backup og meta

၂၀၂၁ မှာ ဆင်းရဲနွမ်းပါးတိုင်းပြည်များ၏ လူဦးရေ ၁၀% သာ COVID-19 ကာကွယ်ဆေးရမည်

၂၀၂၁ မှာ ဆင်းရဲနွမ်းပါးတိုင်းပြည်များ၏ လူဦးရေ ၁၀% သာ COVID-19 ကာကွယ်ဆေးရမည်

ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကျန်းမာရေးအဖွဲ့အစည်းတွေကတော့ COVID-19 ကာကွယ်ဆေးရရှိရေးကိစ္စဟာ အကျပ်အတည်းတစ်ခုဖြစ်လာဖို့ ရှိနေတယ်လို့ သတိပေးစကားဆိုလိုက်ကြပြီဖြစ်ပါတယ်။

Amnesty International၊ Global Justice Now၊ Free the Vaccine၊ the Yunus Centre၊ Frontline AIDS၊ Oxfam၊ SumOfUs၊ UNAIDS စတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတွေ စုစည်းထားတဲ့ Vaccine Alliance က အဆိုပါသတိပေးချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

COVID-19 ကပ်ဘေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတစ်ခုဖြစ်နေသလို ကာကွယ်ဆေးဖြန့့်ချိရေးအပိုင်းဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာဖို့ရှိနေတယ်လို့ သတိပေးလိုက်တာပါ။

ကမ္ဘာတစ်ဝှမ်းက ဝင်ငွေနည်းပါးတဲ့တိုင်းပြည်တွေနဲ့ ဝင်ငွေအလယ်အလတ် တိုင်းပြည်တွေက လူဦးရေ ၉၀% လောက်ဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ ကာကွယ်ဆေးရနိုင်ဖွယ်မရှိဘူးလို့ သိထားရပါတယ်။  ဒါ့အပြင် အဆိုပါဒေသတွေမှာ ကာကွယ်ဆေးလုံလုံလောက်လောက်ရရှိဖို့ဆိုရင် ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုခဲ့တာပါ။

Vaccine Alliance ကတော့ ချမ်းသာတဲ့တိုင်းပြည်တွေရဲ့ ကာကွယ်ဆေးတွေကို အင်တိုက်အားတိုက်ဝယ်ယူနေမှု၊ ဆေးဝါးတွေရဲ့ တန်ကြေးနဲ့ COVID-19 ကြောင့် ဖြစ်ပေါ်လာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းတွေဟာ ဆင်းရဲတဲ့တိုင်းပြည်တွေ COVID-19 ကာကွယ်ဆေး လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့အတွက် အကြီးမားဆုံးအခက်အခဲတွေ ဖြစ်လာစေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Vaccine Alliance ကတော့ သာမန်လူထုဆီကို ကာကွယ်ဆေး အလကားဖြန့်ဖြူးပေးနိုင်ဖို့ ကာကွယ်ဆေးကုမ္ပဏီကြီးတွေအနေနဲ့ ဆေးဝါးထုတ်လုပ်မှုနည်းပညာနဲ့ မူပိုင်ခွင့်တွေကို မျှဝေပေးနိုင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ Vaccine Alliance ဟာ WHO၊ Gabi တို့နဲ့ပူးပေါင်းပြီး COVAX ဆိုတဲ့ အစီအစဉ်ကို ဖန်တီးထားပြီး အဆိုပါအစီအစဉ်ဟာ COVID-19 ကာကွယ်ဆေးကို တန်ကြေးချိုသာစွာနဲ့ ဆင်းရဲတဲ့တိုင်းပြည်တွေဆီ ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ကာကွယ်ဆေးခရီး

COVID-19 ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ကြိုးပမ်းနေကြတဲ့ လူသားတွေရဲ့ ကြိုးပမ်းမှုတွေထဲမှာ ပထမဆုံးသော အောင်မြင်မှုက ကာကွယ်ဆေးဖန်တီးနိုင်လာတာဖြစ်ပါတယ်။ ကုသဆေးမဖော်ထုတ်နိုင်သေးခင်စပ်ကြားမှာ ကာကွယ်ဆေးတွေဟာ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်မယ့် အဓိက အမယ်တစ်မျိုးဖြစ်လာပါတယ်။

လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ရလဒ်ကောင်းတွေ ထွက်ရှိခဲ့သလို တရုတ်ကုမ္ပဏီ Sinovac၊ ဗြိတိန်-ဆွီဒင်ဖက်စပ် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်ကုမ္ပဏီ CanSino Biologics၊ ဂျာမနီက CureVac၊ အစ္စရေးလ်က BriLife၊ အိန္ဒိယက Bharat Biotech နဲ့ ရုရှားက Dr Reddy’s-BIRAC တို့ရဲ့ ကာကွယ်ဆေးသစ်တွေကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

လက်တလောမှာ အသုံးပြုလို့ရနေပြီဖြစ်တဲ့ဆေးဝါးတွေရော ဈေးကွက်ထဲကိုဝင်ဖို့တာစူနေတဲ့ ဆေးဝါးတွေမှာပါ ရောဂါကာကွယ်နိုင်စွမ်းနဲ့ စိတ်ချရမှုအပိုင်းမှာ ကွာခြားချက်အနည်းငယ်စီရှိနေပါတယ်။ ဒါပေမယ့် ဆေးဝါးတိုင်းဟာ ထိုက်သင့်တဲ့တန်ကြေးမျိုးနဲ့ ရောင်းချဖို့ စီစဉ်ထားတဲ့ဆေးဝါးတွေချည်းသာဖြစ်ပြီး ဆေးဝါးအများစုကိုလည်း ကြွယ်ဝတဲ့တိုင်းပြည်တွေကသာ အများအပြားဝယ်ယူနေကြတာပါ။

ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေအနေနဲ့ကတော့ ကာကွယ်ဆေးရရှိရေးမှာ ရုန်းကန်ရဦးမယ်အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတော့မှာပါ။

မြန်မာနဲ့ ကာကွယ်ဆေး

ခုကာလက COVID-19 ကာကွယ်ဆေးကို နိုင်ငံတိုင်း မျှော်လင့်တောင့်တနေကြတဲ့အချိန်ပါ။ မြန်မာနိုင်ငံကလည်း ဒီတိုင်းပြည်တွေထဲက တစ်နိုင်ငံလို့ ဆိုရမှာပါပဲ။ နိုင်ငံအတွင်းမှာ နေ့စဉ် လူနာထောင်ချီတိုးနေပြီး သေဆုံးနှုန်းဟာလည်း ၂၀-၃၀ ကြားပမာဏမှာရှိနေတာကြောင့် Stay at Home အစီအစဉ်နဲ့ တိုင်းပြည်ကို လည်ပတ်နေတာဟာ လနဲ့ချီနေပြီဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးကဏ္ဍအပါအဝင် ကဏ္ဍအမြောက်အများမှာ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။

ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် မြန်မာပြည်ကလည်း ကာကွယ်ဆေးဝယ်ယူရေးကြိုးပမ်းမှုတွေ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဆီကနေ ဆေးဝါးဝယ်ယူမှုတွေ ပြုလုပ်သွားဖို့ရှိနေပြီး WHO လိုမျိုး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေဆီကနေလည်း ဆေးဝါးခွဲတမ်းတစ်ချို့ကို လက်ခံရရှိသွားမှာဖြစ်ပါတယ်။ မြန်မာ့ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ လာမယ့်နှစ်ရဲ့ ပထမ ၆ လ ပတ်အတွင်းမှာ တိုင်းပြည်လူဦးရေရဲ့ ၂၀% ကို ကာကွယ်ဆေး ပံ့ပိုးပေးသွားနိုင်ဖို့ ရည်မှန်းထားကြောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လာမယ့်နှစ် ပထမ ၃ လပတ်အတွင်းမှာ ကာကွယ်ဆေး ရရှိနိုင်ဖို့ မျှော်လင့်ထားပေမယ့် Vaccine Alliance ရဲ့ သတိပေးစကားကတော့ ဒီမျှော်လင့်ချက်တွေအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ World Bank ထံက ချေးငွေ၊ WHO နဲ့ COVAX စတဲ့အဖွဲ့အစည်းတွေဆီကနေ ကူညီပံ့ပိုးမှုတွေလည်း ရရှိဖို့ရှိနေတာကြောင့် လာမယ့်နှစ်မကုန်ခင်မှာ နိုင်ငံ့လူဦးရေရဲ့ ပမာဏတစ်ချို့ထံ ဆေးဝါးဖြန့်ဖြူးပေးနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် တိုင်းပြည်လူဦးရေကို ကာမိနိုင်တဲ့ ပမာဏမျိုးဖြစ်လာနိုင်မလားဆိုတာကတော့ အဖြေမရှိသေးတဲ့ မေးခွန်းလို့သာ ဆိုရပါလိမ့်မယ်။

ကိုဗစ်တိုက်ပွဲမှာ တစ်နှစ်နီးပါး ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူသားတွေအနေနဲ့ တန်ပြန်တိုက်စစ်စတင်နိုင်မယ့် ကာကွယ်ဆေးတွေ ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာအနှံ့အပြားမှာ ကာကွယ်ဆေးတွေ လုံလုံလောက်လောက်ထိုးနှံနိုင်ဖို့ဆိုရင်တော့ အချိန်တွေ၊ ငွေကြေးအင်အားတွေ၊ ခွန်အားစိုက်ထုတ်မှုတွေ အများကြီးလိုအပ်ဦးမှာဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးနဲ့ လက်တကမ်းအကွာကို ရောက်ရှိနေပြီဖြစ်ပေမယ့် လုံလောက်စွာရရှိနိုင်ဖို့ အချိန်ယူရဦးမှာဖြစ်တာမို့ ပေါ့လျော့လို့မရသေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ခုချိန်ကာလမျိုးတွေမှာ နေအိမ်မှာပဲ စည်းကမ်းတကျနေထိုင်ပြီး ကာကွယ်ဆေးထိုးနှံခွင့် ရရှိလာချိန်အထိ စည်းကမ်းလိုက်နာပြီးနေထိုင်တာက အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်းဖြစ်တယ်ဆိုတာကိုလည်း အသိပေးပါရစေ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/covid-19-vaccine-low-income-countries-lose-out-to-wealthy-countries#A-public-good?

https://www.voanews.com/covid-19-pandemic/who-equitable-global-distribution-2-billion-covid-19-vaccine-doses-begin-2021

https://www.unicef.org/press-releases/unicef-outlining-plans-transport-850-tonnes-covid-19-vaccines-month-behalf-covax

ယခုပုံစံ

08/07/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

COVID-19 ကာကွယ်ဆေး တန်ကြေးက သေးပါ့မလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement