backup og meta

လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့

    သင်္ကြန်လိုပွဲတော်တွေ၊ EDMပွဲတွေ၊ ဘုရားပွဲစျေးတန်းတွေ စသဖြင့် လူစုလူဝေး လုပ်ကြတဲ့အခါ လူပိခံရဖို့၊ တစ်ခုခုဖြစ်လို့ ထွက်ပြေးကြတဲ့အခါ လူနင်း ခံရဖို့ များပါတယ်။ လူနင်းခံရတာက အရေးကြီးပါတယ်။

    အနင်းခံရရုံ သက်သက်နဲ့တင် ကိုယ်တွင်း ကလီစာတွေ ကြေမွပြီး သေနိုင်တဲ့အတွက် မတော်တဆများ လူစုလူဝေးကြားထဲကနေ ပြေးဖို့ လိုလာခဲ့ရင် ဘယ်လို နည်းလမ်းတွေ သုံးသင့်လဲဆိုတာ ပြောပြပါ့မယ်။

    လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့ နည်းလမ်းများ

  • မျက်စိရှင်ရှင်ထားပါ။

  • အရေးကြီးဆုံးက ဒီလူအုပ်ထဲက ထွက်နိုင်ဖို့ပါပဲ။ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါ။ လှည့်ပြေးတာကောင်းသလား၊ ရှေ့ကနေ ဖောက်ထွက်တာ ကောင်းသလား။ ဘယ်ဟာက လွတ်လမ်းနဲ့ နီးနိုင်လဲ။ ဒါကို သိဖို့အတွက်ဆိုရင် ပြဿနာဖြစ်နေတဲ့ ဗဟိုချက် epicentreကို သိဖို့ လိုပါတယ်။

    ဘယ်နေရာက လူတွေ အစုလိုက် အပြုံလိုက် ဖြစ်နေလဲ။ လူပါးတဲ့ ဘက်ကို ပြေးပါ။ ပြေးဖို့ပဲ မစဉ်းစားပါနဲ့။ ခိုအောင်းနိုင်မယ့် နေရာကိုလည်း စဉ်းစားပါ။ တိုက်လှေကားတွေ၊ အိမ်တံစက်မြိတ်ကို တစ်ချက်ကြည့်ပြီး လွတ်နိုင်တယ်ဆိုရင် ပြေးအောင်းလိုက်ပါ။

    • အခွင့်သာတုန်း အရင်ဆုတ်ပါ။

    ရုတ်ရုတ်သဲသဲ ဖြစ်နေပြီဆိုရင် ဘာလဲ ညာလဲ စပ်စုမနေပါနဲ့။ လူတွေ စပြေးတာ သတိထားမိပြီဆိုရင် ကိုယ်လည်း ပြေးပေါက်ရှာထားပါ။ နောက်ပိုင်း လူတွေ များလာလေလေ၊ ပြေးဖို့ ကျပ်လေလေပါပဲ။

    ဒါကြောင့် လူတွေ ရုတ်တရက် များလာပြီ၊ စပြေးနေပြီဆိုတာနဲ့ ကိုယ်က ဦးအောင် ပြေးဖို့ ပြင်ထားပါ။

    နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပါ။ ဒီလို စောစောစီးစီး ပြေးတဲ့သူတွေ များလာလေလေ၊ လူအုပ်ရဲ့ အင်အားနည်းလေလေ၊ တခြားသူတွေပါ လွတ်လွတ်လပ်လပ် ပြေးလို့ ရလေလေပါ။

    လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့

  • မလဲအောင် ထိန်းပါ။

  • ပြေးဖို့ မမီတော့ဘူးဆိုရင်တော့ အရင်ဆုံး မတ်မတ်ရပ်ပြီး ဟန်ချက်ညီအောင် ထိန်းထားပါ။ စုပုံတိုးတဲ့အခါကျတော့ ဒိုမီနို domino effectနဲ့ တစ်ယောက်လဲရင် နောက်ကလူတွေပါ ဆင့်ကာဆင့်ကာ လိုက်လဲမှာပါ။

    ဒိုးဆက်လေးတွေ လဲသလို အားလုံး တန်းစီလဲပြီး အချင်းချင်း ပိကုန်မှာပါ။ ပြန်ထဖို့ဆိုတာ အတော်ခက်ခဲတာကြောင့် အစတည်းက မလဲအောင် သေချာရပ်ပါ။

    ဘယ်လိုပဲ ကွင်းပြင်ကြီးမှာ ပြေးနေတာ ဖြစ်ပါစေ။ လူကျပ်လာတဲ့အခါ ပတ်ဝန်းကျင်မှာ အောက်စီဂျင်နည်းလာတတ်ပါတယ်။ လူပိမသေတောင် လူအုပ်ထဲမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးသွားတဲ့ သူတွေ ရှိပါတယ်။

    ဒါကြောင့် အသက်ဝအောင် ရှူပါ။ အော်ဟစ်မနေပါနဲ့။ ပြေးနေရင်းနဲ့ အသက်ကို ရအောင် ရှူပါ။

    • ရင်ဘတ်ကို ကာကွယ်ပါ။

    လူတွေ အချင်းချင်း ဖိလာပြီဆိုတာနဲ့ လက်ဝှေ့သမားလို လက်နှစ်ဖက်ကို ရင်ဘတ်မှာ ကပ်လိုက်ပါ။ ဒီလို နေမှပဲ နံရိုးတွေ မကျိုးအောင် ကာကွယ်နိုင်မှာပါ။ မဟုတ်ရင် အချင်းချင်း ပိတာနဲ့ နံရိုးတွေ ကျိုးပြီး ကိုယ်တွင်းအင်္ဂါတွေမှာ သွားစိုက်ပါလိမ့်မယ်။

    နောက်တစ်ချက်က ဒီလိုကာထားလိုက်မယ်ဆိုရင် ဘေးလူနဲ့ကြားမှာ နေရာအနည်းငယ်ကျန်လို့ အသက်ဝဝရှူနိုင်မှာပါ။

    လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့

    • အလိုက်သင့်လေး ပါသွားပါ။

    လူရဲ့ သဘာဝက တစ်ယောက်ယောက်က ကိုယ့်ကို လာတွန်းရင် ပြန်တောင့်ထားတတ်ပါတယ်။ ဒီလိုအချိန်မှာတော့ ဒါက သိပ်အသုံးမဝင်ပါဘူး။ ဒီလိုတောင့်ထားတာက လူအုပ်ကြီးကိုလည်း မရပ်နိုင်သလို၊ ကိုယ်လည်း အားကုန်တာပဲ ရှိပါတယ်။

    ဖြစ်သင့်တာက ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကို မလဲအောင် ဟန်ချက်ထိန်းပြီး လူအုပ်နဲ့အတူ အလိုက်သင့်လေး ပြေးနေတာက အကောင်းဆုံးပါပဲ။

    • အလုံပိတ်တွေဘက်ကို မပြေးပါနဲ့။

    အလိုက်သင့်လေး သွားဆိုပေမယ့် မသွားသင့်တဲ့ အရပ်တော့ ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ ရှေ့မှာ တစ်ခုခု ပိတ်နေရင်ပါ။ ရှေ့မှာ နံရံ၊ ခြံစည်းရိုး စတာတွေရှိရင် ဒါတွေကနေ ဝေးဝေးရှောင်ပါ။ လူအုပ်နဲ့ အတားအဆီးတွေကြား ညပ်တတ်ပါတယ်။

    ဒါကြောင့် ထိပ်ဆုံးမှာ မျက်စိရှင်ရှင်ထားလို့ ပြောတာပါ။ ကိုယ်ဘယ်ကို ပြေးနေလဲဆိုတာ သိဖို့ လိုပါတယ်။

    • လူအုပ်အင်အားကို တွက်ဆပါ။

    ဘယ်ကို ပြေးမလဲ၊ ဘယ်သူ့နောက် လိုက်မလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဒီအချက်တွေကို သိထားဖို့ လိုပါတယ်။

    – သင့်ဘေးက လူက သင်နဲ့ အသားချင်းမထိသေးဘူးဆိုရင် လူသိပ်မများသေးပါဘူး။ အကြမ်းဖျင်း ၁မီတာ ပတ်လည်ကို လူ၃ယောက်လောက်ပဲ ရှိမှာပါ။

    – ဘေးက လူနဲ့ တိုက်မိနေပြီဆိုရင်တော့ ၁မီတာ ပတ်လည်ကို လူ၄-၅ယောက်လောက် ဖြစ်လာပါပြီ။ အန္တရာယ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီနေရာက ခွာသင့်နေပါပြီ။

    – လက်လှုပ်လို့ မလွယ်ဘူး။ ကိုယ့်လက်နဲ့ ကိုယ့်မျက်နှာ ထိလို့မရအောင် ကျပ်နေပြီဆိုရင်တော့ တော်တော်လူများနေတာပါ။ သိပ်မကြာခင် ဒီထက်ပိုများပြီး ပိနိုင်ပါတယ်။

    ကြောက်လန့်တကြားဖြစ်လာပြီဆိုရင် ဘာမှ မတွေးနိုင်ဘဲ ရှေ့ကလူ ပြေးတာကိုပဲ လိုက်ပြေးကြပါတယ်။ ဒီလို အခြေအနေမျိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ သတိလက်လွတ် ပြေးတာ၊ နင်းမိတာတွေ ဖြစ်နိုင်ခြေ အများဆုံးပါ။

    ဒီလို အခြေအနေမျိုး ဖြစ်လာပြီဆိုရင် ကိုယ့်စိတ်ကို နိုင်အောင်ထိန်းပါ။ ခေါင်းအေးအေးနဲ့ ဘယ်နေရာကို ရွေ့မလဲဆိုတာ စဉ်းစားပါ။

    ဒီလူအုပ်ထဲမှာ ရှိတဲ့ လူတိုင်းက အန္တရာယ်အခြေအနေကို ကျရောက်နေတာပါ။ ဒါကြောင့် အချင်းချင်း ကူညီပါ။ လူအုပ်ချင်း တူရင်တောင် အချင်းချင်း ညီညီညွတ်ညွတ်ပြေးတဲ့ လူအုပ်က တောင်တစ်နေရာ မြောက်တစ်နေရာ ပြေးတဲ့ လူအုပ်ထက် ပိုပြီး အထိအခိုက် နည်းပါတယ်။

    ဒါကြောင့် အချင်းချင်း ကူညီပါ။ တကယ်တမ်း ပြေးရမယ်ဆိုရင်၊ အန္တရာယ်ကင်းတဲ့နေရာကို ရှောင်ရမယ်ဆိုရင်တောင် အားနည်းတဲ့သူကို ဦးစားပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement