backup og meta

ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ဆောင်ရန်၊ ရှောင်ရန်များ


Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ဆောင်ရန်၊ ရှောင်ရန်များ

    လူတိုင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ဖူးကြမှာပါ။ ပုံမှန်အားဖြင့် တစ်နှစ်ကို အနည်းဆုံး ၁ကြိမ်မှ ၂ကြိမ်ထိ ဝမ်းလျှောတတ်ပြီး ရက်အနည်းငယ်အတွင်းမှာ ဝေဒနာ သက်သာသွားနိုင်ပါတယ်။ စိုးရိမ်စရာ ရောဂါဝေဒနာမျိုးတော့ မဟုတ်ပေမယ့် ခံစားရတဲ့သူအတွက်တော့ အစားပျက်၊ အအိပ်ပျက်၊ နေရထိုင်ရခက်နဲ့ တော်တော်လေးကို စိတ်ကသိကအောက် နိုင်တဲ့ ကိစ္စပါ။

    ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် တတ်နိုင်သလောက် အိမ်မှာ ကောင်းကောင်းအနားယူပါ။ အစားအသောက်ဟာ ဝေဒနာကို ပိုဆိုးစေနိုင်သလို မြန်မြန်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်ဆိုတာ ဘာလဲ။

    ပုံမမှန်တဲ့ ဝမ်းသွားခြင်း၊ အစိုင်အခဲထက် အရည်ဝမ်းသွားခြင်း၊ မကြာခဏ ဝမ်းသွားခြင်း၊ ဝမ်းအပျော့သွားခြင်း ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း အစာခြေစနစ်နဲ့လည်း အများကြီး သက်ဆိုင်မှုရှိပါတယ်။ ပုံမှန်အားဖြင့် အနည်းဆုံး ၃ရက်ခန့် ကြာတတ်ပြီး စားသောက်နေထိုင်မှု ပုံစံမမှန်တဲ့သူတွေမှာ မကြာခဏ ဝမ်းလျှောတတ်ပါတယ်။

    ဝမ်းပျက်ဝမ်းလျှော လက္ခဏာတွေက ဘာတွေလဲ။

    ၁။ ဗိုက်အောင့်ဗိုက်နာ ဖြစ်ခြင်း

    ၂။ ဝမ်းဗိုက်မှာ ဖောရောင်ပြီး ရေတွေနဲ့ ပြည့်နေသလို ခံစားရခြင်း

    ၃။ ဝမ်းမအောင့်နိုင်ခြင်း၊ ရုတ်တရက် မထိန်းနိုင်လောက်အောင် ဝမ်းသွားချင်လာခြင်း

    ၄။ မူးဝေအော့အန်ခြင်း

    ၅။ အဖျားတက်ခြင်း တို့ပဲ ဖြစ်ပါတယ်။

    ဝမ်းလျှောနေချိန်မှာ ဘယ်လိုအစားအစာတွေ စားပေးသင့်လဲ။

    ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အစားအစာကို သေချာ ရွေးဖို့ လိုအပ်ပါတယ်။ တချို့သော အစားအစာတွေဟာ ဝေဒနာကို အလျင်အမြန်သက်သာစေပြီး ဝမ်းကို မာစေတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဝမ်းလျှောနေချိန်မှာ လူက အားနည်းပြီး နုံးချိနေမှာ ဖြစ်တဲ့အတွက် အားရှိစေမယ့် အစားအစာမျိုးတွေ ရွေးချယ်စားပေးဖို့ လိုအပ်ပါတယ်။

    နူးညံ့တဲ့ အစားအစာတွေဖြစ်တဲ့ အုတ်ဂျုံ၊ ဆန်ပြုတ်၊ ငှက်ပျောသီး၊ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ ပေါင်မုန့်မီးကင်၊ အာလူးပြုတ်၊ ခရက်ကာမုန့်တို့ကို စားပေးပါ။ အစာခြေစနစ် အလွန်အကျွံ အလုပ်မလုပ်မိစေဖို့၊ ဝမ်းမှန်စေဖို့နဲ့ ဝမ်းကို ပြန်မာစေဖို့ ကူညီပေးနိုင်ပါတယ်။

    အရည်ဝမ်းတွေ သွားနေတာဖြစ်တဲ့အတွက် ခန္ဓါကိုယ်က ရေဓါတ်တွေ ကုန်ခမ်းမှာ အသေအချာပါပဲ။ ဒါကြောင့် ရေများများသောက်ပေးပါ။ ဝမ်းသွားပြီးတဲ့အချိန်တိုင်း ရေတစ်ခွက်လောက် သေက်ပေးပါ။ ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ပေးပြီး ကိုယ်ခန္ဓါထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးနိုင်ပါတယ်။ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည် ပူပူလေးတွေ သောက်ပေးပါ။

    ရှောင်သင့်တဲ့ အစားအစာတွေက ဘာတွေလဲ။

    ဝမ်းပျက်ဝမ်းလျှော ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ခန္ဓါကိုယ်က အလုပ်လုပ်နေတဲ့အချိန်မှာ တချို့သော အစားအစာတွေက ဝေဒနာပိုဆိုးစေနိုင်ပြီး ပျောက်ကင်းဖို့ အချိန်ပိုကြာစေနိုင်ပါတယ်။

    ဆီများတဲ့ အစားအစာတွေ၊ အကြော်အလှော်တွေ၊ အပူအစပ်တွေကို ဝမ်းလျှောနေတဲ့အချိန်အတွင်း တတ်နိုင်သလောက် ရှောင်ပါ။ အချိုများတဲ့ မုန့်တွေ၊ သကြားလုံးနဲ့ အအေး၊ ဖျော်ရည်တွေ၊ သစ်သီးတွေကို ရှောင်ပါ။

    အမျှင်များတဲ့ အစားအစာတွေဟာ ပုံမှန်နေကောင်းတဲ့အချိန်မှာ အစာခြေစနစ်ကို အထောက်အကူဖြစ်စေပေမယ့် ဝမ်းလျှောနေတဲ့အချိန်မှာတော့ ဝေဒနာကို ပိုဆိုးသွားစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ အစေ့အဆန်တွေ၊ အခွံမာသီးတွေကိုလည်း မစားသင့်ပါဘူး။

    ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တာရှည်ခံ အစားအစာတွေ၊ ဟင်းသီးဟင်းရွက် အစိမ်းတွေ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ ချဉ်လွန်းတဲ့ အသီးအနှံတွေ၊ ငါး၊ ဝက်သား၊ အမဲသား၊ နို့ထွက်ပစ္စည်းတွေကို ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့အချိန်အတွင်း မစားသင့်ပါဘူး။

    ကဖင်းဓါတ် ပါဝင်တဲ့ အအေးတွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်တွေကိုလည်း မသောက်သင့်ပါဘူး။

    ဝေဒနာ အမြန်ဆုံးသက်သာစေဖို့ ဘယ်လိုဂရုစိုက်မလဲ။

    ၁။ အိမ်မှာ ကောင်းကောင်းအနားယူပေးပါ။

    ၂။ အိပ်ချိန်ပြည့်ဝစွာ အိပ်ပါ။

    ၃။ ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ အားကစား လုပ်တာ နားထားပါ။

    ၄။ ရေဓါတ်မခမ်းခြောက်စေဖို့ ရေများများသောက်ပေးပါ။

    ဆရာဝန်နဲ့ ပြသဖို့ လိုလား။

    ပုံမှန်အားဖြင့်တော့ ဆရာဝန်နဲ့ ပြသစရာမလိုပဲ အိမ်မှာပဲ ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ ဝမ်းမှာ သွေးတွေ၊ အချွဲတွေ ပါရင်၊ လုံးဝမသက်သာလာဘူးဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ အဖျားကြီးလွန်းရင်၊ ကိုယ်အလေးချိန် အရမ်းကျသွားရင်လည်း ဂရုစိုက်ပေးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement