brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဆိုတာဟာ အရက်ကို ကာလရှည်ကြာ စွဲသောက်ခြင်းကြောင့် နှလုံးကြွက်သားများကို ထိခိုက်ပျက်စီးလာစေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်ပါများတဲ့အခါ နှလုံးကြွက်သားများဟာ ပါးလွှာပြီး အားနည်းလာပါတယ်။

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)

အဆိုပါအခြေအနေမှာ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ သွေးများကို နှလုံးထဲကနေ မညှစ်ထုတ်နိုင်တဲ့အခါ ကိုယ်ခန္ဓာရဲ့ အရေးကြီးနေရာတွေကို သွေးမရောက်တော့တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဟာ အမျိုးသားတွေမှာဖြစ်တာများပြီး အသက် ၃၅ ကနေ ၅၀ ကြား အရွယ်တွေမှာ တွေ့ရများတယ်လို့ စစ်တမ်းတစောင်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရက်ကို ၅နှစ်ကနေ ၁၅နှစ်လောက်အထိ စွဲမြဲလွန်ကျူးစွာ သောက်သုံးလာသူတွေမှာ တွေ့ရတတ်ပါတယ်။

အရက်ကို တစ်နေ့တာ သောက်သုံးသင့်တဲ့ ပမာဏနဲ့ ပတ်သက်ပြီး အမျိုးသားများအနေနဲ့ တစ်ရက်ကို ၄ခွက် ဒါမှမဟုတ် တစ်ပတ်ကို ၁၄ခွက်၊ အမျိုးသမီးများအနေနဲ့ တစ်ရက်ကို ၃ခွက် ဒါမှမဟုတ် တစ်ပတ်ကို ၇ ခွက် စသဖြင့် သတ်မှတ်ထားပါတယ်။ အဆိုပါပမာဏထက် ပိုသောက်ရင် အလွန်အကျွံ သောက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း ဟာ အမြဲတစေ လက္ခဏာမပြတတ်ပါဘူး။ ပြခဲ့ရင်လည်း နှလုံးပျက်စီးခြင်း (heart failure) ရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ ခြေကျင်းဝတ် ခြေထောက်များ ဖောရောင်ခြင်း စတဲ့လက္ခဏာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။

လက္ခဏာတွေက ဘာတွေလဲ

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း လက္ခဏာတွေကတော့

– အသက်ရှူမဝခြင်း

– ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်များ ဖောရောင်ခြင်း

– မောပန်းအားနည်းခြင်း

– မူးဝေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း

– အစားပျက်ခြင်း

– အာရုံစူးစိုက်ရန်ခက်ခဲခြင်း

– သွေးခုန်နှုန်း မမှန်ခြင်း၊ မြန်ခြင်း

– ချောင်းဆိုးချွဲထခြင်း

– ဆီးသွားသည့်ပမာဏပြောင်းလဲခြင်း

စတာတွေ ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ

အရက်ကို လွန်ကဲစွာသောက်သုံးတာ ကြာလာရင် ကိုယ်ခန္ဓာရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေပေါ် အဆိပ်အတောက်ဓာတ်တွေ ဖြစ်လာနိုင်ပါတယ်။ အရက်ရဲ့ အဆိပ်အတောက်ဓာတ်တွေဟာ နှလုံးကိုထိခိုက်စေပြီး ကြွက်သားတွေကို အားလျော့လာစေပါတယ်။

အားနည်းလာတဲ့ နှလုံးကြွက်သားတွေဟာ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ နှလုံးထဲမှာရှိတဲ့ သွေးပမာဏဟာလည်း ပိုမိုများပြားလာပါတယ်။ နှလုံးနံရံများလည်း ပါးလာပြီး နှလုံးအရွယ်အစားလည်း ကြီးမားလာပါတယ်။

ဘယ်လိုကုသမလဲ

ပထမအဆင့်ကတော့ အရက်ဖြတ်ဖို့ပါပဲ။ အရက်ဖြတ်ချိန်မှာ အရက်စွဲတဲ့လက္ခဏာတွေပေါ်လာရင် ဆရာဝန်နဲ့ တိုင်ပင်ပြိး ကုသမှု ခံယူသင့်ပါတယ်။ နေထိုင်စားသောက်ပုံလည်း ပြောင်းလဲပေးဖို့ လိုပါတယ်။ ဆားပါဝင်မှုနည်းပါးတဲ့ အစားအစာတွေကို စားသောက်ရပါမယ်။ ကိုယ်ခန္ဓာထဲမှာ ပိုလျှံနေတဲ့ ရေနဲ့ဆားတွေကို ဖယ်ထုတ်နိုင်ဖို့ ဆီးဆေးတွေ သောက်ဖို့ လိုအပ်နိုင်ပါတယ်။

ဆီးဆေးများကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်သုံးသင့်ပါတယ်။ အရည်သောက်တဲ့ပမာဏကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဒါမှသာ အရည်များစုဝေးပြီး နှလုံးကို ဝန်မပိရအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

နှလုံးကို ဘယ်လောက်ထိ ထိခိုက်နေသလဲဆိုတာကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးကြည့်ရပါမယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာတာ အကောင်းဆုံးပါပဲ။

အရက်ဟာ နှလုံးကြွက်သားကိုပဲ ထိခိုက်စေနိုင်တာမဟုတ်ဘဲ တခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ စနစ်များကိုလည်း ထိခိုက်နိုင်တာကြောင့် အလွန်အကျွံ မသောက်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။

medical
Dr. Thant Zin
Written by
အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
02/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။