backup og meta

မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

    မနက်ပိုင်းလေး အလုပ်ရှိလို့၊ သွားစရာရှိလို့၊ စာမေးပွဲ ဖြေရမှာကြောင့် ဆိုပြီး နှိုးစက်တွေ နာရီဝက်ခြား တစ်ခါလောက် ပေးထားရတဲ့သူတွေထဲ သင်ကိုယ်တိုင်ရော ပါနေလား။ နှိုးစက်သံ အကျယ်ကြီး ကြားတိုင်း ကောင်းနေတဲ့ အိပ်မက်ကလေးတွေ ဘယ်လွင့်ပြေးလို့ ပြေးမှန်းမသိ ခေါင်းကိုက်ပြီး နိုးလာရလို့ စိတ်ညစ်ခဲ့ဖူးလား။ ဒီလိုမျိုး ခံစားဖူးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။ ကဲ ….. မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့ !

    မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

    မနက်ခင်းအစော နှိုးစက်သံ အကျယ်ကြီးနဲ့ နိုးလာရတဲ့သူတွေဟာ ခေါင်းကိုက်ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နားဆူခြင်းတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် အိပ်နေရင်းနဲ့ အသံနဲ့ နှိပ်စက်ပြီး အတင်းနိုးထလာရသလို ဖြစ်တာကြောင့် စိတ်ကလည်း ဘယ်လိုမှ ကြည်နိုင်တော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် နာရီဝက်ခြား တစ်ခါလောက် နှိုးစက်ပေးထားရတဲ့သူတွေဆိုရင် ကိုယ်တိုင်ရော ကိုယ်နဲ့ အတူနေတဲ့ မိသားစုအတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။

    သုတေသီတွေရဲ့ လေ့လာချက်အရ ဆူညံတဲ့ နှိုးစက်အသံတွေနဲ့ အတင်းနိုးထတာထက် စိတ်ကြည်လင်စေတဲ့ တေးဂီတသံနဲ့အတူ နိုးထခြင်းဟာ လူရဲ့ စိတ်အာရုံကို ပျော့ပျောင်းနူးညံ့စေသလို ညင်သာစွာ နိုးထရတဲ့အတွက် စိတ်ကလည်း ကြည်ကြည်လင်လင် ဖြစ်နေမှာပါ။ ဒီအတွက် ကိုယ်ပုံမှန်အိပ်တဲ့အချိန် ဖွင့်နားထောင်တဲ့ စိတ်အေးချမ်းစေတဲ့ ဂီတသံစဉ်လေးတွေကို ဖွင့်ပေးထားတာမျိုး၊ ပုံမှန် နားထောင်နေတဲ့ သီချင်းတွေထဲမှာမှ နားခံသာလောက်မယ့် သံစဉ်လေးတွေ ဖွင့်ထားလို့ ရပါတယ်။

    နောက်ထပ် အားသာချက်က လူတွေ နိုးထလာတဲ့အခါ နာရီဝက်လောက်ထိကို အိပ်ရာထဲမှာ ထပ်ပြီး လှဲတဲ့အကျင့်ရှိပါတယ်။ ဒီလိုအချိန်ကို အိပ်ချင်မူးတူးအချိန်လို့လည်း ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ လူတွေရဲ့ ကြွက်သား၊ ဦးနှောက်အာရုံကြော၊ ကိုယ်တွင်းအင်္ဂါတွေဟာ အနားယူနေဆဲမှာမှ ဖြည်းဖြည်းချင်း ပြန်အလုပ်လုပ်ဖို့ကို အားယူရပါတယ်။ ဂီတသံစဉ်တွေက ဒီအချိန်ခဏလေးကို သာယာငြိမ့်ညောင်းမှု ပေးစွမ်းနိုင်သလောက် နှိုးစက်သံကတော့ လူကို စိုးရိမ်ပူပန်ခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်း စတဲ့ ခံစားချက်တွေ ဖြစ်စေပြီး လူက ကောင်းကောင်းအနားမယူရဘဲ စိတ်မကြည်မလင်နဲ့ လန့်နိုးလာရတာ ဖြစ်ပါတယ်။

    တေးဂီတသံလေးတွေနဲ့ မနက်ခင်းလေးကို သာယာစွာနိုးထလာစေဖို့ ဘာတွေ ပြင်ဆင်မလဲ။

    အခုထိ ဒါကို မဖြစ်နိုင်လောက်ဘူးလို့ တော်တော်များများက ထင်နေလောက်မှာပါ။ အသံအရမ်း ကျယ်တဲ့ နှိုးစက်တောင် မနက်ကိုမနိုးတာ၊ ဒီလို သာယာတဲ့အသံတိုးတိုးလေးနဲ့ နိုးထလာဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ တွေးမိလောက်ပြီပေါ့။ တကယ်တော့ ကိုယ့်ရဲ့ အိပ်စက်ပုံအနေအထားနဲ့ တစ်နေ့တာ နေထိုင်မှုပုံစံကို ဖြည်းဖြည်းချင်း ကျင့်ယူရင်ရပါတယ်။ ဘာတွေ အဓိက ပြင်ဆင်ရမလဲဆိုရင်

    ၁။ အိပ်ချိန်ကို အမြဲမှန်အောင် လုပ်ပါ။ ကိုယ်က နေ့စဉ်နေ့တိုင်း အချိန်မှန်အိပ်ပြီး အချိန်မှန်စားတယ်ဆိုရင် မနက်စောစော နိုးဖို့ လွယ်မှာပါ။

    ၂။ စောစောအိပ်နိုင်ဖို့ ကြိုးစားပါ။ မနက်ကို စောစောလည်း ထရမယ်၊ ညလည်း စောစောမအိပ်ချင်ဘူးဆိုရင်တော့ မနက်အစော ဒုက္ခကောင်းကောင်း ရောက်မှာ ကိုယ်တိုင်ပါပဲ။

    ၃။ မနက်ခင်းနဲ့ နေ့လယ်ဘက်မှာ တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းတွေ နေ့စဉ် ပုံမှန်လုပ်ပေးပါ။ တတ်နိုင်သလောက် တစ်ရေးတမော အိပ်တာရှောင်ပေးပါ။ အိပ်မယ်ဆိုရင်လည်း မိနစ်၂၀ထက် မပိုပါစေနဲ့။

    ၄။ အိပ်ခါနီး ကော်ဖီ၊ အရက်၊ ရေနွေးကြမ်းသောက်တာ၊ အစာအများကြီးစားတာ မလုပ်ပါနဲ့။

    ဒီအတိုင်းလေး နေ့စဉ် ပုံမှန်လုပ်ပေးသွားရင်တော့ ကိုယ့်ရဲ့ မနက်ခင်းလေးတွေက သာသာယာယာလေး ဖြစ်နေမှာပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement