backup og meta

သင့်ချစ်သူက သင့် နှလုံး ကို ကျန်းမာစေနိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ချစ်သူက သင့် နှလုံး ကို ကျန်းမာစေနိုင်ပါတယ်။

    ချစ်ခြင်းမေတ္တာအကြောင်းကို ဖွဲ့ဆိုထားတဲ့ သီချင်းတွေ၊ ကဗျာတွေ၊ ကိုယ့်ချစ်သူကို ကိုယ်ရည်ညွှန်းတဲ့အထဲမှာ ‘နှလုံး သား’ဆိုတဲ့ စကားရပ်က အမြဲပါပါတယ်။ နှလုံးက အသက်ရှင်ဖို့ အရေးကြီးတဲ့အတွက် ကိုယ့်ချစ်သူကိုလည်း အသက်တမျှ တန်ဖိုးထားပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ။ လက်တွေ့ဘဝမှာလည်း အချစ်ရေးက နှလုံးကို ကျန်းမာစေတယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားကြပါတယ်။

    ဘယ်လိုလဲဆိုတာ ဆက်ကြည့်ကြရအောင်။

    သင့်အချစ်ရေးက သင့် နှလုံး ကို ဘယ်လိုကျန်းမာစေတာလဲ။

    Psychosomatic Medicine ဂျာနယ်မှာ ပါဝင်တဲ့ သုတေသနရလဒ်အရ ချစ်သူနဲ့ အတူအချိန်ဖြုန်းတာက သူစိမ်းနဲ့ အချိန်ဖြုန်းတာနဲ့ ယှဉ်ရင် သွေးဖိအားကို သိသိသာသာ ကျစေပါတယ်တဲ့။ အထူးသဖြင့် အတူရှိနေချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ်ပြောတာကို နားထောင်ပေးရုံနဲ့တင် စိတ်ဖိစီးမှုတွေ လျော့ကျပြီး သွေးဖိအား ကျလာတာပဲ ဖြစ်ပါတယ်။

    ဒီလို မဟုတ်ဘဲ ပူညံပူညံလုပ်နေရင်တော့ စိတ်တွေရှုပ်ပြီး သွေးတွေ တိုးလာနိုင်တာပေါ့နော်။

    • ရင်ခုန်စရာ အတွေ့အကြုံလေးတွေကလည်း နှလုံးအတွက် Cardio Workoutပဲ ဖြစ်ပါတယ်။

    အကြည့်ချင်းဆုံရင် ရင်ခုန်တာကစလို့ ခရက်ရှ်လေးက ကိုယ့်ကို စာပြန်တာတွေက ရင်ထဲမှာ တဒိတ်ဒိတ်ဖြစ်စေတဲ့ အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဦးနှောက်ကနေ ဒိုပါမင်း၊ အဒရီနယ်လင်း၊ နော်အပီနယ်ဖရင်းတွေ ထွက်လာတာကြောင့် နှလုံး ကို အားနဲ့ ခပ်မြန်မြန်လေး ခုန်စေပါတယ်။

    ဒီလိုမျိုး အချိန်ခဏလေးလောက် နှလုံးခုန်မြန်နေတာက လေ့ကျင့်ခန်းလုပ်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါကြောင့် ရင်ခုန်နေပြီဆို သွေးလည်ပတ်မှု ကောင်းပြီး ပူရှိန်းရှိန်းလေး ဖြစ်လာတာပါ။

    University of North Carolinaရဲ့ လေ့လာချက်အရ ချစ်သူနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ် ပွေ့ဖက်လိုက်တာက ခန္ဓာကိုယ်ကို နွေးထွေးစေပြီး စိတ်ကို စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒီလိုဖြစ်ရတာက အောက်စီတိုစင် ဟော်မုန်းထွက်လာလို့ပါ။ ဒီဟော်မုန်းက စိတ်ဖိစီးမှုကို ကျစေပြီး သွေးဖိအားကိုလည်း နည်းစေပါတယ်။

    ၂၀၁၁ European Society of Cardiology (ESC) ကကျင်းပတဲ့ ဆေးပညာညီလာခံမှာ University Of Maryland School of Medicine က စိတ်ဖိစီးမှုများရင် သွေးကြောတွေ ကျဉ်းလာတယ်ဆိုတဲ့ အချက်ကို တင်ပြခဲ့ပါတယ်။ ဒီလို သွေးကြောကျဉ်းတာက နောက်ပိုင်းမှာ သွေးကြောတွေ မာပြီး ပျက်စီးတာကို ဖြစ်လာစေနိုင်ပါတယ်။

    ချစ်သူနဲ့ အတူရှိချိန်မှာ ရယ်မောပျော်ရွှင်နေရတာကတော့ အထက်ပါအချက်ကို ကာကွယ်နိုင်မှာပါ။ ကိုယ်ချစ်တဲ့သူနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောနေရတာက စိတ်ဖိစီးမှုကို လျော့ကျစေလို့ သွေးကြောတွေကို ကျန်းမာစေမှာပါ။

    သင့်ချစ်သူက သင့် နှလုံး ကို ကျန်းမာစေနိုင်ပါတယ်။

  • ရည်စားစာရေးတာက ကိုလက်စထရောကို ကျစေပါတယ်။
  • ကိုယ့်ချစ်သူအကြောင်းကို တဖွဲ့တနွဲ့ ရေးတာကလည်း နှလုံး ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကျန်းမာစေပါသေးတယ်။

    ဒါကို Human Communication Research က ကျောင်းသားတွေကို ၂ဖွဲ့ခွဲပြီး လေ့လာခဲ့ပါတယ်။ စမ်းသပ်ချက်မှာ ကျောင်းသားတစ်ဖွဲ့ကို သူတို့ချစ်ရတဲ့ သူတွေအကြောင်း ရေးခိုင်းပြီး နောက်တစ်ဖွဲ့ကိုတော့ ကိုယ်နှစ်သက်တဲ့ အကြောင်းကို မိနစ် ၂၀ကြာ ရေးခိုင်းခဲ့ပါတယ်။

    ရလဒ်ကတော့ ချစ်သူအကြောင်းကို ရေးတဲ့အဖွဲ့မှာ သွေးတွင်းကိုလက်စထရော ပမာဏက သိသိသာသာ ကျဆင်းတာ (၁၇၀mg/dLကနေ ၁၅၉ mg/dL)ကို တွေ့ရပါတယ်။ ကျန်တဲ့အဖွဲ့မှာတော့ ထူးခြားချက်မရှိပါဘူး။

    ရည်းစားစာပေးတာက ဒီခေတ်မှာ မသုံးတော့ဘူးဆိုပေမယ့် ကိုလက်စထရောကျချင်ရင်တော့ စမ်းကြည့်သင့်တယ်နော်။

    • ကောင်းမွန်တဲ့ ခံစားချက်တွေက နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

    European Heart Journal ကနေ ပြုလုပ်တဲ့ လေ့လာချက်အရ ကောင်းမွန်တဲ့ ခံစားချက်တွေက သင့်နှလုံးကို ကျန်းမာစေပါတယ်တဲ့။ ချစ်သူနဲ့ရှိချိန် ပျော်ရွှင်ရတာ၊ ရယ်မောရတာ၊ စိတ်လှုပ်ရှားရတာ၊ စိတ်ထဲမှာ သက်သောင့်သက်သာဖြစ်နေတာတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေပါတယ်။

    ဒီအချက်ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့ပြင် ကိုယ့်ချစ်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတဲ့ သူတွေက ဆေးလိပ်သောက်နိုင်ခြေ နည်းတာ၊ သွေးတွင်း ကိုလက်စထရောကျဆင်းတာ၊ စိတ်သဘောထား နူးညံ့ပြီး ဆက်ဆံရေး ကောင်းမွန်တာတွေကို တွေ့ရှိရပါတယ်။

    • လက်ကိုင်ထားတာက စိတ်ကို တည်ငြိမ်စေပါတယ်။

    Psychological Science မှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ ချစ်သူရဲ့ လက်ကို ကိုင်ထားတာက စိတ်ကို တည်ငြိမ်စေတဲ့ အစွမ်းရှိပါတယ်တဲ့။

    လေ့လာချက်မှာ အမျိုးသမီးတွေရဲ့ ခြေကျင်းဝတ်ကို ကျင်စက်လေးနဲ့ တို့ပြီး သူတို့ဦးနှောက်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့ပါတယ်။ နာကျင်တာမှန်ပေမယ့် ချစ်သူအမျိုးသားရဲ့ လက်ကို ကိုင်ဆွဲထားတဲ့ အမျိုးသမီးတွေက နာကျင်တာကို ပိုခံနိုင်ရည်ရှိကြပါတယ်တဲ့။ သူစိမ်းရဲ့ လက်ကိုလည်း ကိုင်ခိုင်းပြီး စမ်းသပ်ပေမယ့် ချစ်သူလက်လောက် နာကျင်မှုကို ခံနိုင်စွမ်း မရှိပါဘူး။

    ဒါကြောင့် နောက်ပိုင်းမှာ မီးဖွားမယ့် အမျိုးသမီးတွေနားမှာ ခင်ပွန်းသည်ကို အဖော်ပြုခိုင်းကြတာ ဖြစ်ပါလိမ့်မယ်။

    အချစ်ရေးနဲ့ သင့်နှလုံး

    ပျော်ရွှင်ပြီး အဆင်ပြေနေတဲ့ အချစ်ရေးက သင့်နှလုံးကို ကျန်းမာစေပါတယ်။ စိတ်ဖိစီးမှုနည်းတာ၊ သွေးဖိအားကျတာ၊ သွေးကြောတွေကို ကျန်းမာစေတာ၊ သွေးလည်ပတ်မှုကောင်းတာ စတာတွေက နှလုံးကို ကျန်းမာစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
    ဒီလိုမဟုတ်ဘဲ အဖုအထစ်တွေနဲ့ ဆက်ဆံရေးဆိုရင်တော့ စိတ်ဖိစီးမှုတွေများပြီး နှလုံးကျန်းမာရေး ထိခိုက်နိုင်တာကြောင့် မိမိနဲ့ မိမိအဖော်ကြားမှာ ကောင်းမွန်နဲ့ ဆက်ဆံရေးရအောင် ဖန်တီးယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement