backup og meta

အသားစားလို့ သန်ထတာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားစားလို့ သန်ထတာလား

    အသားစားလို့ သန်ထတာလား …….. အသားတွေမစားနဲ့ သန်ထမယ်။ သန်ထနေတယ် အသားစားလို့ ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီအယူအဆ မှန်လားဆိုတာကို သိရဖို့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။

    သန်ကောင်တွေ ရဲ့ ခြေကုပ်

    သန်ကောင်တွေက လူသားတွေရဲ့ အစာခြေစနစ်ထဲမှာနေပြီး စားလိုက်တဲ့ အစာအာဟာရတွေကိုခေါင်းပုံဖြတ်နေကြတာပါ။ ကိုယ်က စားရင်း သူကထွားရင်းပါ။ အရွယ်ရောက်ပြီးသူတွေမှာ သိပ်မသိသာပေမယ့် ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ဘေဘီလေးတို့မှာတော့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အန္တရာယ်ရှိတဲ့အနေအထားတွေဖြစ်စေနိုင်ပါတယ်။ ဥအခြေအနေနဲ့ ကိုယ်တွင်းကိုဝင်ရောက်သွားပြီး ကိုယ်တွင်းထဲရောက်မှ အကောင်အဖြစ်ရှင်သန်ပေါက်ဖွားကြတာပါ။

    သန်ကောင်တွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာတွေက

    ခန္ဓာကိုယ်ထဲမှာ သန်ကောင်တွေ ရှိနေတဲ့အခါ

    • ဗိုက်ထဲကအောင့်မယ်
    • ဝမ်းသွားမယ်
    • ဝမ်းပျက်မယ်
    • အော့အန်မယ်
    • လေပွမယ်
    • ခြေကုန်လက်ပမ်းကျမယ်
    • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျလာမယ်
    • ဗိုက်ထဲကစူးခနဲအောင့်မယ်
    • ဗီတာမင်နဲ့ သံဓာတ်ချို့တဲ့မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဘေဘီလေးတွေမှာဆိုရင်တော့

    • ဝမ်းပျက်တာ
    • ဝမ်းအရည်တွေသွားတာ၊
    • ဝမ်းကအရမ်းနံတာ၊
    • ဝမ်းခဏခဏသွားတာ
    • လေပွပြီး ဗိုက်အောင့်တာ၊
    • ဗိုက်ထဲက စူးစူးနဲ့အောင့်တာ
    • အစားတွေအရမ်းစားပြီး ဝမလာတာ၊
    • တံထွေးတွေ တစ်ချိန်လုံးထွက်နေတာ
    • အစားလုံးဝကျွေးမရတာ၊
    • စအိုတဝိုက်ယားယံနေတာတွေဖြစ်နိုင်ပါတယ်။

    တစ်ခါတလေဗိုက်ထဲမှာ သန်ကောင်တွေ ရှိနေတာကို နှစ်တော်တော်ကြာတဲ့အထိ သတိမထားမိတာမျိုး ဖြစ်နိုင်ပါတယ်။

    အသားစားလို့ သန်ထတာလား

    အသားစားလို့ သန်ထတာလား ဆိုတော့ အသားစားလို့ သန်ထတာ မဟုတ်ပါဘူး။ သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ အသားတွေက သန်ကောင်ဖြစ်စေတာမျိုးမရှိဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းပမာဏကို ပြည့်ဝစွာပေးစွမ်းနိုင်ပါတယ်။ သန်ကောင်ကူးစက်ရတာက သေချာချက်မထားတဲ့ အသားတွေကို စားသုံးတာ၊ အသားစိမ်းငါးစိမ်းတွေကို စားတာ၊ သန့်ရှင်းမှုအားနည်းတဲ့ အသား၊ငါးတွေကို စားသုံးတာကြောင့်ဖြစ်ရတာပါ။

    သေချာမသန့်စင်ထားတဲ့ ပုစွန်ခြောက်၊ ငါးခြောက်၊ ငါးချဉ်တို့မျိုးအစားအစာတွေကြောင့်တော့ သန်ကောင်တွေကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် သေချာကျက်အောင်ချက်ထားတဲ့ အသား၊ ငါးတွေက အာဟာရဖြစ်စေဖို့ အားဖြည့်ပေးပြီး သန်ထတာမျိုး မဖြစ်စေနိုင်ပါဘူး။

    ဘယ်လိုနည်းနဲ့ သန်ကောင်တွေ ကူးစက်တာလဲ

    မြေကြီးတွေထဲမှာ သန်ကောင်ဥတွေရှိနေတတ်ပြီး စားရင်းကနေတဆင့် လက်တွေ၊ လက်သည်းတွေထဲမှာ ကပ်ပါလာရာက ခန္ဓာကိုယ်ထဲကို ကူးစက်နိုင်ပါတယ်။

  • ညစ်ပေတဲ့လက်တွေနဲ့ အစားစားတာ၊
  • သန့်ရှင်းမှုနည်းတဲ့ စားတွေစားမိတာ၊
  • မသန့်တဲ့ရေတွေသောက်မိတာ၊
  • တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ၊
  • သေချာချက်ပြုတ်မထားတဲ့ အသားတွေကို စားသုံးတာ
  • တိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေတာ
  • ခြေဗလာနဲ့ မြေကြီးပေါ် လမ်းလျှောက်တာ
  • လူသားတွေနဲ့ တိရစ္တာန်တွေရဲ့ အညစ်အကြေးတွေ
  • အိမ်သာ၊ အိမ်သာတံခါးလက်ကိုင်တွေမှာလည်း သန်ကောင်ဥတွေကရှိနေနိုင်ပါတယ်။
  • ဘယ်လိုကာကွယ်မလဲ

    သန်ကောင်တွေကို ခန္ဓာကိုယ်ထဲမရောက်အောင် ကာကွယ်ဖို့အတွက် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

    • အလွယ်ကူဆုံးနည်းလမ်းက လက်သန့်ရှင်းရေးကိုဂရုစိုက်တာပါ။
    • အိမ်သာအဆင်း၊ အစာမစားခင်၊ ညစ်ပေတာတွေကို ကိုင်တွယ်ပြီးတိုင်း လက်ကို သန့်စင်အောင်ဆေးကြောပေးပါ။ အပြင်ကနေ အိမ်ပြန်ရောက်ချိန်မျာလည်း လက်ကိုဆေးကြောပေးပါ။
    • သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုသေချာသန့်စင်အောင်ဆေးကြောပေးပါ။
    • ပြင်ဆင်ချက်ပြုတ်တဲ့အခါ သန့်သန့်ရှင်းရှင်းလုပ်ပါ။
    • သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေမစားပါနဲ့။
    • အစားအစာတွေကို ကျက်အောင်ချက်ပါ။
    • သောက်သုံးရေ သန့်ရှင်းမှုကို ဂရုပြုပါ။
    • ၆ လတစ်ကြိမ် ပုံမှန်သန်ချပါ။
    • ကလေးကိုတွေ့ကရာပါးစပ်ထဲကောက်ထည့်တာမျိုးမလုပ်အောင် ဂရုစိုက်ပါ။
    • အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ၆ လတစ်ကြိမ် သန်ချပါ။
    • အောက်ကျသွားတဲ့ အစားအစာတွေကို ကောက်မစားပါနဲ့။
    • အသားစိမ်း၊ ငါးစိမ်းတွေမစားပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement