brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အိပ်နေစဉ် အကြောဆွဲခြင်း

တစ်ခါတစ်လေ အိပ်နေတုန်း အကောင်းကြီးကနေ ဘာဖြစ်မှန်းမသိ ဆတ်ခနဲ တုန်ပြီး အကြောဆွဲဖူးပါလား။ တချို့ဆို လက်တွေ မြှောက်တာ၊ ခြေထောက်တွေ ကန်မိတာတွေ အထိပါ ဖြစ်တယ်လေ။ အဲ့ဒါကို ဆေးပညာအရ Sleep myoclonus အိပ်နေစဉ် အကြောဆွဲခြင်း လို့ ခေါ်ပါတယ်။ ကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ လူကြီးတွေမှာလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဒါမျိုး ဖြစ်လာရင် တက်လာများလား၊ ထမင်းလုံးတစ္ဆေခြောက်တာလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ သူ့နောက်ကွယ်က အဖြစ်မှန်က ဘာလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။

အိပ်နေစဉ် အကြောဆွဲခြင်း

အိပ်နေစဉ် အကြောဆွဲခြင်း ဘာကြောင့် ဖြစ်တာလဲ။

အိပ်နေစဉ် အကြောဆွဲခြင်း ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်သေးပေမယ့် ဦးနှောက်ထဲက neurotransmitter ဒိုပါမင်းကြောင့်လို့ ယူဆကြပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အတက်ရောဂါနဲ့ ခွဲလို့ ရနေပါပြီ။

အတက်ရောဂါကတော့ ဦးနှောက်ထဲက လျှပ်စီးဓာတ်တွေ ကမောက်ကမ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်

  • ဦးနှောက်မှာ ဒိုပါမင်း မညီမျှတာကို ဖြစ်စေတဲ့ ဆေးတွေ၊ တချို့သော စိတ်ကျရောဂါကုဆေးတွေ၊ bismuthတွေပါ။ ကံကောင်းတာက ဆေးတွေရပ်လိုက်ရင် ပြန်သက်သာသွားပါတယ်။
  • Restless legs syndrome လို့ ခေါ်တဲ့ အိပ်နေစဉ် ခြေထောက် ဂနာမငြိမ်ဖြစ်တာ
  • Periodic limb movements of sleep လို့ ခေါ်တဲ့ အိပ်နေတုန်း မသိလိုက်ဘဲ ခြေတွေ လက်တွေ လှုပ်နေမိတာ
  • မှေးခနဲ အိပ်ပျော်တုန်း ကြွက်သားတွေ အကြောဆွဲတာ
  • ညအိပ်တုန်း ခြေထောက်ကြွက်တက်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်နေရာတွေ ဖြစ်တတ်လဲ။

နှုတ်ခမ်း၊ မျက်လုံး၊ ခြေချောင်း လက်ချောင်းတွေက စပြီး ခြေတွေ လက်တွေ အထိ အကုန်ဖြစ်နိုင်ပါတယ်။ တစ်ညကို တစ်ခါတည်း ဖြစ်နိုင်သလို၊ တစ်ခါမကလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင် ဆတ်ခနဲ တုန်ပြီး ပြီးသွားနိုင်သလို မိနစ်အနည်းငယ်လည်း ကြာနိုင်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ။

ကလေးရော လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ လသားအရွယ်ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ကလေးတွေ အိပ်နေရင်း တုန်တက်သွားတာ တွေ့ဖူးမှာပါ။ မေမေတွေက ကလေး တစ်ခုခုကြောင့် လန့်သွားတယ်ထင်လို့ ဖင်လေးပုတ်ပြီး စောင်လေးခြုံပေးလိုက်ပါတယ်။

တကယ်တော့ အဲ့တာ Sleep myoclonus ဖြစ်တာပါ။ လူကြီးတွေမှာလည်း တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။

စိုးရိမ်ရလား။

ကလေးတွေက များသောအားဖြင့် နည်းနည်းကြီးလာရင် သူ့အလိုလို ပျောက်သွားပါတယ်။ အရေးကြီးတာက အိပ်နေတုန်းမှာပဲ တုန်ရပါမယ်။ တုန်နေတုန်း နိုးလာရင် အတုန်ရပ်သွားရပါမယ်။ နိုးနေတဲ့အချိန်မှာ မတုန်ရပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ အတက်ရောဂါလား ဆိုတာ သေချာအောင် ဆရာဝန်နဲ့ ပြသစစ်ဆေးရပါမယ်။

လူကြီးတွေကတော့ သာမန်ပဲ တစ်ခါတစ်လေမှ ဆိုရင် ပြဿနာ မရှိပါဘူး။ Sleep myoclonusကို ရောဂါလို့ မသတ်မှတ်လို့ပါ။ ဒါပေမယ့် ခဏခဏ ဖြစ်နေတယ်။ အိပ်လိုက်တာနဲ့ ဖြစ်နေလို့ အိပ်ရေးပျက်ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ အကြောင်းက multiple sclerosisတို့၊ မှတ်ဉာဏ်ချို့ယွင်းတာတို့ ပါကင်ဆန်တို့ဟာလည်း ဒီလို လက္ခဏာမျိုးနဲ့ လာနိုင်လို့ပါ။

Sleep myoclonusဆိုတာ ကြို့ထိုးတာ၊ တစ်ယောက်ယောက်က စလိုက်လို့ လန့်သွားပြီး တုန်တက်သွားတာတို့နဲ့ သဘောတရားချင်း တူတူပါပဲ။ ဒါကြောင့်လည်း ရောဂါလို့ မသတ်မှတ်တာပါ။ ဒါပေမယ့် ပြောခဲ့သလိုမျိုး အပေါ်က အချက်တွေ ရှိနေမယ်ဆိုရင်တော့ နောက်ခံရောဂါ တစ်ခုခု ရှိနေနိုင်တာမို့လို့ ဆရာဝန်နဲ့ပြသဖို့ အကြံပေးလိုပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။