backup og meta

ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

    ဗိုင်းရပ်စ်ပိုးကြောင့် အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းတဲ့အခါ အထက်လန်အောက်လျှော ဖြစ်တတ်ပါတယ်။ Stomach Flu လို့လည်း ခေါ်ဝေါ်ကြပြီး ကမ္ဘာတလွှားက လူအများကို နှစ်စဉ်ဒုက္ခပေးနေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အထက်လန်အောက်လျှောဟာ ရောဂါပိုးကူးစက်မိထားသူနဲ့ ထိတွေ့ရာကနေဖြစ်စေ၊ ရောဂါပိုးရှိတဲ့ အစားအစာနဲ့ရေကို စားသောက်မိရာကနေ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ ကဲ …… ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

    ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis) ဘာကြောင့်ဖြစ်တတ်သလဲ

    အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းပါးသူတွေမှာ အဖြစ်များပါတယ်။ အစားအစာများကို ကိုင်တွယ်ရာမှာ မသန့်ရှင်းခြင်း၊ ရေဆိုးရေညစ်များနှင့် သောက်သုံးရေထိစပ်နေခြင်း၊ အစားအစာများကို ကျက်အောင် မချက်ဘဲ စားသုံးမိခြင်း စတဲ့ အခြေအနေတွေကနေ ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    နိုရိုဗိုင်းရပ်စ်

    နိုရိုဗိုင်းရပ်စ်ဟာ ပျံ့နှံ့ကူးစက်လွယ်ပြီး အသက်အရွယ်မရွေး ဒုက္ခပေးတတ်ပါတယ်။ အစားအစာ၊ ရေ စတာတွေကနေ ကူးစက်တတ်သလို ဗိုင်းရပ်စ်ရှိထားသူနဲ့ ထိတွေ့ထားတဲ့ ပစ္စည်းကိရိယာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ လူထူတဲ့နေရာတွေမှာ ကူးစက်တတ်ပါတယ်။ နိုရိုဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့

    ပျို့အန်ခြင်း

    – ဝမ်းပျက်ခြင်း

    – အဖျားတက်ခြင်း

    – ကိုယ်ခန္ဓာနာကျင်ကိုက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။

    နိုရိုဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ အထက်ပါလက္ခဏာတွေ ခံစားရပြီး တရက်ကနေ သုံးရက်ခန့်ဆိုရင်တော့ နေပြန်ကောင်းတတ်ပါတယ်။ နိုရိုဗိုင်းရပ်စ်ဟာ အမေရိကန်လို ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတောင် အစုလိုက် အပြုံလိုက် ဖြစ်ပွားတတ်ပါတယ်။

    ရိုတာဗိုင်းရပ်စ်

    ဒီဗိုင်းရပ်စ်ကတော့ ကလေးငယ်များကို ကူးစက်တတ်တာများပါတယ်။ ကလေးများဟာ ဗိုင်းရပ်စ်ရှိတဲ့ အရာဝတ္တုများကို ကိုင်ထားမိပြီး ပါးစပ်ထဲကို လက်ထည့်မိတဲ့အခါ အစာအိမ်အူလမ်းကြောင်းထဲ ဝင်ရောက်နိုင်ပါတယ်။ ရောဂါပိုးဝင်ရောက်ပြီး နှစ်ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။ တွေ့ရတဲ့ လက္ခဏာတွေကတော့

    – ပျို့အန်ခြင်း

    – အစားပျက်ခြင်း

    – အရည်ဝမ်းများသွားခြင်း စတာတွေ ဖြစ်ပါတယ်။

    ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတော့ ရှိပါတယ်။ ကလေးငယ်တွေအတွက် အသုံးပြုနိုင်ပါတယ်။

    အဒီနိုဗိုင်းရပ်စ်

    ဒီဗိုင်းရပ်စ်ဟာတော့ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အထက်လန်အောက်လျှောရောဂါကို ဆိုးရွားစွာ ဖြစ်စေနိုင်ပါတယ်။ လေထဲကနေ နှာချေခြင်း၊ ချောင်းဆိုးခြင်း စတာတွေကနေ ကူးစက်နိုင်သလို ရောဂါပိုးရှိနေတဲ့ အရာဝတ္တုတွေကို ထိတွေ့ကိုင်တွယ်ခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

    – လည်ချောင်းနာခြင်း

    – မျက်စိနီရဲခြင်း

    – အဖျားတက်ခြင်း

    ချောင်းဆိုးခြင်း

    – နှာရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။

    အက်စ်ထရိုဗိုင်းရပ်စ်

    ဒီဗိုင်းရပ်စ်ကတော့ ကလေးတွေကို အဓိကဒုက္ခပေးတတ်ပါတယ်။ အက်စ်ထရိုဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့လက္ခဏာတွေကတော့

    – ဝမ်းပျက်ခြင်း

    – ခေါင်းကိုက်ခြင်း

    – ရေဓာတ်ခန်းခြောက်ခြင်း

    – အစာအိမ်အောင့်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကြောင့် အထက်လန်အောက်လျှောဖြစ်ရင် ဘာလက္ခဏာတွေ ပြသလဲ

    အစာအိမ်အူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီးတဲ့အခါ တရက်နှစ်ရက်အတွင်း ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ အဓိကတွေ့ရတာတွေကတော့

    – ဝမ်းပျက်ခြင်း

    – ပျို့အန်ခြင်း

    – ခေါင်းကိုက်ခြင်း၊ ကြွက်သားများ အဆစ်အမြစ်များ ကိုက်ခဲခြင်း

    – ဖျားခြင်း၊ ချမ်းတုန်ခြင်း

    – ချွေးထွက်ခြင်း (သို့မဟုတ်) ခြေဖျားလက်ဖျားများ အေးစက်ခြင်း

    – ဗိုက်နာ ဗိုက်အောင့်ခြင်း

    – အစားပျက်ခြင်း စတာတွေ ဖြစ်ပါတယ်။

    အကယ်၍ အောက်ပါလက္ခဏာတွေ ရှိနေရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံး ပြသသင့်ပါတယ်

    – သုံးရက်ခန့်ဆက်တိုက် ဝမ်းပျက်နေခြင်း၊ မသက်သာခြင်း

    – ဝမ်းသွားရာတွင် သွေးပါခြင်း

    – ရေဓာတ်ခန်းခြောက်ခြင်း (နှုတ်ခမ်းများခြောက်ခြင်း၊ မူးဝေခြင်း)

    ဘယ်လိုကုသမလဲ

    အဓိကအချက်က ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် အရည်များများ သောက်သုံးဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဓာတ်ဆားရည်သောက်သုံးရပါမယ်။ ဆိုးရွားတဲ့ အခြေအနေမှာဆိုရင် ဆေးရုံတက်ပြီး သွေးကြောကတဆင့် အရည်များသွင်းပြီး ကုသမှု ခံယူရပါမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြဿနာမှာ ပဋီဇီဝဆေးတွေ သုံးစါဲစရာ မလိုပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် အထက်လန်အောက်လျှောဖြစ်ချိန်မှာ ပင်ပန်းတဲ့အလုပ်တွေ မလုပ်ဘဲ ကောင်းကောင်း အနားယူဖို့ လိုပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    အထက်လန်အောက်လျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ ပျံ့နှံ့ကူးစက်လွယ်ပါတယ်။ ဗိုင်းရပ်စ်ပိုးမကူးစက်အောင် လက်ကို မကြာခဏဆေးကြောပါ။ အထူးသဖြင့် အိမ်သာဝင်ပြီးတဲ့အခါနဲ့ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ချိန်မှာ လက်ကို သေချာဆေးကြောသင့်ပါတယ်။ အသားငါးများကို သေချာစွာ ချက်ပြုတ်စားသုံးပါ။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို ရေနဲ့သေချာစွာ ဆေးကြောပါ။ သန့်ရှင်းသောရေကို သောက်သုံးပါ။ မြစ်ရေချောင်းရေများကို ကျိုချက်ပြီးမှ သောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement