backup og meta

GLP-1 receptor agonists တွေကို ကိုဗစ်လူနာမှာ ဆက်သုံးသင့် မသုံးသင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    GLP-1 receptor agonists တွေကို ကိုဗစ်လူနာမှာ ဆက်သုံးသင့် မသုံးသင့်

    ကိုဗစ်လူနာတွေမှာ ရောဂါအခံတွေရှိရင် ပိုပြီးပြင်းထန်တတ်တာ အားလုံးသိကြပြီးသားပါ။ ကိုဗစ်ကြောင့်လည်း နဂိုရောဂါအခံတွေ ပိုဆိုးတတ်သလို ရောဂါအခံတွေကြောင့် ကိုဗစ်ကို ခံနိုင်ရည် မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ ကိုဗစ်ဖြစ်တဲ့အခါ မိမိမှာ ရှိတဲ့ ရောဂါအခံတွေကို ထိန်းထားတာ အကောင်းဆုံးပါ။

    အထူးသဖြင့် ဆီးချိုသွေးချိုရောဂါဆို ပိုပြီး သတိထားသင့်ပါတယ်။ ကိုဗစ်ကြောင့် ကိုယ်တွင်းမှာ stressများပြီး ဆီးချိုသွေးချိုရောဂါ ပိုဆိုးနိုင်သလို၊ ကိုဗစ်မှာ ကုတဲ့ဆေး (ဥပမာ စတီးရွိုက်)တွေကြောင့်လည်း သွေးတွင်းသကြားဓာတ် တက်တတ်ပါတယ်။ ဒါ့ပြင် ကိုဗစ်မှာ တချို့ဆီးချိုသွေးချိုရောဂါဆေးတွေ (ဥပမာ မက်ဖော်မင်)ကို ရပ်ပြီး တခြားအမျိုးအစား ပြောင်းသုံးရတာတွေလည်း ရှိပါတယ်။

    ဒါဆို GLP-1 receptor agonists တွေကို ကိုဗစ်လူနာမှာ ဆက်သုံးသင့်ရဲ့လား။

    GLP-1 receptor agonistsရဲ့ အားသာချက်

    GLP-1 receptor agonists (ဥပမာ Liraglutide) တွေက ဆီးချိုသွေးချိုရောဂါဆေးအချင်းချင်း ယှဉ်ရင်တောင် အောက်ပါ အားသာချက်တွေ ရှိပါတယ်။

    • ဆီးချိုသွေးချိုရောဂါကို ကောင်းကောင်း ထိန်းပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် အလွန်အမင်းကျတာမျိုးလည်း မဖြစ်စေပါဘူး။
    • အစားစားချင်စိတ်ကို နည်းစေပြီး ဗိုက်ပြည့်လွယ်စေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးပြီး ရေရှည်မှာ ဝိတ်ကျစေပါတယ်။
    • နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။
    • ဆီးချိုသွေးချိုရောဂါကြောင့် ကျောက်ကပ် မထိခိုက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ဆီးချိုသွေးချိုရောဂါလူနာတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး နောက်ဆက်တွဲတွေ ဖြစ်မလာအောင် တားပေးနိုင်တာကြောင့် GLP-1 receptor agonistsကို အသုံးများလာကြပါတယ်။

    GLP-1 receptor agonists ကို ကိုဗစ်လူနာတွေမှာ ဆက်သုံးသင့်ရဲ့လား။

    ကိုဗစ်ဖြစ်လို့ သွေးတွင်းသကြားဓာတ် တက်လာတဲ့သူတွေ၊ ဆီးချိုသွေးချိုရောဂါရောဂါအခံရှိတဲ့ သူတွေမှာ လက်ရှိပေးနေတဲ့ ဆေးတွေကို ရပ်ပြီး တခြားဆေး ပြောင်းသုံးရမယ်ဆိုရင် GLP-1 receptor  agonistsကို ညွှန်လေ့ရှိပါတယ်။ သူ့ရဲ့ ထူးခြားချက်က

  • Cytokine storm ခုခံအား လွန်ကဲစွာ တုံ့ပြန်မှုကို ဖြစ်စေတဲ့ ရောင်ရမ်းမှု ဓာတ်ပစ္စည်းတွေ (endotoxin, IL-1β, and IL-6) ကို လျော့စေတာပါ။ အထူးသဖြင့် IL-6ဆိုတာ ပြင်းထန်တဲ့ ခုခံအား လွန်ကဲစွာ တုံ့ပြန်မှုကို ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းပါ။
  • GLP-1 receptor agonists အများစုက အာနိသင် ကြာကြာခံတဲ့အမျိုးအစားဖြစ်တဲ့အတွက် တစ်နေ့ကို တစ်ကြိမ် (တချို့အမျိုးအစားတွေဆို တစ်ပတ်မှာ တစ်ကြိမ်) ထိုးပေးရုံနဲ့ လုံလောက်ပါတယ်။ အရေပြားအောက်ကို ထိုးသွင်းရတဲ့ ဆေးဖြစ်ပြီး လူနာကိုယ်တိုင် ထိုးလို့ရတဲ့အတွက် လူနာနဲ့ လူနာစောင့်ကြား ထိတွေ့မှုကိုလည်း လျှော့ချနိုင်ပါတယ်။
  • ဆီးချိုသွေးချိုရောဂါအပြင် နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးထားနိုင်လို့ ကိုဗစ်လူနာများအတွက် ရောဂါအခံတွေ နည်းသွားပါတယ်။
  • ဆီးချိုသွေးချိုရောဂါရှိတဲ့ ကိုဗစ်လူနာများ သက်သာလာစေဖို့

    ဆီးချိုသွေးချိုရောဂါနဲ့ ကိုဗစ်နဲ့ တွဲနေတဲ့အခါ သူများထက် ရောဂါပြင်းထန်နှုန်း၊ သေနှုန်းတွေ ပိုများတာက အမှန်ပါပဲ။ ဒါပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆီးချိုသွေးချိုရောဂါရှိပေမယ့် ပြန်လည်သက်သာလာတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒီလို ပြန်လည် သက်သာလာဖို့ဆိုရင်

    • လက္ခဏာစပေါ်တည်းက ဆရာဝန်နဲ့ ပြသထားပါ။
    • ဆီးချိုသွေးချိုရောဂါကို ကောင်းကောင်းထိန်းပါ။
    • ဆီးချိုသွေးချိုရောဂါဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သုံးစွဲပါ။
    • အစားအသောက်ကို အာဟာရပြည့်အောင်လည်း စားပါ။ ဆီးချိုသွေးချိုရောဂါတက်စေမယ့် အစားအစာတွေကိုလည်း ရှောင်ပါ။
    • လှုပ်နိုင်ရင် ပေါ့ပါးတဲ့ လှုပ်ရှားမှုမျိုး လုပ်ပေးပါ။ ဆီးချိုသွေးချိုရောဂါထိန်းရလွယ်စေတဲ့အပြင် ကိုဗစ်ကြောင့် သွေးခဲဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    အရေးကြီးဆုံးကတော့ ကိုဗစ်လက္ခဏာလည်း ဖြစ်နေတယ်။ ဆီးချိုသွေးချိုရောဂါဆေးတွေလည်း သောက်နေရတယ်ဆိုရင် လက်ရှိသောက်နေရတဲ့ ဆေးတွေကို ဆက်သောက်ရမလား၊ ပြောင်းရမလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement