backup og meta

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

WHO အဆိုအရတော့ အစားအသောက်တွေမှာပါတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေ၊ ဓာတုပစ္စည်းတွေကြောင့် ရောဂါပေါင်း ၂၀၀လောက် ဖြစ်နိုင်ပါတယ်တဲ့။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဆိုတာ နဂိုအစားအသောက်မှာ ပါလာတဲ့ ပိုးတွေ အပြင် အစားအသောက်ထုတ်လုပ်ချိန်ကစလို့ နောက်ဆုံးစားသောက်တဲ့အချိန်အထိ ကြားထဲက အဆင့်တွေမှာ ပိုးတွေပါလာတာကို ဆိုလိုပါတယ်။ ဒီရောဂါတွေက သင်ထင်တာထက် ပိုများသလို ပိုလည်းဆိုးပါတယ်။

ဥပမာ ပြောရရင် စစချင်း အစားအသောက်တွေကို ရတဲ့ မြေထု၊ ရေထုကစလို့ အစားအသောက်ကို သိုလှောင်သိမ်းဆည်းပုံမမှန်လို့၊ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှု အားနည်းလို့ ပိုးတွေပါလာနိုင်ပါတယ်။ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က ဝမ်းပျက်ဝမ်းလျှောအပါအဝင် ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း လက္ခဏာတွေ မဟုတ်ဘဲ အာရုံကြောစနစ်၊ မျိုးပွားစနစ်နဲ့ ခုခံအားကို ထိခိုက်တာမျိုးလည်း ရှိပါတယ်။

အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောကတော့ တိုးတက်ဆဲနိုင်ငံတွေမှာ ကျန်းမာရေးဝန်ထုပ်ဝန်ပိုးဖြစ်လောက်တဲ့အထိ အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ က အဖြစ်များပါတယ်။

အဖြစ်များတဲ့ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က ဘာတွေလဲ

ဘက်တီးရီးယားကနေ ကူးစက်တဲ့ ရောဂါများ

Bacillus cereusလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး ကျက်အောင် မချက်ထားတဲ့ အသားတွေကနေ ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ထမင်းကြမ်းတွေကို ပြန်ကြော်တဲ့အခါ အပူရှိန်ပြင်းပြင်းနဲ့ သေချာမချက်ဘူးဆိုရင် ဖြစ်တတ်ပါတယ်။ စားပြီး ၁၀နာရီကနေ ၁၆နာရီလောက်ကြာရင် လက္ခဏာပြတတ်ပါတယ်။ ဝမ်းလျှောတာ၊ ဗိုက်ရစ်တာ၊ ပျို့တာ ဖြစ်တတ်ပါတယ်။

  • Campylobacteriosis အစာအဆိပ်သင့်ခြင်း

Campylobacter jejuni လို့ ခေါါတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး ကျက်အောင် မချက်ထားတဲ့ အသားတွေ၊ အသားစိမ်းတွေ၊ ပိုးပါတဲ့ နို့တွေ၊ ရေတွေကနေ ကူးစက်တတ်ပါတယ်။ ပိုးဝင်ပြီး ၂ရက်ကနေ  ၅ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။ ဖျားတာ၊ ဗိုက်ရစ်ပြီး အန်တာ၊ ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ ဝမ်းထဲ သွေးပါတတ်ပါတယ်။

  • Botulism အစာအဆိပ်သင့်ခြင်း

ကြာရှည်ခံအောင် ထုတ်လုပ်ထားတဲ့ ဆီသွပ်ဘူး (ဥပမာ ငါးသေတ္တာဘူး)တွေကနေ အဓိက ကူးစက်ပါတယ်။ ၁၂နာရီကနေ ၇၂နာရီအတွင်း လက္ခဏာ ပြတတ်ပြီး ပျို့အန််တာ၊ အမြင်တွေဝါးလာတာ၊ ကြွက်သားတွေ အားပျော့လာတာ၊ အစာမျိုရခက်တာ ဖြစ်နိုင်ပါတယ်။ သိပ်ပြင်းထန်တဲ့ အခြေအနေဆိုရင် အသက်ရှူစနစ်ထိခိုက်ပြီး အသက်အန္တရာယ်ရှိပါတယ်။

