ကိုဗစ်ကို လေထဲကကူးတယ်လို့ ပြောကြတဲ့အတွက် လူတော်တော်များများရဲ့ စိတ်ထဲမှာ ဘာကို တွေးသလဲဆိုတော့ လေထဲက ဗိုင်းရပ်စ်က ရှိနေတယ်။ ရှူလိုက်ရင် ကူးတော့မှာ၊Positiveထွက်တော့မှာလို့ ထင်နေကြပါတယ်။ ဒါကြောင့် တချို့က အိမ်ထဲမှာနေလည်း မထူးဘူး။ အသက်ရှူနေတော့ လေထဲကနေ ကူးမှာပဲလို့ ထင်တတ်ကြပါတယ်။ မြန်မာလို လေထဲကကူးတယ်လို့ တစ်ခွန်းထဲပြောလို့သာ ရှုပ်သွားတာပါ။ တကယ်တော့ ဒီလိုမလုပ်ပါဘူး။
ကိုဗစ်ဘယ်လိုကူး
ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေဆိုတာ အကြောင်းမဲ့ထုတ်ထားတာ မဟုတ်ပါဘူး။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို လိုက်ပြီး ဘယ်လိုကာကွယ်လိုက်ရင်တော့ မကူးနိုင်တော့ဘူးဆိုပြီး တွက်ချက်ထားတာပါ။ ကူးနိုင်တဲ့ပုံစံလေးတွေကို တစ်ခုချင်းစီ ကြည့်လိုက်ရအောင်။
-
ထိရာက ကူးတယ်။
ထိတယ်ဆိုတာက လူနာကို အသားချင်းထိမိတာနဲ့ ကူးတာ မဟုတ်ပါဘူး။ ဆိုပါစို့။ လူတစ်ယောက်က ဗိုင်းရပ်စ်အပြင်ထွက်လာနိုင်တဲ့ အပြုအမူတစ်ခုလုပ်လိုက်တယ်။ ဥပမာ နှာချေလိုက်၊ ချောင်းဆိုးလိုက်တယ်။ ပြီးတော့ သူကမရှိတော့ဘူး။ အပြင်ထွက်သွားတယ်။ နောက်တစ်ယောက်ဝင်လာတယ်။ ခုနက နှာချေ၊ ချောင်းဆိုးထားတဲ့ အမှုန်အမွှားတွေ ပေနေတဲ့ ပစ္စည်းကို ကိုင်တယ်။ လက်မဆေးဘူး။ ဒီပိုးရှိတဲ့လက်နဲ့ မျက်လုံးတို့၊ နှာခေါင်းတို့၊ ပါးစပ်တို့ကို လျှောက်ကိုင် လျှောက်ပွတ်မယ်။ ဒီလိုဆိုကူးနိုင်ပါတယ်။
လူတိုင်းတော့ မဟုတ်ပေမယ့် ဗိုင်းရပ်စ်ပမာဏ၊ လူနာရဲ့ ခုခံအားပေါ်မူတည်ပြီး တချို့က positiveထွက်သွားပါတယ်။ တချို့ကလည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကူးနိုင်တဲ့ လမ်းကြောင်းဖြစ်လို့ သတိထားရပါမယ်။ လက်နဲ့ မျက်နှာကို မထိပါနဲ့။ လက်ကို မကြာမကြာဆေးပါဆိုတာက ဒီကူးစက်နည်းကို တားချင်လို့ ဖြစ်ပါတယ်။
-
အမှုန်အမွှားတွေကတဆင့် ကူးစက်တယ်။
အမှုန်အမွှားတွေဆိုတာက နှာချေ၊ ချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားတွေကို ဆိုလိုတာပါ။ Respiratory dropletsလို့ ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေပေါ့။ ဒီအမှုန်လေးတွေက ကိုယ်ထဲက အချွဲတွေနဲ့ ဗိုင်းရပ်စ်နဲ့ ရောထားတာဖြစ်လို့ အရွယ်နည်းနည်းကြီးပါတယ်။ >5-10 မိုက်ခရိုလောက် ရှိပါတယ်။ ကိုယ့်အနီးအနားမှာ ပိုးရှိတဲ့ လူတစ်ယောက်က အကာအကွယ်မလုပ်ဘဲ နှာချေလိုက်မယ်၊ ချောင်းဆိုးလိုက်မယ်ဆိုရင် ဒီအမှုန်အမွှားတွေက ကိုယ့်ဆီတန်းတန်းမတ်မတ် ဝင်လာမှာပါ။ ကိုယ်ကလည်း အကာအကွယ်မလုပ်ထားဘူးဆိုရင် ပိုပြီးတောင် အလွယ်တကူဝင်လာနိုင်ပါသေးတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက ဒီအမှုန်အမွှားတွေက နှာချေ၊ ချောင်းဆိုးရုံနဲ့တင် ထွက်တာမဟုတ်ပါဘူး။ စကားကျယ်ကျယ်ပြောတာ၊ သီချင်းအော်ဆိုတာ၊ သမ်းဝေတာ စတာတွေကနေလည်း ထွက်လာတတ်ပါတယ်။ အလွယ်ပြောရရင် ရင်ဘတ်ကို ဖွင့်ထုတ်ပြီး လုပ်တဲ့ အလုပ်မှန်သမျှကနေ အမှုန်အမွှားထွက်နိုင်ပါတယ်။
ဒါကြောင့် KTVတို့၊ ဘားတို့၊ ဘာသာရေးပွဲတွေမှာ လူတွေ အစုလိုက် အပြုံလိုက် ကူးစက်ခံရတာက ဒီနေရာတွေက လူများပြီး တစ်ယောက်နဲ့ တစ်ယောက် ခွာနေလို့ မရဘူး။ လေဝင်လေထွက်မကောင်းဘူး စတာတွေအပြင် ဒီလို အားရပါးရ ပြောဆိုနေတာတွေကြောင့်လည်း ပါပါတယ်။
အားနဲ့ ထွက်လာနဲ့ အမှုန်အမွှားတွေက အနည်းဆုံး တစ်မီတာ (၃ပေ) အကွာအဝေးကိုတော့ ကောင်းကောင်းရောက်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ ပြောတာပါ။ အနည်းဆုံး ၆ပေလောက် ခွာထားမှ စိတ်ချရမှာပါ။ ဝေးလေ ကောင်းလေပါပဲ။ မတော်တဆ တစ်ယောက်ယောက်က ကိုယ့်နားမှာ ဒါမျိုးအပြုအမူတွေ လာလုပ်ရင်လည်း မကူးအောင်လို့ နှာခေါင်းစည်းတပ်ခိုင်းတာပါ။
-
လေထဲကကူးတယ်
လေထဲက ဆိုပေမယ့် လေထဲမှာ ဗိုင်းရပ်စ်တွေ ပျံ့နှံ့နေတာမျိုး မဟုတ်ပါဘူး။ Aerosol transmissionလို့ ခေါ်တဲ့ အမှုန်အမွှားသေးသေးလေးတွေကနေ ကူးစက်တာပါ။ ခုနကပြောခဲ့တဲ့ နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတာတွေထက် ပိုသေးပါတယ်။ <5 မိုက်ခရိုလောက်ပဲ ရှိပါတယ်။ ဒီလို သေးပြီးပေါ့တဲ့အတွက် လေထဲမှာ အချိန်တစ်ခုထိအောင် နေနိုင်တာပါ။ ကိုဗစ်က လေထဲမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာကတော့ သုတေသန ရလဒ် အမျိုးမျိုးဖြစ်နေတုန်းပါပဲ။
ဒီလို လေထဲက ကူးတာကို အဓိကအားဖြင့် ဆေးကုသတဲ့နေရာမှာ ပိုတွေ့ရပါတယ်။ လူနာကို အသက်ရှူပိုက်ထည့်တာမျိုး၊ ချွဲစုပ်တာမျိုး၊ အသက်ရှူနိုင်အောင် လေပြွန်ဖောက်တာမျိုးတွေမှာ အသက်ရှူလမ်းကြောင်းထဲက အမှုန်သေးသေးလေးတွေ လေထဲကို လွင့်ပျံလာပြီး ကူးတတ်ပါတယ်။ ဒါကြောင့် ကုသမှုပေးတဲ့ ဆရာဝန်တွေ ဝတ်စုံပြည့်ဝတ်ထားကြတာပါ။
ဒါပေမယ့် ဘယ်လိုဆို ပြဿနာ ရှိသလဲဆိုတော့ အလုံပိတ်အခန်းထဲမှာ ရောဂါရှိတဲ့သူက နှာချေလိုက်၊ ချောင်းဆိုးလိုက် လုပ်နေမယ်ဆိုရင် ပိုးတွေက လေထဲမှာ ပျံ့နေမှာပါ။ ခုနကပြောသလို နှာခေါင်းစည်းချွတ်ပြီး စကားကျယ်ကျယ်ပြောမယ်၊ ဖုန်းတွေ အော်ဟစ်ပြောနေမယ်၊ အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်နေမယ်ဆိုရင် လေထဲကို ရောက်မယ်။ လေထဲမှာ အချိန်အတိုင်းအတာတစ်ခုထိနေပြီး ရှူမိရင် ကူးမှာပါ။ မျက်နှာချင်းဆိုင်ပြီး ထမင်းတူတူစားတာကလည်း ခုချိန်မှာ အန္တရာယ်ရှိတဲ့ အပြုအမူတစ်ခုပါပဲ။
ဒါကြောင့် တတ်နိုင်သမျှ အခန်းတွေကို အလုံပိတ်မထားပါနဲ့။ လေဝင်လေထွက်ကောင်းပြီး နေရောင်လေးရအောင် ထားပေးပါ။ ဘတ်စ်ကားတွေဆိုလည်း လူကြပ်လွန်းတာတွေ၊ အလုံပိတ်ပြီး စီးတာတွေ မလုပ်သင့်ပါဘူး။
ကပ်သီးကပ်သတ်မေးလို့ ဒီလိုဖွင့်လိုက်လို့ ပိုးတွေ အပြင်ရောက်လာပြီး ပတ်ဝန်းကျင်ကို ပျံ့လာရင်ရောဆိုရင် လေထုအကျယ်ကြီးထဲကို ရောက်သွားတဲ့အတွက် ပိုးတွေက ချဲသွားနိုင်ပါတယ်။ ရှိသမျှ ပိုးတွေကို တစ်ယောက်တည်းရှူမိဖို့ဆိုတာကလည်း ဖြစ်နိုင်ခြေနည်းပါတယ်။ ကိုယ်ထဲကို ဝင်မယ့် ဗိုင်းရပ်စ်ပမာဏနဲ့ ကိုယ်ခံအားပေါ်လည်း မူတည်ပါသေးတယ်။ ပြီးတော့ ပိုးတွေက အချိန်တစ်ခုရောက်ရင် လေထဲမှာမရှိတော့ဘဲ သေသွားမှာပါ။
ဒါက လက်ရှိလေ့လာထားမိသလောက် ကိုဗစ်ရဲ့ ကူးစက်ပုံတွေပါပဲ။ ကူးစက်နည်းပေါ်အခြေခံပြီး ကာကွယ်နည်းတွေကို ထုတ်ထားတာဖြစ်တဲ့အတွက် သေချာလိုက်နာသင့်ပါတယ်။
[covid_19]
[embed-health-tool-bmi]