backup og meta

မျက်နှာကို လက်နဲ့မထိပါနဲ့


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာကို လက်နဲ့မထိပါနဲ့

    တစ်နေ့မှာ ဘယ်နှကြိမ်လောက် မျက်နှာကို လက်နဲ့ထိတတ်လဲ။ မျက်နှာသစ်တဲ့အချိန် မိတ်ကပ်လိမ်းတဲ့အချိန်မဟုတ်ဘဲလေ။တော်တော်များများပဲမဟုတ်လား။ လက်ကအားနေတိုင်းဖြစ်ဖြစ်၊တစ်ခုခုတွေးနေရင်းဖြစ်ဖြစ် လက်ကရောက်မှန်းမသိ မျက်နှာပေါ်ရောက်ရောက်သွားတတ်တယ်ဟုတ်။ လက်ကနေရာတိုင်းကိုထိတွေ့နေတာပါ။ တံခါးလက်ကိုင်ဘုတွေကို ကိုင်ရတာလည်း ဒီလက်ပဲ။ ဖုန်းသုံးရင်လည်း ဒီလက်ပဲ။ ဖိနပ်စီးလည်း ဒီလက်ပဲ။ ဘာလုပ်လုပ်လက်ချောင်းတွေကို အများဆုံးအသုံးပြုရတာပါ။ အရာရာကိုထိတွေ့နေရတဲ့ လက်ချေင်းတွေမှာ ဘက်တီးရီးယားတွေက ထောင်နဲ့ချီပြီးရှိနေနိုင်ပါတယ်။ ဒီလိုမျိုးအရာရာမှာ အသုံးဝင်တဲ့ဒီလက်တွေက မျက်နှာအသားအရေအတွက်တော့ရန်သူပါပဲ။

    မျက်နှာကို လက်နဲ့ထိရင် ဘာဖြစ်လာမလဲ

    မျက်နှာကို လက်နဲ့ထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေကို မျက်နှာပေါ်တင်ပေးလိုက်သလိုဖြစ်ပြီး အရေပြားထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ မျက်နှာကိုလက်နပြထိရုံတင်မဟုတ်ဘဲ ကုတ်မယ်။ ဖဲ့မယ်ဆိုရင်တော့အရေပြားကရောင်ရမ်းပိုးဝင်တာမျိုးတွေအထိတောင်ဖြစ်လာနိုင်ပါတယ်နော်။ မျက်နှာကို လက်နဲ့ခဏ ခဏထိတွေ့တဲ့အခါ –

    ရောဂါပိုးတွေပြန့်နိုင်တယ်

    လက်ချောင်းက ကီးဘုတ်တွေကိုထိတွေ့ထားသလို၊မောက်စ်၊ ပိုက်ဆံ၊ခြေထောက်၊ဖိနပ် နဲ့ အခြားသောအရာတွေကို ထိတွေ့မိနိုင်ပါတယ်။ ဒီအရာတွေမှာဘက်တီးရီးယားတွေရှိနေနိုင်ပြီး လက်ချောင်းတွေမှာ ကပ်ငြိလာနိုင်ပါတယ်။ လက်ချောင်းတွေနဲ့ မျက်နှာကိုထိတွေ့လိုက်တဲ့အခါ ဘက်တီးရီးယားတွေကို မျက်နှာပေါ်ကို အခမဲ့ပို့ဆောင်ပေးလိုက်သလိုဖြစ်သွားပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

    အရေပြားပြဿနာတွေကို ပိုဆိုးစေနိုင်တယ်

    ဝက်ခြံတွေကို ဆိတ်ဆွတာ၊လက်နဲ့ညှစ်တာတွေက အရေပြားကို ပိုးဝင်စေပြီးချွေးပေါက်တွေအတွင်းမှာ ဘက်တီးရီးယားပေါက်ဖွားမှုတွေဖြစ်ပြီး ရှိရင်းစွဲအရေပြားပြဿနာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာမျိုးမလုပ်ပါနဲ့။

    မျက်အိတ်တွဲစေနိုင်တယ်

    မျက်လုံးတစ်ဝိုက်ကို လက်ချောင်းတွေနဲ့ ခဏခဏထိတွေ့မှုက မျက်လုံးတစ်ဝိုက် အရေပြားတွေကို လျော့ရဲလာစေပြီး မျက်အိတ်တွဲတာတွေကို ဖြစ်လာစေပါတယ်။ မျက်လုံးတစ်ဝိုက်က မျက်နှာအရေပြားရဲ့ အပါးလွှာဆုံးသော အရေပြားပါ။ မျက်လုံးတစ်ဝိုက်က အရေပြားအောက်မှာ ထိခိုက်လွယ်တဲ့ ဆံချည်မျှင်သွေးကြောလေးတွေရှိနေပါတယ်။ ဒါကြောင့် မျက်လုံးတစ်ဝိုက်အရေပြားကို ခဏခဏထိတွေ့မယ်ဆိုရင် သွေးကြောလေးတွေပေါက်သွားပြီး မျက်အိတ်တွေတွဲလာစေနိုင်ပါတယ်။

    မိတ်ကပ်တွေပျက်စေနိုင်တယ်

    ဒါကတော့ သိသိသာသာတွေ့ရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ တစ်နေကုန်လှလှပပနေချင်လို့ လူးထားတဲ့ မိတ်ကပ်ကို လက်ချောင်းတွေနဲ့ခဏခဏမျက်နှာကို ကိုင်ရင်း မျက်နှာကို ကုတ်ရင်း၊ဖဲ့ရင်းကြောင့် မိတ်ကပ်တွေပျက်သွားပြီး မလှမပဖြစ်နိုင်ပါတယ်။ ကိုယ်လုပ်နေရတဲ့လုပ်ငန်းခွင်က လှပကြော့ရှင်းစွာနေထိုင်ဖို့လိုတယ်ဆိုရင်တော့ မျက်နှာကို ခဏခဏမကိုင်ပါနဲ့။

    မျက်နှာကို ခဏခဏသွားကိုင်မိတဲ့ အကျင့်က ဖျောက်ရခက်ပါတယ်

    အလေ့အထတစ်ခုက မွေးမြူရတာခက်သလို ဖျောက်ဖျက်ဖို့လည်း ခက်ပါတယ်။ ကိုယ်က အချိန်တိုင်းလိုလို မျက်နှာကို ကိုင်မိနေတတ်တဲ့သူဆိုရင်တော့ ဒီအလေ့အထကို ဖျောက်ဖျက်ဖို့ တော်တော်လေးခက်မှာပါ။ ဒါပေမယ့် မျက်နှာအသားအရေလေး လှလှပပလေးဖြစ်နေချင်တယ်ဆိုရင်တော့ ဒီဖျောက်ရခက်တဲ့ အနေအထားကို မဖြစ်မနေကျော်လွှားရမှာပါ။ မျက်နှာကို လက်နဲ့ခဏခဏသွားကိုင်တာက ဖျောက်ရခက်တဲ့ အမာရွတ်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးဖြစ်စေဖို့အတွက် မျက်နှာကို လက်နဲ့ခဏခဏသွားကိုင်မိတဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲပြောပြမယ်နော်။

    ဒီအကျင့်ကို ဘယ်လိုဖျောက်မလဲ

    သတိထားနေရက်နဲ့ အမှုမဲ့အမှတ်မဲ့ဖြစ်သွားတိုင်း လက်ချောင်းတွေက မျက်နှာကို သွားသွားကိုင်မိနေတယ်ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။

    • လက်တွေကို ခုထိုင်ထားပါ။ ဒါမှမဟုတ် လက်အိတ်စွပ်ထားပါ။
    • လက်တွေကို အမြဲသန့်ရှင်းအောင်ထားပေးပါ။ မျက်နှာကိုလက်နဲ့ မကိုင်တွယ်ခင်မှာ အရင်ဆုံးလက်ကို သန့်အောင်ဆေးကြောပေးပါ။
    • ဖုန်းမျက်နှာပြင်ကနေလည်း မျက်နှာပေါ်ကိုဘက်တီးရီးယားတွေရောက်ရှိစေနိုင်တာမို့ ဖုန်းမျက်နှာပြင်ကို သန့်ရှင်းအောင်ထားပေးပါ။
    • မျက်နှာကို လက်နဲ့ခဏခဏကိုင်မိနေတာမျိုးမဖြစ်စေဖို့ ကိုယ့်ကိုကိုယ်သတိပေးပါ။
    • သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မျက်နှာကိုင်နေတာတွေ့ရင် သတိပေးဖို့ အကူအညီတောင်းပါ။

    ဒီလိုနည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ပြီး မျက်နှာကို လက်နဲ့ ခဏခဏမကိုင်မိအောင်ဂရုစိုက်ပေးပါ။ မျက်နှာကို လက်နဲ့မကိုင်မိလေလေရောဂါကင်းလေလေဖြစ်ပြီး အသားအရေလည်းကျန်းမာလှပလာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement