backup og meta

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

    ဒီခေတ်ဟာ အပြိုင်အဆိုင်များတဲ့ ခေတ်ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ အားကုန်ထုတ် ကြိုးစားနေရပါတယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် သူများတွေထက် ရှေ့ရောက်နေဖို့ဆိုရင် ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နေနိုင်ဖို့ လိုတာပေါ့။

    တနင်္လာနေ့လောက်က စလုပ်လိုက်တာ တစ်ရက်ထက် တစ်ရက် ပင်ပန်းလာပြီး သောကြာနေ့လောက်ဆို ဒေါင်းနေပြီ။ နောက်တစ်ပတ် တနင်္လာနေ့တိုင်အောင် အလုပ်သွား၊ ကျောင်းသွားဖို့ ရုန်းကန်နေရတာ ကြုံဖူးမှာပါ။ ဒီလိုဆို သိပ်ကို ရှေ့ရောက်ချင်နေတဲ့ ကိုယ့်အတွက် အဆင်ပြေပါ့မလား။

    စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ တစ်နေ့တစ်နေ့ ကြုံရတဲ့ စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာပါ ဝန်ပိပြီး အလွယ်တကူပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။ ဒါတွေက ကျော်လွှားလို့ မရတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ အောက်ကနည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်လား။

    နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

    အာဟာရပြည့်အောင် စားသောက်ပါ။

    နေ့စဉ်စားတဲ့ထဲမှာ အသားငါး၊ အသီးအရွက် စုံလင်အောင် စားပါ။ ဒါတွေက သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး စိတ်ကြည်နေစေပါလိမ့်မယ်။ ဗီတာမင်ထဲမှာဆိုရင် ဗီတာမင် ဘီအုပ်စု၊ ဗီတာမင်အေ ရဖို့အတွက် အသီးအရွက်တွေ ရောင်စုံစားပေးပါ။ ဗီတာမင်အီးရအောင် အစေ့အဆန်တွေလည်း ပါဝင်ပါစေ။ နို့ထွက်ပစ္စည်းနဲ့ နေရောင်ခြည်ကနေ ဗီတာမင်ဒီရဖို့လည်း မမေ့ပါနဲ့။

    သတ္တုဓာတ်တွေထဲမှာဆိုရင် ဦးနှောက်ကို အကျိုးပြုစေမယ့် သံဓာတ်၊ ကော့ပါး၊ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကယ်ဆီယမ်၊ အိုင်အိုဒင်း စတာတွေပါအောင် စားပေးပါ။ ဒါတွေ အများကြီးပါအောင် ဘယ်လိုစားရမလဲဆိုရင် နေ့တိုင်း အသီးအရွက်၊ အသားငါးပါအောင် လှည့်ပတ်စားရမှာပါ။

    ဒါတွေ မစားနိုင်ပါဘူး။ အသားရှောင်တယ်၊ အသီးအရွက်မကြိုက်ဘူးဆိုရင်လည်း မစိုးရိမ်ပါနဲ့။ ဆေးပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဒီဓာတ်တွေ အားလုံးပါတဲ့ အားဆေးတွေ ရှိပါတယ်။ အရည်အသွေးစိတ်ချရမယ့်အရာတစ်ခုခုကို ရွေးချယ်ပြီး သောက်သုံးပါ။

    ၃-၄ နာရီခြားတစ်ခါလောက် နည်းနည်းစီစားပေးတာက သွေးထဲက သကြားဓာတ်ကို ထိန်းပေးပြီး ဦးနှောက်ကို ဆက်တိုက် သကြားဓာတ်ပေးနိုင်တဲ့အတွက် အင်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ပါလိမ့်မယ်။

    ခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားပြီး သောက်သမျှရေရဲ့ ၈၅ရာခိုင်နှုန်းကို ဦးနှောက်က ယူသုံးပါတယ်။ ဒါကြောင့် ရေကို လုံလုံလောက်လောက် သောက်ပေးဖို့ မမေ့ပါနဲ့နော်။

    ကဖင်းက လန်းစေတယ်လို့ ထင်ရပေမယ့် ဒါက ခဏတာပါပဲ။ ပြီးရင် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ဆုံးရှုံးစေလို့ ပိုတောင်ဆိုးပါသေးတယ်။ အရက်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ နောက်နေ့ အရက်နာကျရင် ခေါင်းတွေအုံခဲပြီး အာရုံစိုက်လို့ ရမှာ မဟုတ်ပါဘူး။

    ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

    နောက်နေ့မနက်မှာ လန်းဆန်းနေစေဖို့ဆိုရင် ဒီညမှာ အိပ်ရေးဝနေဖို့ လိုပါတယ်။ တစ်ညကို ၈နာရီလောက်ပြည့်အောင် အိပ်ပေးပါ။ နေ့လယ်နေ့ခင်းမှာ မိနစ်၂၀လောက် မှေးတာကလည်း ဦးနှောက်ကို လန်းဆန်းစေတာကြောင့် ကျန်တဲ့ နေ့တစ်ဝက်ကို တက်တက်ကြွကြွ ဖြတ်သန်းနိုင်မှာပါ။

    အကြာကြီးထိုင်တာက သွေးလည်ပတ်မှုကို နှေးကွေးစေပြီး လူကို နုံးချိစေပါတယ်။ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တော့ ဦးနှောက်ထဲက ဓာတ်တွေကို မျှတစေပြီး စိတ်တည်ငြိမ်စေလို့ အာရုံစူးစိုက်မှု အားကောင်းလာမှာပါ။

    စိတ်တည်ငြိမ်ဖို့အတွက် တရားထိုင်တာက အကောင်းဆုံးနည်းလမ်းဆိုတာ တော်တော်များများလက်ခံထားကြပါတယ်။ တရားထိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေ လျော့ကျသွားမယ်။ စိတ်ကြည်လင်လာမယ်။ ဦးနှောက်တစ်ခုလုံး ပေါ့ပါးပြီး အာရုံစိုက်ရတာ ပိုလွယ်လာပါလိမ့်မယ်။

    စိတ်ကို အနားပေးပါ။

    စိတ်ကို အနားပေးဖို့အတွက် အားလပ်ချိန်တွေမှာ စာဖတ်ပြီး တွေးတာ၊ သီချင်းနားထောင်တာ၊ ဦးနှောက်ကို အလုပ်ပေးရတဲ့ ဂိမ်းတွေ ဆော့ပေးပါ။ အလုပ်လုပ်နေရင်းနဲ့ မကြာမကြာအနားယူပေးပါ။ ဒီနည်းလမ်းတွေက စိတ်ကို အနားပေးရာ ရောက်သလို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်အောင်လည်း လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။

    စိတ်သွားတိုင်း ကိုယ်ပါဖို့ဆိုရင် စိတ်က ကြည်လင်ပြီး တည်ငြိမ်နေမှ ဖြစ်မှာပါ။ ဒါမှ တက်ကြွတဲ့ စိတ်နောက်ကို ကိုယ်က အလိုက်သင့်လေး လိုက်ပါပြီး မပင်မပန်းဘဲ အလုပ်လုပ်နိုင်မှာပါ။  ဘဝဆိုတာ ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက် အရာရာမှာ အောင်မြင်ချင်တယ်ဆိုရင် နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement