COVID-19 ကြောင့် အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ကြောင့် အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

    အခု ကိုဗစ်ဒုတိယလှိုင်းမှာ အတွေ့ရအများဆုံးက အနံ့ပျောက်တာပါ။ နေ့စဉ် အနံ့ပျောက်လို့ ဆိုပြီး ဆက်သွယ်လာကြသူတွေ မနည်းပါဘူး။ ကိုဗစ်ကြောင့် အနံ့ပျောက်တဲ့ဦးရေဟာ ကိုဗစ် ခံစားရသူ အရေအတွက်ရဲ့ ၅၆ ရာခိုင်နှုန်းလောက်ကို ရှိနေပါတယ်။

    ဒီလက္ခဏာ ခံစားရတာ မြန်မာတစ်နိုင်ငံတည်းမှာတင် များတာလားဆိုတော့ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာကိုဗစ်ကြောင့် အနံ့ပျောက်နေသူတွေ အများကြီးပါ။ အခြား ဘာလက္ခဏာမှ မခံစားရဘူး အနံ့ပဲမရတာဆိုသူတွေ အတော်လေး များလာကြပါတယ်။

    ဒီတော့ ကိုဗစ်ကြောင့် အနံ့ပျောက်နေပြီလား။ ဘာတွေ ဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်လား။

    ကိုဗစ်​ကြောင့်ပဲ အနံ့ပျောက်တာလား။

    ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။

    ဘယ်လိုအခြေအနေဆို အနံ့ပျောက်ပြီ ပြောနိုင်မလဲ။

    အနံ့ရှူကြည့် မရရင် အနံ့ပျောက်နေတာလို့ မဖြေနဲ့ဦးနော်။ အပေါ်က အချက်တွေ ခံစားနေရရင်လည်း အနံ့ပျောက်နိုင်ပါတယ်။ ဒီတော့ ကိုဗစ်ကြောင့် အနံ့ပျောက်တာနဲ့ သာမန်အနံ့ပျောက်တာဘယ်လို ကွာခြားလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား။

    သာမန် အဖျားတစ်ခုခုကြောင့် အနံ့ပျောက်တယ်ဆိုရင် နှာစေးတာ၊ နှာပိတ်တာ၊ နှာခေါင်းထဲမှာ နှပ်တွေရှိနေတာမျိုး ရှိနိုင်ပါတယ်။ နှာခေါင်းက မွှန်ထူထူနဲ့ နှာခေါင်းတွင်းထဲက စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်ချက်က အနံ့က လုံးဝပျောက်သွားတာ မဟုတ်ဘဲ တစ်ချက်တစ်ချက်အနံ့ရတာမျိုး ရှိနိုင်ပါတယ်။

    ကိုဗစ်ကြောင့်ဆိုရင်တော့ နှာခေါင်းထဲမှာ နှာစေးတာ၊ နှာပိတ်တာ မရှိဘူး။ နှာခေါင်းကြီးက ရှင်းလင်းနေတယ်။ ဒါပေမယ့် ဘာအနံ့မှ မရတော့ဘူး။

    နောက်တစ်ခုက သာမန်ဖျားနာမှုနဲ့ အခြားအကြောင်းအရင်းကြောင့် အနံ့ပျောက်တာက အရသာကို သိနိုင်ပါသေးတယ်။ အရသာပါပျောက်နေခဲ့ရင်တော့ ကိုဗစ်ကြောင့် ဖြစ်ဖို့ များသွားပါပြီ။

    ကိုဗစ်ကြောင့် အနံ့ပျောက်ခဲ့ရင် ဘာလုပ်လို့ ရမလဲ။

    ကိုဗစ်ကြောင့် အနံ့ပျောက်ရင် စမုန်နက်စေ့ စားပေးရတယ်။ ကြက်သွန်ဖြူကို ဖိကိုက်လိုက်၊ ဆားရည်နဲ့ ပလုတ်ကျင်း၊ ကြက်သွန်နီရည်သောက် စသဖြင့် ဆေးမြီးတိုတွေ ကြားဖူးမှာပေါ့။ တကယ်ကတော့ ကိုဗစ်ကြောင့် အနံ့ပျောက်သွားရင် ဒီနည်းတွေကလည်း မစွမ်းသာပါဘူး။

    အဖျား​ကြောင့် အနံ့ပျောက်မယ်ဆိုရင်တော့ ရေနွေးသောက်တာ၊ ရေနွေးငွေ့ခံတာ၊ ကြက်သွန်ဖြူဟင်းခါး သောက်တာ၊ ချင်း (ဂျင်း) ပြုတ်ရည်နွေးနွေးလေးသောက်တာ၊ ပျားသံပုရာရည်သောက်တာတွေက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး အနံ့ပြန်ရဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

    ဒါကြောင့် နှာစေးနှာပိတ်တာမျိုး မရှိဘဲ အနံ့အရသာပျောက်နေမယ်ဆိုရင်တော့ မတ်ခ်တပ်ပါ။ မိသားစုဝင်တွေနဲ့ ခပ်ခွာခွာနေပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ။ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူ စစ်ဆေးနိုင်ဖို့အတွက် နီးစပ်ရာ Fever Clinic ကိုသတင်းပို့ပါ။ လိုအပ်တဲ့ ကုသမှုတွေကို ခံယူပေးပါ။

    ကုသမှု ခံယူနေစဉ်မှာ အိပ်ရေးဝဝအိပ်မယ်။ အာဟာရပြည့်ဝအောင် စားမယ်။ လက်ကို ခဏခဏဆေးမယ်သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်မယ်ဆိုရင် ကိုဗစ်ကို အနိုင်တိုက်နိုင်မှာပါ။ ကိုယ့်ကြောင့် အခြားသူတွေဆီကို မကူးစက်စေဖို့ လိုက်နာသတိပြုရမယ့် အချက်တွေကိုလည်း သေချာလေး လိုက်နာစေချင်ပါတယ်။

    ကိုဗစ်ကြောင့် အနံ့ပျောက်တာဟာ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ ဒါမှမဟုတ် လအနည်းငယ်ကြာတဲ့အခါ အလိုလို သက်သာသွားနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement