backup og meta

Covid-19 ကာလမှာ အရက်ကြောင့် ဒုက္ခရောက်ခံတော့မလို့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကာလမှာ အရက်ကြောင့် ဒုက္ခရောက်ခံတော့မလို့လား

    ခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဆီကို Covid-19 ကူးစက်ဝင်ရောက်လာတာ တစ်လတောင် ကျော်ပြီနော်။ ခုနောက်ပိုင်းတော့ တချို့ရုံးတွေ ပြန်ဖွင့်ပြီမို့ မဖြစ်မနေ အလုပ်သွားရတာမျိုးတွေ ရှိပေမယ့် လူစုလူဝေးတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့တော့ လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကို ဆက်ပြီး မပြန့်အောင် ထိန်းထားနိုင်တဲ့ အခြေအနေမှာ မရှိသေးလို့ပါ။

    ခုပြောမယ့် အကြောင်းက ဒီလို Covid-19 ကာလမှာ အရက်သောက်လို့ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။ မိန်းကလေးတွေကတော့ သိပ်ပြီး လုပ်မှာ မဟုတ်ဘူးဆိုပေမဲ့ တစ်ခွက် တစ်ဖလား မမော့ရရင် မနေနိုင်တဲ့ ဘော်ဒါတွေအတွက် ရည်ရွယ်ပြီး ရေးရခြင်းပဲ ဖြစ်ပါတယ်။

    အရက်ကို အရင်ကတည်းက ကျန်းမာရေးအတွက် ကောင်းကျိုးမပြုတဲ့ အရာအဖြစ် လူအများက သတ်မှတ်ထားကြတယ်။ တချို့နေရာမှာတော့ အရက်ရဲ့ အသုံးဝင်ပုံတွေ ရှိတယ်ဆိုတာ မှန်ပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကြောင့် လုံးဝ မရှောင်နိုင်ရင်တောင် ကိုယ်တတ်နိုင်သလောက် လျှော့သောက်ဖို့တော့ လိုပါမယ်။

    ဘာကြောင့် Covid-19 ကာလမှာ အရက် ရှောင်ခိုင်းတာလဲ။

    အားလုံး ကြားဖူးကြတဲ့ အတိုင်းပဲ အရက်သည် ကျွန်တော်တို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ အစာအိမ်၊ နှလုံးတွေကို ထိခိုက်စေပါတယ်။ Covid-19 ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အမှုန်အမွှားကနေ တစ်ဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ကိုယ်တွင်းကလီစာတွေမှာ ရှိတဲ့ ဆဲလ်တွေကို တိုက်ခိုက်ခြင်းဖြင့် လူကို ဒုက္ခဖြစ်စေပြီး အသက်အန္တရာယ်ဖြစ်စေတာပါ။

    နောက်တစ်ချက်ကတော့ ကိုယ်ခံအားစနစ်ပါ။ အရက်ဟာ ကိုယ်ခံအား စနစ်ကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ရော ကျဆင်းစေပါတယ်။ ဒီလို ကပ်ဘေးကာလမှာ လူတစ်ယောက်က ကိုယ်ခံအားကျပြီ ဆိုတာနဲ့ အပြင်က ရောဂါပိုးတွေက ကိုယ်ထဲက ဝင်ဖို့ အရမ်းလွယ်သွားတယ်။ မတော်တဆ ရောဂါပိုး ကူးစက်ခံရတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်က အားနည်းနေတဲ့အတွက် ရောဂါပိုးက အရင်ကလို ကောင်းကောင်း တိုက်ထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် ရောဂါလက္ခဏာက ပိုပြင်းထန်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။

    ကိုယ်က အပြင်မထွက်ရင်ရော သောက်လို့ရသလား။

    တချို့ ဘော်ဒါတွေက မေးကြတယ်ဗျ။ သူတို့က အပြင်လုံးဝ မထွက်တော့ အိမ်မှာ သောက်လည်း ဘာမှမဖြစ်ဘူးမလားပေါ့။ တော်သင့်ရုံလောက် သောက်တာမျိုးကတော့ သိပ်ပြီး ပြဿနာ မရှိပါဘူး။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ အရက်သည်လည်း အဲ့ဒီထဲမှာ ပါဝင်ပါတယ်။ နောက်ပြီးတော့ အိမ်မှာ ကိုယ်က အပြင်မသွားခဲ့ဘူးဆိုရင်တောင် စားဝတ်နေရေးကို တာဝန်ယူထားရတဲ့ မိသားစုဝင်တွေက အပြင်သွားတာမျိုး ရှိနိုင်ပါတယ်။ မပြောကောင်း မဆိုကောင်း မိသားစုဝင်တွေပါ ကူးစက်ခံရရင် အဲ့ဒီအိမ်မှာ နေနေတဲ့သူ အားလုံးနီးပါး ကူးစက်ခံရဖို့ အခွင့်အလမ်းက ပိုများသွားပါပြီ။ ဒီတော့ ကူးစက်ခံရတာချင်း အတူတူပဲ ဆိုရင်တောင် ကိုယ့်မှာက ကိုယ်ခံအား နည်းနေတဲ့အတွက် သူများထက် ပိုပြီး ဒုက္ခပိုများနိုင်ပါတယ်။

    အိမ်ကို အပေါင်းအသင်းတွေ ခေါ်စုပြီး အရက်သောက်ခြင်း

    အိမ်ပြင်မှာ လူ ၅ယောက် နဲ့ အထက် စုဝေးမနေရဘူးဆိုတော့ တချို့တွေက သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ဝိုင်းဖွဲ့စားသောက်ကြတယ်။ ဒီမှာ ဘာကို ပြောချင်သလဲဆိုတော့ Covid-19 အဆုတ်ရောင်ရောဂါသည် ကူးစက်ခံရတဲ့တိုင်အောင် ကိုယ်ခန္ဓာထဲမှာ ဘာလက္ခဏာမှ မပြဘဲ အောင်းနေတတ်ပါတယ်။ ဒီလို အောင်းနေတဲ့အချိန်မှာ ကာယကံရှင်က ကိုယ့်ကိုယ်ကိုယ် နေကောင်းနေတယ်၊ ပိုးကူးစက်ခံရခြင်း မရှိဘူးလို့ပဲ ထင်ကြမှာပါ။ အဲ့ဒီလူသာ ကိုယ့်အိမ်ကို ပါလာခဲ့ရင်၊ မတော်တဆ ကိုယ့်ရှေ့မှာ ချောင်းဆိုးလိုက်တာ၊ နှာချေလိုက်တာမျိုး လုပ်မိရင် အဲ့ဒီအိမ်မှာ ရှိနေတဲ့သူ အများစုက ကူးနိုင်ဖို့ ဖြစ်နိုင်ခြေ အရမ်းများသွားပါပြီ။ ဒီအတွက်ကြောင့် ကိုယ့်အိမ်မှာပဲ ကိုယ်နေဖို့၊ တတ်နိုင်သလောက် အပြင်က ဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံခြင်း မရှိဖို့ မှာရခြင်း ဖြစ်ပါတယ်။

    ဒါကြောင့် ဒီ Covid-19 ကာလအတွင်းကို တတ်နိုင်သလောက် အရက်၊ ဆေးလိပ်တွေ မသောက်ဖို့၊ ကိုယ့်ရဲ့ ကျန်းမာရေးကိုရော ကိုယ့်မိသားစုကိုလည်း ကိုယ့်ကြောင့် ဒုက္ခမရောက်စေဖို့ သေချာ ဂရုစိုက်သင့်ပါတယ်။ အကယ်လို့ မသောက်ရ မနေနိုင်ဘူးဆိုရင်လည်း တော်သင့်ရုံ တစ်ခွက်လောက်ပဲ သောက်ပြီး၊ ရေများများသောက်၊ အစားအစာ တစ်ခုခုစားပြီး ညဘက်ကိုလည်း စောစောအိပ်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement