home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်လက်ဟာ သင့်မျက်နှာကို မကြာခဏ ထိတွေ့နေဖြစ်သလား

သင့်လက်ဟာ သင့်မျက်နှာကို မကြာခဏ ထိတွေ့နေဖြစ်သလား

သင့်အနေနဲ့ တစ်နေ့တာအတွင်း သင့်လက်နဲ့ မျက်နှာကို ဘယ်နှကြိမ်ထိတွေ့မိသလဲ သိပါသလား။ မယုံမရှိပါနဲ့။ အကြိမ်ပေါင်းမရေတွက်နိုင်လောက်တဲ့ထိ ထိတွေ့ဖြစ်နေပါတယ်။ နှာခေါင်းယားလို့ပဲဖြစ်စေ၊ မျက်စိပူလို့ပဲဖြစ်စေ၊ သမ်းလို့ပဲဖြစ်စေ သင့်လက်များဟာ မျက်နှာကို အလိုလို သွားပြီးတော့ထိတွေ့နေတတ်ပါတယ်။ သင်ကိုယ်တိုင် သတိမထားလိုက်ခင်မှာပဲ သင့်လက်ဟာ မျက်နှာကို ပွတ်သပ်ကိုင်တွယ်မိနေမှာ ဖြစ်ပါတယ်။

လက်နဲ့မျက်နှာကို ထိတွေ့ခြင်းဟာ ကြီးကျယ်တဲ့ကိစ္စတခုမဟုတ်ဘူးလို့ ထင်စရာရှိနိုင်ပါတယ်။ တကယ်တော့ ကိုယ်ခန္ဓာမှာလက်ဟာ ပတ်ဝန်းကျင်ပစ္စည်းမျိုးစုံနဲ့ ထိတွေ့မှုအများဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တာမို့ ရောဂါပိုးကူးစက်နိုင်ခြေလည်း များပါတယ်။ လက်နဲ့မျက်နှာကို ထိတွေ့ခြင်းဟာ ပတ်ဝန်းကျင်က တုတ်ကွေးဗိုင်းရပ်စ်ပိုးတွေကို ကူးစက်ဖို့ အခွင့်အလမ်းများစေပါတယ်။

ပါးစပ်နဲ့ မျက်လုံးများကတဆင့် ကိုယ်ခန္ဓာထဲကို ဝင်ရောက်နိုင်သလို အသက်ရှူလမ်းကြောင်းကနေ ရှူရှိုက်ရာကနေလည်း ဝင်ရောက်နိုင်ပါတယ်။ အထူးသဖြင့် COVID-19 ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လက်မှာကပ်ငြိလာရင် မျက်နှာကိုထိတွေ့မိပြီးတဲ့အခါ ကိုယ်ခန္ဓာထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

သုတေသီများဟာ မျက်နှာနဲ့လက် ထိတွေ့တတ်တဲ့ လူတွေရဲ့ အမူအကျင့်ကို လေ့လာခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ လူဆယ်ဦးကို ရုံးခန်းတခုထဲမှာ သုံးနာရီကြာအလုပ်လုပ်စေပြီး စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ လေ့လာချက်အရ လူဆယ်ဦးစလုံးဟာ သူတို့ရဲ့မျက်နှာကို တစ်နာရီအတွင်းမှာ ပျမ်းမျှ ၁၆ ကြိမ်ထိ ထိတွေ့ကိုင်တွယ်မိကြကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ် သြစတြေးလျနိုင်ငံက ဆေးတက္ကသိုလ်တစ်ခုမှာ ကျောင်းသားတွေကို ပြုလုပ်ခဲ့တဲ့ သုတေသနအရ သူတို့တွေဟာ တစ်နာရီအတွင်းမှာ ၂၃ ကြိမ်အထိ လက်နဲ့မျက်နှာကို ထိတွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ တဝက်လောက်ဟာ ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိများကို ထိတွေ့ခဲ့ခြင်းဖြစ်ပြီး ဒါဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားရောဂါပိုးတွေ ကိုယ်ခန္ဓာထဲ ဝင်ရောက်နိုင်တဲ့ တံခါးပေါက်ပဲ ဖြစ်ပါတယ်။

ယခုလို COVID-19 ရောဂါပြန့်ပွားနေချိန်မှာ ဒီအချက်ဟာ အထူးသတိပြုစရာဖြစ်ပါတယ်။ လက်နဲ့ မျက်နှာကို မကြာခဏထိတွေ့ခြင်းကနေ ကာကွယ်ဖို့ နည်းလမ်းသုံးခု ရှိပါတယ်။

ပထမတစ်ချက်ကတော့ မထိတွေ့ဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားဖို့ ဖြစ်ပါတယ်။ အလေ့အကျင့်ဟာ ဖျောက်ဖို့ခက်တယ်ဆိုပေမယ့် လက်ကို မျက်နှာနဲ့ဝေးအောင် လေ့ကျင့်ယူသွားရမှာ ဖြစ်ပါတယ်။ မိမိရဲ့လက်ဟာ မျက်နှာအနီးကို ရောက်လာနိုင်တဲ့အခြေအနေကို သတိပြုနိုင်ရပါမယ်။ လက်စွပ်၊ ဟန်းချိန်း ဒါမှမဟုတ် ရာဘာကွင်းကို လက်မှာဝတ်ဆင်ထားခြင်းအားဖြင့် သတိပိုပြုမိနိုင်ပါတယ်။ မျက်နှာနဲ့ မထိမိအောင် ဂရုစိုက်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

သုတေသီအချို့ကတော့ လက်အိတ်ဝတ်ဆင်ထားတာ အကောင်းဆုံးလို့ ဆိုပါတယ်။ အကြောင်းကတော့ လက်အိတ်ဝတ်ထားပြီးရင် မျက်နှာကို မထိတွေ့နိုင်ဖို့ သတိပိုထားဖြစ်လို့ပါပဲ။ အခြားနည်းလမ်းတခုကတော့ ရနံ့မွှေးတဲ့ လက်သန့်စင်ဆေးရည် (hand sanitizer) တစ်မျိုးမျိုးကို အသုံးပြုခြင်းပါပဲ။ မွှေးနေတဲ့လက်ဟာ မျက်နှာနားကို ရောက်သွားရင် သတိရပြီး အလိုလို ရပ်သွားပါလိမ့်မယ်။

ဒုတိယနည်းလမ်းတစ်ခုကတော့ လက်ဆေးခြင်းပါပဲ။ လက်ဆေးရာမှာ စနစ်တကျဖြစ်အောင် ဆပ်ပြာနဲ့ရေကို သုံးပြီး စက္ကန့်နှစ်ဆယ်ကြာအောင် ဆေးကြောသင့်ပါတယ်။ ဆပ်ပြာလည်းသုံးတဲ့အပြင် စက္ကန့်နှစ်ဆယ်ခန့် အနည်းဆုံးကြာမှသာ ရောဂါပိုးတွေကို သေစေနိုင်မှာ ဖြစ်ပါတယ်။ စက္ကန့်နှစ်ဆယ်ကို စိတ်ထဲကရေတွက်ဖို့ စိတ်မပါရင် happy birthday to you သီချင်းကို နှစ်ကြော့ဆိုပါလို့ အကြံပေးကြပါတယ်။

နောက်ဆုံးနည်းလမ်းကတော့ သင့်လက်ကို ပတ်ဝန်းကျင်အရာများနဲ့ ထိတွေ့မှုကို သတိထားဖို့ပါပဲ။ လက်အိတ်စွပ်ရင် အကောင်းဆုံးပါပဲ။ လက်အိတ်မရှိရင်လည်း တခြားနည်းလမ်းတွေနဲ့ ထိတွေ့မှုကို လျှော့ချနိုင်ပါတယ်။ ဥပမာ တံခါးလက်ကိုင်ကို ကိုင်ဖွင့်ရာမှာ ပလတ်စတစ် ဒါမှမဟုတ် စက္ကူတမျိုးမျိုးခံပြီး ကိုင်တွယ်ခြင်း၊ ဓာတ်လှေကားခလုတ်နှိပ်ရမှာ လက်နဲ့မနှိပ်ဘဲ ဘောပင် ဒါမှမဟုတ် သွားကြားထိုးတံကိုသုံးခြင်း စတာမျိုးတွေ ဖြစ်ပါတယ်။ စာသင်ခန်း၊ အစည်းအဝေးခန်းမမှာဆိုရင် သင့်လက်ချောင်းအချင်းအချင်း ယှက်ထားပြီး ပေါင်ပေါ်တင်ထားခြင်းဟာ နည်းလမ်းကောင်းတခုဖြစ်တယ်လို့ သုတေသီအချို့က အကြံပေးပါတယ်။

အကောင်းဆုံးကတော့ လက်နဲ့မျက်နှာကို ထိတွေ့မှုမဖြစ်အောင် စိတ်ကို သတိကပ်ပြီး နေသွားဖို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 29/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။