ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ဆိုတာ အမျိုးသားလိင်အင်္ဂါ ဝှေးစေ့အတွင်းသို့ ဘက်တီးရီးယားပိုး သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဝင်ရောက်လာပြီးနောက် ရောင်ရမ်းလာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဝှေးစေ့ ၁လုံး ဒါမှမဟုတ် ၂လုံးလုံးကို တစ်ပြိုင်နက်ထဲ ကူးစက်နိုင်ပေမယ့် ရောဂါလက္ခဏာကတော့ တစ်ဘက်ထဲက ပြတာများပါတယ်။
ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
အဓိက အတွေ့များတဲ့ လက္ခဏာကတော့ ဝှေးစေ့က နီရဲပြီး ရောင်နေတာ၊ အထဲက အောင့်သလို ခံစားရတာ၊ ပေါင်ခြံက နာကျင်နေတာတွေပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာအနေနဲ့
- ကပ္ပာယ်အိတ်ကို ထိကိုင်လိုက်ရင် ပုံမှန်ထက်ပျော့နေတာ
- ဆီးသွားစဉ်၊ သုက်လွှတ်စဉ် အလွန်နာကျင်တာ
- သုက်ရည်ထဲ သွေးပါလာတာ
- ပုံမှန်မဟုတ်တဲ့ အရည်တွေ လိင်တံထိပ်ဝကနေ စိမ့်ထွက်လာတာ
- ဆီးကျိတ်ကြီးလာတာ
- ပေါင်ခြံမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်လာတာ
- အဖျားတက်တာတွေကို တွေ့ရနိုင်ပါတယ်။
ဝှေးစေ့ ရောင်ရမ်းခြင်း ဖြစ်ရတဲ့ အကြောင်းရင်းတွေ
ဗိုင်းရပ်စ်ပိုးကြောင့်သာမက ဘက်တီးရီးယားပိုးဝင်ပြီး ကူးစက်ခံရတာကြောင့် အဓိကဖြစ်ပါတယ်။
ကလေးတွေမှာ ဖြစ်တတ်တဲ့ ပါးချိတ်ရောင်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရမှုဟာ အတွေ့အများဆုံးဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဒီဗိုင်းရပ်စ်ပိုးကို ကူးစက်ခံရတတ်ပါတယ်။ ကူးစက်ခံရပြီးနောက် ၄ရက်မှ ၁၀ရက်အတွင်း တံတွေးဂလင်းတွေ ရောင်လာပြီးမှ နောက်ဆက်တွဲအနေနဲ့ ဝှေးစေ့ရောင်လာပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့ အခါမှာလည်း ဝှေးစေ့ရောင်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTI) နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ ဂနိုဆီးပူညောင်းကျရောဂါ၊ ခလက်မီးဒီးယား၊ ဝှေးစေ့ပေါ်မှာ ဖုံးအုပ်နေတဲ့ တစ်ရှူးရောင်ရမ်းခြင်းမှတစ်ဆင့် ဘက်တီးရီးယားပိုးတွေဟာ ဝှေးစေ့ကို ရောက်သွားတဲ့အခါမှာ ရောင်ရမ်းခြင်းဖြစ်စဉ် စတင်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ။
ယောက်ျားလေးတွေမှာ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း၊ အရင်တုန်းက လိင်မှတစ်ဆင့် ကူးစက်ရောဂါတစ်မျိုးမျိုး ကူးစက်ခံခဲ့ရခြင်း၊ လိင်ဆက်ဆံဖော်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာရှိခြင်း၊ ကိုယ့်ရဲ့ ဆီးလမ်းကြောင်းက ပုံမှန်အနေအထားမဟုတ်ခြင်း၊ ဆီးအိမ်၊ ဆီးပို့ပြွန်ရဲ့ တည်ဆောက်ပုံမှာ ပြဿနာရှိနေတဲ့သူတွေမှာ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။
ရောဂါစစ်ဆေးကုသခြင်း လုပ်ငန်းစဉ်
ဝှေးစေ့ရောင်ရမ်းတဲ့ လက္ခဏာတွေ့ရပြီဆိုတာနဲ့ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်တာဖြစ်စေ ဆီးလမ်းကြောင်းအထူးကုဆရာဝန်နဲ့ သေချာသွားပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါလက္ခဏာတွေ မေးမြန်းပြီး ရောင်နေတဲ့ ဝှေးစေ့ရဲ့ အခြေအနေကို အရင်ဆုံးလေ့လာမှာ ဖြစ်ပါတယ်။ ပြီးမှသာ ဆီးကျိတ်ရောင်ခြမ်းရှိမရှိကို စအိုဝအတွင်း လက်ညှိုးထည့်ပြီး စမ်းသပ်ခြင်း၊ ဆီးစစ်ခြင်း၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာကို စစ်ဆေးမှာဖြစ်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်နေတယ်ဆိုရင် အာထရာဆောင်းရိုက်ပြီး ဝှေးစေ့နဲ့ထိစပ်နေတဲ့ သုက်ပို့ပြွန်လိမ်နေလားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ဝှေးစေ့ရောင်ရမ်းခြင်းအတွက် ကုစရာဆေးမရှိပေမယ့် ရောဂါလက္ခဏာက သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အရောင်ကျဖို့အတွက် ရေခဲအုံတာ၊ အကိုက်အခဲပျောက်ဆေးသောက်တာ၊ အတွင်းခံအကျပ်ဝတ်တာ၊ အိပ်နေစဉ်၊ လဲနေစဉ် ဝှေးစေ့က အောက်ကနေ ပင့်ပေးထားတာ သို့မဟုတ် အဝတ်တစ်ခုခု ခံပေးထားတာမျိုး လုပ်ပေးနိုင်ပါတယ်။
ဘက်တီးရီးယားပိုးကြောင့် ဝှေးစေ့ရောင်ရမ်းတာဆိုရင်တော့ အရောင်ကျစေတဲ့ ဆေး၊ ပဋိဇီဝပိုးသတ်ဆေးတွေကို လိုအပ်တဲ့ အချိုးအစားအတိုင်း ဆရာဝန်ကိုယ်တိုင် ဆေးညွှန်းပေးမှာဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ ဝှေးစေ့ရောင်တာ သက်သာပျောက်ကင်းသွားဖို့ ရက်သတ္တပတ် အနည်းငယ်ကြာနိုင်ပါတယ်။
ဆေးကုသနေချိန်အတွင်းမှာ အတူနေတာ၊ အလေးအပင်မတာကို ရှောင်ဖို့ လိုပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့် ဝှေးစေ့ရောင်တာဆိုရင်တော့ ဆက်ဆံဖော်ကလည်း ဆေးကုဖို့ လိုပါတယ်။
နောက်ဆက်တွဲပြဿနာများ
ဝှေးစေ့ရောင်တာကို ခံစားရတဲ့ အမျိုးသားအများစုက နောက်ဆက်တွဲ မရှိဘဲ သက်သာသွားကြတာ များပါတယ်။ ဝှေးစေ့ရောင်တာကြောင့် မျိုးမအောင်နိုင်တာကလည်း အင်မတန်ရှားပါတယ်။ တခြားနောက်ဆက်တွဲပြဿနာတွေအနေနဲ့
- သုက်ပို့ပြွန် နာတာရှည်ရောင်ရမ်းတာ
- ကပ္ပာယ်အိတ်ထဲမှာ ပြည်တည်တာ
- ပိုးဝင်တဲ့ ဝှေးစေ့ သေးသွားတာ
- ဝှေးစေ့တစ်ရှူးပုပ်တာတွေ ဖြစ်တတ်ပါတယ်။
ဝှေးစေ့ရောင်ရမ်းခြင်းကို ဘယ်လိုကာကွယ်မလဲ။
တချို့ကိစ္စတွေကတော့ ကာကွယ်လို့ မရပါဘူး။ ဥပမာ မွေးရာပါ ဆီးလမ်းကြောင်းပြဿနာတွေ ရှိနေတာမျိုးပေါ့။ တချို့ကိစ္စတွေကတော့ ကာကွယ်လို့ ရပါတယ်။ ဥပမာ ပါးချိတ်ရောင်တာကြောင့် ဝှေးစေ့မရောင်ချင်ဘူးဆိုရင် ကလေးကို MMR ကာကွယ်ဆေးထိုးထားပေးပါ။
လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်ဖို့ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်နည်းပါစေ။
ဝှေးစေ့ရောင်ခြင်းဟာ အရမ်းကြီးစိုးရိမ်စရာမလိုပေမယ့် အမျိုးသားတွေအတွက် နေရခက်စေနိုင်လောက်တဲ့ ပြဿနာဖြစ်သလို စောစောကုရင်လည်း ပျောက်ဖို့လွယ်နိုင်ပါတယ်။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-bmi]