backup og meta

Mask ကြောင့် ထွက်တဲ့ ဝက်ခြံ ဘယ်လိုဖြေရှင်းရပါ့မလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Mask ကြောင့် ထွက်တဲ့ ဝက်ခြံ ဘယ်လိုဖြေရှင်းရပါ့မလဲ

    အခုလို အချိန်မှာ Covid-19 ကူးစက်မှုအန္တရာယ်ကို ကာကွယ်ဖို့ အတွက် အပြင်ထွက်တိုင်း Mask (နှာခေါင်းစည်း) တွေကို တပ်လာကြပါတယ်။ ဒီလို တပ်ရတဲ့အခါ အဖြစ်များလာတဲ့ အလှအပရေးရာ ပြဿနာ တစ်ခုက ဝက်ခြံ ထွက်တာ ပါပဲ။

    ဘာလို့ ဝက်ခြံ ထွက်ရလဲ

    (၁) Mask တပ်တဲ့အခါ မျက်နှာမှာ ပုံမှန်ထက် ချွေးပိုထွက်တယ်။

    အပြင်သွားရင်း ခဏခဏ ချွေးမသုတ်နိုင်ဘဲ လှောင်ပိတ်နေရပါတယ်။ ရှူထုတ်လိုက်တဲ့ လေငွေ့နဲ့ Mask ထဲမှာ စိုထိုင်းမှုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဖြစ်လာအောင် ပံ့ပိုးပေးနိုင်တာပေါ့။

    (၂) မျက်နှာ အသားအရေ မှာ Mask နဲ့ ထိတွေ့မှု၊ ပွတ်တိုက်မှု အမြဲရှိနေတယ်။

    မျက်နှာဆိုတာ လက်နဲ့တောင် မကြာခဏ မထိ၊ မကိုင်သင့်တဲ့ အသားအရေ ဧရိယာပါ။ နုနယ်တယ်၊ ပိုးဝင်လွယ်တယ်၊ ထိခိုက်လွယ်ပါတယ်။ ဒီလိုနေရာမှာ ချွေးတွေနဲ့ Mask ကို တစ်ချိန်လုံး ထိတွေ့ထားရတာ ဝက်ခြံ ဖြစ်နိုင်ခြေ များလှပါတယ်။

    (၃) Mask ကို အသစ် မလဲဘူး။

    သုံးပြီးသား Mask ကို အခါခါ ပြန်သုံးမနေသင့်ပါဘူး။ တစ်ခါသုံး Mask တွေဆို တစ်နေ့ နှစ်ကြိမ်လောက် လဲပေးသင့်ပါတယ်။ ချွေးတွေနဲ့ Mask ကို အိမ်မှာ ခဏ ချိတ်ထားလိုက်ပြီး အပြင်ထွက်တော့ ပြန်တပ်သွားတာမျိုးက ဝက်ခြံထက် ရောဂါအန္တရာယ် ကို ပိုစိတ်ပူရပါတယ်။ အဝတ် Mask ဆိုရင်တောင် လျှော်ပြီးသား တစ်ခုနဲ့ အသစ်လဲသုံးပါ။

    (၄) Mask ကို မေးစေ့မှာ တပ်တာ၊ အောက်ချ ထားတာတွေ လုပ်တတ်တယ်။

    မေးစေ့အောက် အရေပြားမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေက ချွေးနဲ့အတူ ကပ်ငြိနေတတ်ပါတယ်။ ဒီလိုနေရာကိုမှ Mask ကို ဆွဲချကပ်ထားပြီး မျက်နှာမှာ ပြန်ဖုံးအုပ်တဲ့အခါ ဝက်ခြံတွေက ပျော်မြူးလို့တောင် နေပါလိမ့်ဦးမယ်နော်။

    ရောက်လေရာမှာ Mask ကို ချွတ်ပြီး ဘေးချထားတတ်တာ၊ လက်ထဲမှာ ဆုပ်ကိုင်ထားတတ်တာလည်း ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ချလိုက်တဲ့နေရာက သို့မဟုတ် ကိုယ့်ရဲ့လက်က ရှိသမျှ ပိုးမွှားတွေ Mask မှာ အကုန်ကပ်ပါသွားပါရောလား။

    ဘယ်လို ကာကွယ်၊ ဖြေရှင်းရမလဲ

    အခြေခံကာကွယ်မှု အနေနဲ့ Mask က တပ်နေရမှာပဲ ဆိုတော့ ဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ဖို့၊ ဖြစ်လာခဲ့ရင် ဖြေရှင်းဖို့ပဲ ရှိပါတယ်။ Mask ကြောင့် ဝက်ခြံမဖြစ်ချင်ရင် –

    Mask ကို ပုံမှန် အသစ်လဲပါ

    အပေါ်မှာ ပြောခဲ့သလိုပဲ။ တစ်ခါသုံး Mask ပဲ ဖြစ်ဖြစ်၊ အဝတ် Mask ပဲ ဖြစ်ဖြစ် ဒီတစ်ခုတည်း ကိုပဲ ကြာကြာ သုံးလို့ မရပါဘူး။ Mask တစ်ခုကို အများဆုံး ၈ နာရီပဲ အသုံးပြုသင့်ပါတယ်။ ချွေးတွေ သိပ်ရွှဲနေရင် အသစ်တစ်ခု လဲပါ။

    တစ်ခါသုံး Mask ကို အခါခါ ပြန်မသုံးပါနဲ့

    တစ်ခါသုံးအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ Mask ကို သိမ်းထားလိုက်၊ အပြင်သွားရင် ပြန်ထုတ်တပ်လိုက် မလုပ်သင့်ပါဘူးနော်။ တစ်ခါသုံး သုံးလွှာ Mask တွေဟာ ပြန်လျှော်ပြီး သုံးလို့ရတဲ့ အမျိုးအစားတွေ မဟုတ်ပါဘူး။

    လျှော်လိုက်ရင်လည်း အလယ်က အကာအကွယ်အလွှာ ပျက်စီးသွားနိုင်မှာ နဲ့ သိပ်တော့ မထူးတော့ပါဘူး။ ရောဂါပိုးကူးစက်မှု နဲ့ ပတ်သက်ရင်လည်း ဒီလိုလုပ်တာ သိပ်အန္တရာယ်များပါတယ်။ အဝတ် Mask ဆိုရင်တောင် နေ့တိုင်း ပြန်လျှော်ပြီး လဲသုံးပါ။

    မျက်နှာကို သန့်စင်ပါ

    Mask မတပ်ခင် မျက်နှာကို သန့်စင်အောင် အရင်လုပ်ပါ။ အစတည်းက မသန့်စင်ထားတဲ့ မျက်နှာ အသားအရေ မှာ Mask တပ်ပြီး လှောင်ပိတ်ထားတဲ့အခါ ပိုးမွေးသလို ဖြစ်စေနိုင်လို့ပါပဲ။

    မိတ်ကပ်တွေ မလိမ်းပါနဲ့

    မျက်နှာမှာ မိတ်ကပ်ကြောင့် ချွေးပေါက် ပိတ်ဆို့ပြီး Mask အောက်မှာ ဘက်တီးရီးယားတွေ ပိုဖြစ်စေနိုင်ပါတယ်။ မျက်နှာ အသားအရေ ယားယံတာ၊ ဝက်ခြံထွက်တာတွေ ပိုဆိုးစေနိုင်ပါတယ်။

    Moisturizer သုံးပါ

    ဝက်ခြံ ကာကွယ်၊ ကုသနိုင်တဲ့ Moisturizer (အစိုဓာတ်ထိန်းခရင်မ်)တွေကို မဖြစ်မနေ သုံးပေးပါ။ မျက်နှာ အသားအရေ မှာ အစိုဓာတ် ထိန်းနိုင်ဖို့ Moisturizer သုံးတာက အသားအရေထိန်းသိမ်းမှု မှာ မပါမဖြစ် အဆင့်တစ်ခု ဖြစ်ပါတယ်။

    Mask ချွတ်တာနဲ့ မျက်နှာသန့်စင်၊ ဆဲလ်သေ ဖယ်ရှားပါ

    လေဝင်လေထွက် မကောင်းတဲ့ အနေအထားနဲ့ တစ်နေကုန် နေခဲ့ရတဲ့ မျက်နှာ အသားအရေမှာ အဆီ၊ ဆဲလ်သေတွေနဲ့ တခြား အညစ်အကြေးတွေ ကပ်ငြိနေမှာပါပဲ။ ဒါ့ကြောင့် အိမ်ပြန်ရောက်တာ နဲ့ ခန္ဓာကိုယ် သန့်စင်ပြီး မျက်နှာ ကိုပါ သေချာ သန့်စင်ပါ။

    ပြီးရင်တော့ Toner နဲ့ Moisturizer ပြန်သုံးပေးပါ။ လိုအပ်ရင် ညဘက် မျက်နှာ ပေါင်းတင်ပါ၊ Sheet Mask ကပ်ပြီး အားဖြည့်ပေးနိုင်ပါတယ်။

    ဝက်ခြံ ကုသပါ

    လိုအပ်လာရင် ဝက်ခြံပျောက်စေတဲ့ ဆေးလေးတွေ လိမ်းပေး၊ တို့ပေးနိုင်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement