အပြင်လည်း မထွက်ရဲ၊ ဆေးခန်းလည်း ပြလို့အဆင်မပြေတဲ့ ဒီလို ကာလမျိုးမှာ ကလေး နေမကောင်းဖြစ်ရင် အတော်ဒုက္ခရောက်ရပါတယ်။ Covid-19 အတွက် အစိုးရိမ်ပိုနေရချိန်မှာ ကိုယ့်ရဲ့ ကလေးနေမကောင်း ဖြစ်ခဲ့ရင် မေမေတို့ လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ အကြံပေးလိုက်ပါရစေနော်။
နေမကောင်းတဲ့ ကလေးကို ဘယ်လိုပြုစုရမလဲ
- ကလေးနေမကောင်း တဲ့အခါ အရည်ဓာတ် များများဝင်အောင် ရေ၊ ဓာတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်နွေးနွေး တိုက်ကျွေးပေးပါ။
- အစာဝင်အောင် ကျွေးပါ။ နေမကောင်းရင် ထမင်းမကျွေးရဘူးဆိုတာ မဟုတ်ပါဘူး။ အားမရှိတဲ့အတွက် အရင်ကထက်တောင် ပိုကျွေးရမှာပါ။
- နှာစေးနှာပိတ် သက်သာစေဖို့ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပြီး ကလေးတွေအတွက် စိတ်ချရတဲ့ nasal sprays တွေ ရှိပါတယ်။
- ကလေးကို ဆေးလိပ်ငွေ့ မရှူမိအောင် ထားပါ။ အိမ်ထဲက မိသားစုဝင်တွေရဲ့ ဆေးလိပ်ငွေ့က အသက်ရှူလမ်းကြောင်းကို အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။
- ကလေးငယ် တွေကို ကိုယ့်သဘောနဲ့ ကိုယ် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးတွေ မတိုက်သင့်ပါဘူး။ ဒါပေမယ့် ဆေးခန်းပြလို့ အဆင်မပြေတဲ့ အခါ ကလေးအတွက် ထုတ်လုပ်ထားတဲ့ အဖျားကျဆေးရည်တွေ ဘူးခွံပါ ဆေးညွှန်းအတိုင်း တိုက်လို့ရပါတယ်။
- ကလေးက အဖျားမရှိဘူး ဆိုရင် အိမ်မှာပဲ ထားတာ ကောင်းပါတယ်။
- ကိုယ်ပူကျစေဖို့ ရေအေးဝတ်လေး တင်ပေးပါ။
- ကလေးနေမကောင်း တဲ့အခါ အသက်ရှူရ ပိုကောင်းစေဖို့ အိပ်ခန်းမှာ ညဘက် humidifier လေး ထားပေးပါ။
တော်ရုံ နေမကောင်း မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
- ကလေးကို နေမကောင်းတဲ့သူတွေ အနီးမှာ မနေပါစေနဲ့။
- လက် မကြာခဏ ဆေးတတ်အောင် သင်ပေးထားပါ။ အစာမစားခင်၊ အိမ်သာသွားပြီး နောက်ပိုင်း အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်တွယ်ပြီး နောက်ပိုင်း ချောင်းဆိုး နှာချေပြီး နောက်ပိုင်းတို့မှာ လက်ဆေးခိုင်းပါ။
- ပါးစပ်ထဲ လက်မထည့်ဖို့၊ မျက်လုံး ပွတ်မနေဖို့ သတိပေးပါ။
- ကလေး ကစားစရာတွေ နဲ့ ကစားတဲ့ နေရာတွေ တဝိုက်ကို သန့်ရှင်းအောင် လုပ်ထားပါ။
ကလေးမှာ ဒီလက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်အမြန်ဆုံးပြပါ –
- အဖျား 100.4°F (38°C) နဲ့အထက်ရှိလာရင်
- လက္ခဏာတွေက ၃-၄ရက်နဲ့ မသက်သာရင်
- မျက်စိ နီရဲလာရင်၊ မျက်ဝတ် ဝါဝါတွေထွက်လာရင်
- ဆေးတွေ သောက်နေပေမယ့် ဝေဒနာ မသက်သာရင်
- ကလေးက အရမ်းစိတ်ဆတ်တာ ဒါမှမဟုတ် တုံ့ပြန်မှု သိပ်မရှိတော့တာ လိုမျိုး အပြုအမူပိုင်း ပြောင်းလဲလာရင်
- အသက်ရှူရခက်လာရင်၊ အသက်ရှူ တအားမြန်လာရင် ဆေးကုသမှု အမြန်ဆုံး ခံယူပါ။
- ဒီလို ဆေးခန်း၊ ဆေးရုံ သွားရပြီ ဆိုရင်တော့ အကောင်းဆုံးက ကလေးရော မိဘပါ လိုအပ်တဲ့ အကာအကွယ်၊ စောင့်ရှောက်ဆင်ခြင်မှုအပြည့်နဲ့ ပြင်ဆင်သွားပါ။
ဒါမှ မလိုလားအပ်တဲ့ Covid-19 အန္တရာယ်ကို ရှောင်ရှားနိုင်မှာ ဖြစ်လို့ပါပဲ။
[covid_19]
[embed-health-tool-bmi]