အစာနဲ့ ရေမှာ လူ့မစင်တွေ ပါနေလို့ ကူးစက်တာပါ။ မြင်ရလောက်တဲ့ ပမာဏ မဟုတ်ပေမယ့် အိမ်သာတက်ပြီး လက်ကို သေချာမဆေးဘဲ အစားအစာတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ ပိုးတွေပါသွားပါတယ်။ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာပြီး ဝမ်းလျှောတယ်ဆိုရင် ဒါကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် Traveller diarrhea လို့ခေါ်ကြပါတယ်။

E. coli O157:H7 အမျိုးအစားကတော့ ကျက်အောင် မချက်ထားတဲ့ အသားတွေ၊ ပိုးမသတ်ထားတဲ့ နို့တွေ၊ အသိးအရွက်အစိမ်းတွေ (ဥပမာ ပဲပင်ပေါက်)ကို သေချာစင်ကြယ်အောင် မဆေးဘဲစားရာက ကူးစက်ပါတယ်။ ပိုပြင်းထန်တဲ့ အမျိုးအစားဖြစ်ပြီး ဝမ်းတွေ တရစပ်သွားတာ၊ အန်တာ၊ ဗိုက်အောင့်တာ ဖြစ်တတ်ပါတယ်။ ၄နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က ထင်ထားတာထက် ပိုဆိုးတယ်လို့ဆိုရတာ ဖြစ်ပါတယ်။

  • Listeriosis အစာအဆိပ်သင့်ခြင်း

နို့ လို အစားအသောက်ကတစ်ဆင့် ကူးစက်တာများပါတယ်။ သာမန်လူတွေကတော့ ဖျားတာ၊ ကိုယ်လက်ကိုက်တာ၊ ပျို့တာ၊ ဝမ်းသွားတာလောက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေက တုပ်ကွေးလိုလက္ခဏာ ခံစားရပါတယ်။ ဒါပေမယ့် ဗိုက်ထဲက ကလေးစောမွေးတာ၊ အသေမွေးတာ ဖြစ်တတ်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ခုခံအားမကောင်းတဲ့ သူတွေမှာဆိုရင် သွေးထဲထိ ပိုးတွေ ပြန့်တာ၊ ဦးနှောက်အမြှေးပါးရောင်တာတွေ ဖြစ်တတ်ပါတယ်။

ကြက်ဥတွေ၊ အသားတွေ၊ နို့တွေနဲ့ အသီးအရွက်တွေမှာ တွေ့ရပါတယ်။ ဖျားတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်ရစ်တာတွေ ဖြစ်တတ်ပါတယ်။ ကြက်တွေရဲ့ အူလမးကြောင်းမှာ အများကြီးတွေ့ရပြီး ပိုးကူးမခံရအောင် ပိုးသတ်ဆေးတွေ အစာထဲထည့်ကျွေးတာကြောင့် ဆေးယဉ်ပါး ဖြစ်တတ်ပါတယ်။

မသန့်စင်တဲ့ ရေတွေ၊ ပိုးရှိတဲ့သူ ကိုင်တွယ်ထားတဲ့အစားအစာတွေကို အပူရှိန်ပြင်းပြင်းပေးပြီး မချက်ပြုတ်တဲ့အခါ ဖြစ်တတ်ပါတယ်။ ဝမ်းကိုက်ပြီး ဝမ်းထဲမှာ သွေးတွေ၊ အချွဲတွေ ပါတတ်ပါတယ်။

  • Staphylococcal အစာအဆိပ်သင့်ခြင်း

ဒါကလည်း အဖြစ်များတဲ့ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ အထဲက တစ်ခုပါ။ အသားတွေကို သေသေချာချာ မသိမ်းဆည်းတဲ့အခါ (ဥပမာ ရေခဲသေတ္တာထဲမှာ သင့်တော်တဲ့ အပူချိန်နဲ့ မသိမ်းဆည်းတဲ့အခါ) ပိုးတွေ ပေါက်လာတတ်ပါတယ်။ ပြင်းပြင်းထန်ထန် ပျို့အန်တတ်ပါတယ်။ ဖျားတာနဲ့ ဝမ်းလျှောတာလည်း ရှိနိုင်ပါတယ်။

အသားတွေနဲ့ ပင်လယ်စာတွေကို ကျက်အောင် မချက်ရာက ကူးစက်တတ်ပါတယ်။ အန်တာ၊ ဆန်ဆေးရည်ကို ဝမ်းဖြူဖြူကျဲကျဲတွေ သွားတာ၊ သွေးထဲကိုပိုးတွေ ရောက်ကုန်တာ၊ ကိုယ်မှာ အနာတွေ ပေါက်လာတာ စတာတွေ  ဖြစ်တတ်ပါတယ်။ ရေဓာတ်အလွန်အကျွံဆုံးရှုံးတာကြောင့် အသက်အန္တရာယ်ရှိပါတယ်။ အသည်းမကောင်းတဲ့သူတွေ၊ ခုခံအားကျနေတဲ့သူတွေ ပိုခံရပါတယ်။

ဗိုင်းရပ်စ်ကနေ ကူးစက်တဲ့ ရောဂါများ

Norovirusesကြောင့် အဖြစ်များပါတယ်။ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ ကျက်အောင်မချက်ထားတဲ့ အစားအသောက်တွေကနေ ကူးစက်တတ်ပါတယ်။ လူကြီးတွေမှာ ဝမ်းလျှောတာ များပါတယ်။ ကလေးတွေမှာ အန်တာ ပိုဖြစ်ပါတယ်။

  • အသည်းရောင် အသားဝါအေ

ရေစိမ်းတွေ၊ ကျက်အောင်မချက်ထားတဲ့ အစားအစာတွေကနေ ကူးစက်တတ်ပါတယ်။ တခြားအသည်းရောင် ရောဂါတွေလိုပဲ အသားတွေဝါပြီး ဆီးအရောင်ရင့်တတ်ပါတယ်။ တုပ်ကွေးလို လက္ခဏာလည်း ပြတတ်ပါတယ်။

ကပ်ပါးပိုးကနေ ကူးစက်တဲ့ ရောဂါများ

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ မှာ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကလည်း အဓိကပါဝင်ပါတယ်။

ဒါလည်း မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ ကျက်အောင် မချက်ထားတဲ့ အသားတွေကနေ သန်လုံးကောင်တို့၊ သန်ပြားကောင်တို့ ကူးစက်တတ်ပါတယ်။ ဘာလက္ခဏာမှ သေသေချာချာ မပြဘဲ ကိုယ်ထဲမှာ နှစ်တွေ အကြာကြီးနေနိုင်ပါတယ်။ နောက်ပိုင်းမှ ဗိုက်ဖောင်းတာ၊ သန်ထိုးတာ၊ သွေးအားနည်းတာ၊ အသားတွေ ယားတာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ၆လတစ်ကြိမ် ပုံမှန်သန်ချဖို့ လိုပါတယ်။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

  • လက်နဲ့ ချက်ပြုတ်တဲ့ နေရာကို သန့်ရှင်းအောင်ထားပါ။

-အအစားအသောက်ကနေ ကပ်ပါလာတဲ့ ရောဂါပိုးတွေက မီးဖိုချောင် နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။

-အစားအစာ မချက်ခင်၊ ချက်နေတုန်း၊ ချက်ပြီးနဲ့ မစားခင်မှာ လက်ကို သေချာဆေးပါ။

-အသားစိမ်း ငါးစိမ်း ခုတ်ထစ်တဲ့ ဓားတွေ၊ စဉ့်တီတုံးတွေ၊ မျက်နှာပြင်တွေကို ရေနွေးနဲ့ ဆပ်ပြာသုံးပြီးဆေးပါ။

-အသီးအရွက်တွေကို ရေနိုင်နိုင်ဆေးပါ။

  • သီးခြားခွဲထားပါ။

-အသားစိမ်းတွေ၊ ငါးတွေ၊ ဥတွေနဲ့ ဒီတိုင်းစားလို့ရတဲ့ သစ်သီးတွေကြားမှာ ပိုးကူးတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ကို ခွဲထားရပါမယ်။

-အသားသက်သက်၊ အသီးအရွက်သက်သက် လှီးဖို့ စဉ့်တီတုံးတွေ ခွဲထားရပါမယ်။

-စျေးခြင်းထဲမှာလည်း အသားစိမ်းတွေနဲ့ အသီးအရွက်တွေကို တစ်အိတ်တည်းပေါင်းမထည့်ပါနဲ့။ ခွဲပြီး ထည့်ပါ။

-ရေခဲသေတ္တာထဲမှာ သိမ်းရင်လည်း သီးသန့်ခွဲပြီး သိမ်းဆည်းပါ။

  • သင့်တော်တဲ့ အပူချိန်နဲ့ ချက်ပြုတ်ပါ။

-အစားအစာတွေကို ကျက်အောင် မချက်ဘူးဆိုရင် အထဲက ပိုးတွေ မသေဘဲ အစာအဆိပ်သင့်စေပါလိမ့်မယ်။ ဥပမာ

-အသာတုံးတွေဆိုရင်  (အမဲသား၊ ဝက်သား) ၁၄၅ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ချက်ရပါမယ်။ ကြိတ်ထားတယ်ဆိုရင် ၁၆၀ ၁၄၅ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ချက်ပေးပါ။

-ကြက်သားတို့ မနေ့ကကျန်တာကို ဒီနေ့ ပြန်စားမယ်ဆိုရင် ၁၆၅ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ ချက်ရပါမယ်။

-ငါးဆိုရင်တော့ ၁၄၅ ဒီဂရီဖာရင်ဟိုက်လောက် အပူပေးရပါမယ်။

  • သင့်တော်တဲ့ ရေခဲသေတ္တာအပူချိန်မှာ သိမ်းပါ။

-ရေခဲသေတ္တာအပူချိန်ကို ၄၀ ဒီဂရီဖာရင်အောက်မှာ ချိန်ထားပါ။ သိမ်းထားတဲ့ အစားအစာတွေ မလတ်ရင် ဆက်မထားပါနဲ့။ လွှင့်ပစ်လိုက်ပါ။

-ပုပ်သိုးလွယ်တဲ့အရာတွေကို မစားဖြစ်သေးဘူးဆိုရင် ၂နာရီအတွင်း ရေခဲသေတ္တာထဲ သိမ်းပါ။ အပြင်မှာ ပူလွန်းရင် ၁နာရီအတွင်း သိမ်းပါ။

-အေးခဲထားတဲ့ အသားတွေကို ပြန်ပျော်ချင်တယ်ဆိုရင် ရေခဲသေတ္တာသိပ်မအေးတဲ့ အကန့်မှာထားပါ။ ဒါမှမဟုတ် ရေအေး၊ မိုက်ခရိုဝေ့ထဲ ထည့်ပြီး ဖျော်ပါ။ အပြင်မှာ ဒီတိုင်းထားတာက ပိုးတွေကိုပါ မြန်မြန်ပေါက်စေပါတယ်။

Takeaways

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ .. အစာအဆိပ်သင့်တာတွေက အဖြစ်များပါတယ်။ ဝယ်ယူတဲ့ အစားအစာကစပြီး ချက်ပြုတ်ပြင်ဆင်တာအလယ် နောက်ဆုံးစားတာအထိ သန့်သန့်ရှင်းရှင်း လုပ်သွားမယ်၊ ကျက်အောင်ချက်စားမယ်ဆိုရင် ပိုးကူးစက်မှုကို လျှော့ချနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/foodsafety/keep-food-safe.html

https://www.fda.gov/food/consumers/what-you-need-know-about-foodborne-illnesses

https://www.who.int/health-topics/foodborne-diseases#tab=tab_1

https://www.cdc.gov/foodsafety/foodborne-germs.html

https://www.cdc.gov/parasites/food.html

ယခုပုံစံ

24/08/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအဆိပ်သင့်မှုကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

အစာအဆိပ်သင့်ခြင်း အကြောင်း



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement