backup og meta

အိုမီခရွန် နဲ့ တခြားမျိုးဗီဇပြောင်းပိုးတွေ ဘာကွာသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုမီခရွန် နဲ့ တခြားမျိုးဗီဇပြောင်းပိုးတွေ ဘာကွာသလဲ။

    လတ်တလောမှာ ကိုဗစ်လူနာတွေကို ခပ်စိတ်စိတ် ပြန်တွေ့လာရပါပြီ။ ဘာပိုးရယ်ကို ပုံမှန်အိမ်မှာ စစ်နေကျ test kitတွေနဲ့ ခက်ဖို့ ခွဲပေမယ့် လက်ရှိမင်းသားကြီး အိုမီခရွန် ပဲ ဖြစ်ဖို့ များပါတယ်။ အိုမီခရွန်က ပွဲစထွက်တည်းက ဗီဇပြောင်းနေရာတွေ များလွန်းတဲ့အတွက် လူအများက စိတ်ပူနေကြပါတယ်။ အိုမီခရွန်က အရင်ဗီဇပြောင်းပိုးတွေနဲ့ ဘာကွာသလဲဆိုတာကို သိထားရင် ပိုပြီး ကြိုတင်ပြင်ဆင် နိုင်မှာပါ။

    အိုမီခရွန် ရဲ့ ကူးစက်မှု

    အိုမီခရွန်က ဒယ်တာအပါအဝင် တခြားဗီဇပြောင်းပိုးတွေထက် ပိုပြီးကူးစက်မြန်ပါတယ်။ အိုမီခရွန်က လက္ခဏာမပြဘဲနဲ့လည်း သူများကို ကူးနိုင်သလို ကာကွယ်ဆေးထိုးထားပြီးသူတွေကိုလည်း ကူးစက်နိုင်ပါတယ်။

    အိုမီခရွန်ရဲ့ လက္ခဏာ

    လက္ခဏာတွေကတော့ အရင်က ဗီဇပြောင်းပိုးတွေနဲ့ သိသိသာသာ ကွာတာမျိုး မရှိပါဘူး။ ဘယ်လောက်ပြင်းထန်မလဲ ဆိုတာကတော့

    • ကာကွယ်ဆေး ထိုးထားတဲ့ အခြေအနေ
    • ရောဂါအခံရှိမရှိ
    • အသက်
    • အရင်က ကိုဗစ်ဖြစ်ဖူးခြင်း ရှိမရှိနဲ့ ဆိုင်ပါတယ်။

    အိုမီခရွန် ရဲ့ ရောဂါပြင်းထန်မှု

    လက်ရှိလေ့လာချက်တွေအရတော့ အိုမီခရွန်က မှန်းထားသလောက် ပြင်းထန်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် တချို့တွေမှာတော့ ရောဂါပြင်းထန်ပြီး ဆေးရုံတက်ရတာ၊ အသက်သေဆုံးတာတွေရှိတာကို တွေ့ရပါတယ်။ မပြင်းထန်ဘူးဆိုပေမယ့် မပေါ့ဆသင့်ပါဘူး။ ကိုယ့်ဆီရောက်မှ ပြင်းထန်သွားမလားလည်း မသိနိုင်သလို ကိုယ်ကနေ တခြားလူတွေ ကူးစက်သွားမှာကိုတော့ သတိထားသင့်ပါတယ်။

    အိုမီခရွန်နဲ့ ကာကွယ်ဆေးများ

    လက်ရှိ ကာကွယ်ဆေးတွေက အိုမီခရွန်ကြောင့် ရောဂါပြင်းထန်တာ၊ ဆေးရုံတက်ရတာ၊ သေဆုံးတာတွေကို လျှော့ချပေးနိုင်ပါသေးတယ်။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေပါ ဖြစ်တယ်လို့ ဆိုပေမယ့် ဆေးမထိုးထားတဲ့ သူတွေနဲ့ ယှဉ်ရင် ပြင်းထန်မှုက ကွာပါတယ်။

    ဒါကြောင့် လက်ရှိမှာ ကာကွယ်ဆေးတွေကို အကြိမ်ရေပြည့်အောင်ထိုးဖို့၊ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးထားဖို့ လိုပါတယ်။

    အိုမီခရွန် နဲ့ တခြားမျိုးဗီဇပြောင်းပိုးတွေ ဘာကွာသလဲ။

    အိုမီခရွန် နဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်

    အိုမီခရွန်က အရင်ဗီဇပြောင်းပိုးတွေနဲ့ ယှဉ်ရင် အဆုတ်ထဲထိ ရောက်တာနည်းတယ်လို့ ဆိုကြပါတယ်။ အကြောင်းက အဆုတ်မှာရှိတဲ့ ဆဲလ်တွေထဲကို ဝင်ဖို့ ACE2ကို ပေါင်းနိုင်စွမ်း နည်းလို့ပါ။ ဒါကြောင့် လူနာအများစုက တုပ်ကွေးဆန်ဆန် လက္ခဏာတွေပဲ ဖြစ်ကြပါတယ်။ အနံ့ပျောက်တာလည်း ရှေ့ဗီဇပြောင်းပိုးတွေနဲ့ ယှဉ်ရင် နည်းပါတယ်။

    ဒါပေမယ့် မကောင်းတဲ့အချက်က ခုခံအားတွေကို ကျော်လွှားနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အရင်ကိုဗစ်ဖြစ်ထားပြီး ခုခံအား ရနေသူ၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသား သူတွေမှာပါ ပြန်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

    အိုမီခရွန်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။

    အိုမီခရွန်ကို ရင်ဆိုင်ဖို့ လက်နက်ကြီး ၃ခုရှိပါတယ်။

    ကာကွယ်ဆေးက မထိုးရသေးရင် ထိုးထားပါ။ ထိုးပြီးထားတဲ့သူတွေက ၆လလောက်ရှိပြီဆိုရင် ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးပါ။ Sinopharm, Sinovacနဲ့ Covaxin ထိုးထားတဲ့ သူတွေက ဒုတိယအကြိမ်ထိုးပြီး ၃လနေရင် ထိုးသင့်ပါတယ်။

    ဆေးထိုးထားတဲ့သူတွေလည်း ဖြစ်တယ်ဆိုပေမယ့် ပြင်းထန်မှုက ကွာခြားတာကြောင့် ထိုးထားဖို့ အကြံပေးချင်ပါတယ်။

    နှာခေါင်းစည်းက တစ်ကိုယ်ရည် ကာကွယ်မှုအတွက်ရော သူများကို မကူးအောင်ရော ကာကွယ်နိုင်ပါတယ်။ နှာခေါင်းစည်းတပ်တာနဲ့အတူ တတ်နိုင်သမျှ လူစုလူဝေးရှောင်တာ၊ မကြာခဏ လက်ဆေးတာကိုပါ လုပ်ပေးရမှာပါ။

    မိမိကိုယ်မှာ ကိုဗစ်သံသယလက္ခဏာတွေ ရှိနေရင် ဒါမှမဟုတ် ကိုဗစ်ဖြစ်တဲ့ သူနဲ့ ထိတွေ့ထားမိရင် အချိန်မီ ဆေးစစ်ပါ။ ဆေးစစ်လို့ ပေါ့စတစ်ထွက်နေရင် သီးသန့်ခွဲနေဖြစ်တဲ့အတွက် မိမိကနေ နောက်လူကို မကူးအောင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဒါ့ပြင် မိမိရဲ့ အခြေအနေကို သိရှိပြီး ဆေးကုသမှု ခံယူဖို့ အဆင်သင့် ဖြစ်စေပါတယ်။

    အိုမီခရွန်ကို ခပ်စိတ်စိတ် တွေ့လာရတဲ့အတွက် ခုတည်းက သတိထား နေသင့်ပါပြီ။ ကူးစက်တဲ့သူတွေများရင် လှိုင်းတစ်ခုဖြစ်သွားနိုင်တာကြောင့် တစ်ဦးတစ်ယောက်ချင်းစီ ကာကွယ်ထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement