၊ တင်ပါးအထိပါ ပြန့်သွားနိုင်ပါတယ်။ ကပ်ပါးပိုးတွေ ကိုယ့်အရေပြားထဲ ဝင်သွားပြီးနောက် ၄ ပတ်မှ ၆ ပတ်အတွင်း ဝဲခြောက်အင်ပျဉ်ကွက်တွေ ထလာပါတယ်။

    အဓိက အတွေ့များတဲ့ ရောဂါလက္ခဏာကတော့ ပြင်းပြင်းထန်ထန် ယားယံတာပါ။ အကြောင်းရင်းက ကပ်ပါးပိုးကောင်တွေဟာ အရေပြားအတွင်းထဲမှာ မျိုးပွားပြီးနောက် ဥတွေက အရေပြားအတွင်းထဲ မြှုပ်ထားတာကြောင့်ပါ။ ဒီဥလေးတွေကြောင့် အရေပြားမှာ ဝဲခြောက်ဖုလေးတွေ ထွက်လာရခြင်း ဖြစ်ပါတယ်။ ဥ ကနေ ပေါက်လာတဲ့ အကောင်တွေက အရေပြားတွင်း တွားသွားတဲ့အခါ အဖြူရောင် မျဉ်းကြောင်းလေးတွေ ပေါ်လာပါတယ်။ ယားယံလေ၊ လူက ပိုကုတ်လေ၊ ကုတ်တဲ့နေရာမှာ အနာဖြစ်ပြီး ပိုးဝင်ကာ ထပ်ယားတာကြောင့် အဆုံးမသတ်နိုင်အောင် ယားယံပြီး လူကို နေရထိုင်ရခက်စေပါတယ်။

    ဝဲခြောက် ဘယ်လိုကူးလဲ။

    လိင်တံမှာ ပေါက်တဲ့ ဝဲခြောက် ယားနာတွေသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနဲ့ အရေပြား တိုက်ရိုက်ထိတွေ့ခြင်းကနေ ကူးစက်ပါတယ်။ ဆက်ဆံဖော် တစ်ဦးထက် ပိုတာ၊ ကပ်ပါးပိုး တွယ်နေတဲ့ အဝတ်အစား၊ အိပ်ရာခင်းတွေနဲ့ ထိတွေ့ရာကနေလည်း ကူးစက်ပါတယ်။ တိရစ္ဆာန်ကနေ လူကို ကူးစက်တာမျိုးတော့ မရှိပါဘူး။ လူ လူ ချင်းသာ ကူးစက်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကြောင့် ဝဲခြောက်ပေါက်တာမျိုး မဟုတ်ပေမဲ့ နဂို ဝဲခြောက်ရှိနေတယ်ဆိုရင်တော့ ယားယံခြင်းကို ပိုဆိုးသွားစေနိုင်ပါတယ်။

    ဘယ်လိုကုသလို့ ရမလဲ။

    ဝဲခြောက်သည် ပြင်းထန်တဲ့ အရေပြားပြဿနာအဖြစ် သတ်မှတ်လို့ ရတဲ့အတွက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဆရာဝန်အနေနဲ့ လိင်အင်္ဂါပတ်လည်နဲ့ ပေါက်နေတဲ့ အဖုတွေကို သေချာစစ်ဆေးပြီးနောက် အရေပြားနမူနာကို ဓာတ်ခွဲခန်းပို့ကာ ဝဲခြောက် ဟုတ်မဟုတ် အတည်ပြုစစ်ဆေးမှာပါ။

    ဝဲခြောက် ယားနာအတွက် ယားယံခြင်းကို သက်သာစေမယ့် လိမ်းဆေးအဆီ၊ ကျားလိင်အင်္ဂါ လိမ်းဖို့အတွက် သီးသန့် ဝဲပျောက်ဆေး (သောက်ဆေး၊ လိမ်းဆေး) ကို ဆရာဝန်က ညွှန်းပေးမှာဖြစ်ပါတယ်။

    ဆေးအညွန်းအတိုင်း နေ့စဉ် ပုံမှန်လိမ်းဖို့ လိုအပ်သလို တစ်နေ့ကို ရေသေချာချိုးပေးဖို့၊ သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဖို့ အရေးကြီးပါတယ်။

    ဝဲပေါက်နေတဲ့ လူနာ ဝတ်ထားတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ တဘက်၊ အိပ်ရာခင်းတွေကို ရေပူပူထဲမှာ အနည်းဆုံး ၁၀ မိနစ်ကြာအောင် ဆေးပြီးမှ ပိုးသတ် အဝတ်လျှော် ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပါ။

    တခြားမိသားစုတွေရဲ့ အဝတ်နဲ့ ရောပြီး မထားပါနဲ့။ အသုံးမပြုပါနဲ့။ ကပ်ပါးပိုးကောင်တွေဟာ အရေပြားကနေ ထွက်ကျပြီး ကြမ်းပြင်မှာ ၇၂ နာရီထိ အသက်ရှင်နိုင်တဲ့အတွက် အိမ်ပတ်ဝန်းကျင်၊ ကြမ်းပြင်ကို ရေပူနဲ့ အစွန်းချွတ်ဆေးရောပြီး တိုက်ဆေးလို့ ရပါတယ်။

    ဝဲခြောက်ယားနာသည် သေချာကုသမယ်ဆို ပျောက်ကင်းဖို့လည်း လွယ်သလို အချိန်သိပ်မကြာပါဘူး။ ကုသနေစဉ် ဝဲခြောက်တွေကို လက်နဲ့ မကုတ်မိဖို့၊ အနာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားဖို့ အရေးကြီးပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 18/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement