နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာတော်တော်လေးအဖြစ်များနေကြပါတယ်။ လူတော်တော်များများက သူတို့ဆီမှာ ဒီရောဂါခံစားနေရတာကို အချိန်တော်တော်ကြာတဲ့အထိမသိဘဲဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ တကယ်တော့ ဒီရောဂါကအဖြစ်များပါတယ်။ လူတော်တော်များများက သတိမထားမိဘဲဖြစ်နေတတ်ကြတာပါ။ ပုံမှန်အားဖြင့်ကတော့ သတိပြုမိဖို့ ခက်ခဲတတ်ပါတယ်။ ဒီရောဂါက စနစ်တကျကုသဖို့လိုပြီး မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်တာကို သတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတစ်ဦးဦးမှာဖြစ်ဖြစ်ရောဂါခံစားနေရလားဆိုတာကို သိရှိအောင်လုပ်ဆောင်နိုင်မယ့် အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။
နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာ
ခြေထောက်မှာရှိတဲ့သွေးပြန်ကြောရဲ့ အဆို့ရှင်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် နှလုံးဆီသွေးပြန်ပို့တဲ့အခါသွေးတွေဘက်ပြန်စီးဆင်းမှုဖြစ်ပြီးသွေးပြန်ကြောထဲမှာသွေးတွေစုသွားတဲ့အခြေအနေမျိုးပါ။ အပေါ်ယံအရေပြားအောက်ဘက်မှာသွေးတွေစုနေတာမျိုးသွေးကြောတွေထုံးနေတာမျိုးတွေ့ရနိုင်ပါတယ်။ခြေထောက်အောက်ဘက်ပိုင်းမှာတွေ့ရများပေမယ့် ဒီဝေဒနာက ခန္ဓါကိုယ်မှာရှိတဲ့သွေးပြန်ကြောတွေတိုင်းမှာခံစားရနိုင်ပါတယ်။
ဒီဝေဒနာခံစားရတဲ့အခါမြန်နိုင်သမျှမြန်မြန်ကုသမှုခံယူဖို့လိုအပ်မှာပါ။ ကုသမှုမြန်မြန်ခံယူနိုင်မှာ ကုထုံးကထိရောက်မှုရှိပြီး သက်သာပျောက်ကင်းဖို့ အခွင့်အလမ်းများတာကြောင့်ရောဂါလက္ခဏာတွေကိုမြန်မြန်သိရှိဖို့လိုအပ်ပါမယ်။ ဒီတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါခံစားရရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ်
- ခြေထောက်တွေထဲက နာကျင်နေခြင်း
- ခြေထောက်လေးလံခြင်း (အထူးသဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးနောက်)
- ခြေထောက်ဖောရောင်ခြင်း
- ခြေထောက်အပ်စူးသလို ခံစားရခြင်း (သို့မဟုတ်) ထုံကျဉ်ခြင်း
- ကြွက်တက်ခြင်း (အထူးသဖြင့် ညပိုင်းတွင်)
- ခြေထောက်ယားယံခြင်း၊နေရခက်ခြင်း
ဒီအချက်တွေကြောင့်ရောဂါခံစားရနိုင်ပါတယ်
ဘယ်သူတစ်ဦးတစ်ယောက်မဆို နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ကိုခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလူတွေကခံစားရနိုင်ခြေ ပိုများနေပါတယ်။
- အဝလွန်တဲ့သူတွေ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- အထိုင်များတဲ့သူတွေ
- ဆေးလိပ်ေသာက်တတ်တဲ့သူတွေ
- သွေးပြန်ကြောမှာသွေးခဲတတ်တဲ့သူတွေ
- မျိုးရိုးရှိသူတွေ
- အချိန်ပြည့်မတ်တတ်ရပ်နေရသူတွေ
- အသက် ၅၀ကျော်သူတွေ
- အမျိုးသမီးတွေ မှာ CVIရောဂါခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေတတ်ပါတယ်။
စောစီးစွာမကုသလျှင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေက
(၂)ပင့်ကူမျှင်သွေးကြောထုံး
(၃)ကောက်ကွေးကြီးမားသောသွေးကြောထုံ
(၄)ဖောရောင်ခြင်း
(၅)ခြေထောက်အညိုအမဲစွဲခြင်း
(၆)အနာကျက်သောခြေထောက်အနာ
(၇)အနာမကျက်သော ဆိုးရွားသည့်သွေးပြန်ကြောအနာ
ရောဂါခံစားနေရတာကို ဒီလိုနည်းနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်
ဆရာဝန်ကိုသွားရောက်ပြသတဲ့အခါ ဆရာဝန်က ဘာရောဂါတွေခံစားခဲ့ရဖူးလဲဆိုတာကို စစ်ဆေးပါမယ်။ ဒီလိုစစ်ဆေးတာကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါလက္ခဏာတွေကို ခံစားနေခဲ့ရတဲ့ ကာလအတိုင်းအတာကို သိရှိနိုင်စေဖို့ဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ခြေထောက်ရောင်ရမ်းနေလား၊ အရေပြားအရောင်ပြောင်းနေလား၊သွေးကြောထဲမှာသွေးခဲတာမျိုးရှိလား ။ ခြေထောက်မှာ အနာတစ်ခုခုရှိလားဆိုတာတွေကို စစ်ဆေးပါလိမ့်မယ်။
Duplex ultrasound (အသံလှိုင်းသုံးရှာဖွေခြင်း)
သွေးပြန်ကြောတွင်းရှိသွေးများရဲ့ စီးဆင်းနှုန်း နဲ့ ဦးတည်ချက် ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။သွေးတွေက ဘက်မှားစီးဆင်းနေလားဆိုတာကို ဆန်းစစ်နိုင်စေဖို့အတွက် ဒီနည်းကို အသုံးပြုတာပါ။ ဒီစစ်ဆေးမှုက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆုတ်ထဲမှာသွေးခဲနေတာလိုမျိုးပြင်းထန်တဲ့ရောဂါအခြေအနေတွေကို စမ်းသပ်ဖော်ထုတ်ရာမှာ အသုံးပြုနိုင်ပါတယ်။
စစ်ဆေးမှုပြုလုပ်စဉ်အတွင်းမှာ ကျွမ်းကျင်ပညာရှင်က သင့်အရေပြား ပေါ်တွင် gel တစ်မျိုးသုတ်လိမ်းပါမယ်။ ပြီးရင်တော့သေးငယ်သော ကိရိယာလေးကို အရေပြားပေါ်ထောက်ပြီး စစ်ဆေးမှာဖြစ်ပါတယ်။ ဒီကိရိယာက အသံလှိုင်းတွေကိုအသုံးပြုပြီး သွေးစီးဆင်းမှု ပုံရိပ်တွေကို ကွန်ပျူတာပေါ်မှာ မြင်တွေ့စေမှာဖြစ်ပါတယ်။ စစ်ဆေးမှုလုပ်ဖို့ မိနစ် ၃၀ ကနေ တစ်နာရီလောက်အထိကြာမြင့်နိုင်ပါတယ်။ပြီးရင်တော့ ပုံမှန်အတိုင်းလှုပ်ရှားမှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အခြားစစ်ဆေးသိရှိနိုင်တဲ့နည်းလမ်းများ
Magnetic Resonance Venogram (ရေဒီယိုအသံလှိုင်းသုံး ပုံရိပ်ဖော်စစ်ဆေးခြင်း)
CT Venogram (X-rays နဲ့ ကွန်ပျူတာဆော့ဝဲလ်ကိုအသုံးပြုပြီး ပုံရိပ်ဖော်စစ်ဆေးခြင်း)
Venogram (X-rays နဲ့ ပုံရိပ်ဖော်ဆေးရည်သုံး စစ်ဆေးခြင်း)
ဘယ်လိုသက်သာအောင်လုပ်မလဲ
CVI ကိုကုသရာမှာ လူနာတစ်ယောက်နဲ့တစ်ယောက် ကုသမှုပုံစံချင်းကွဲပြားနိုင်ပါတယ်။ ကုထုံးတော်တော်များများကတော့ရောင်ရမ်းမှုကိုလျော့သွားစေဖို့နဲ့သွေးစီးဆင်းမှုပုံမှန်ဖြစ်လာစေဖို့ ရည်ရွယ်တာပါ။
နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားနေရသူတွေအနေနဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲပေးဖို့လိုပါမယ်။ခြေထောက်ကို ခပ်မြင့်မြင့်လေးထားပေးတာကဝေဒနာခံစားရသူတော်တော်များများမှာရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပြီးခြေထောက်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ မကြာခဏဆိုသလို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးတာကလည်းသွေးလည်ပတ်မှုကောင်းစေဖို့ အထောက်အကူဖြစ်ပါတယ်။
ဒီဝေဒနာကမြန်မြန်ကုသနိုင်လေလေ ထိခိုက်မှုနည်းပြီး ထိရောက်မှုရှိလေလေပါ။ ဒါကြောင့်မြင်သာတဲ့လက္ခဏာတွေတွေ့မြင်ရပြီဆိုတာနဲ့ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့ပြောပါရစေ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-heart-rate]