backup og meta

ညဘက်စောစောအိပ်ရင် ဘာတွေ ဖြစ်လာနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်စောစောအိပ်ရင် ဘာတွေ ဖြစ်လာနိုင်လဲ

    ဇီးကွက်လေးတွေ အိပ်ချိန်ပုံမှန်လေး ဖြစ်ဖို့ အိပ်ရာဝင်ချိန်တွေ ပြောင်းလဲဖို့ လိုပြီနော်။ ဘာကြောင့် စောစောအိပ်သင့်လဲဆိုတဲ့ အကြောင်းရင်းတွေကတော့…

    ၁။ စိတ်ဖိစီးမှုတွေ နည်းစေပါတယ်။

    အိပ်ရေးဝဝ အိပ်ခြင်းက ခံစားချက်တွေကို ပိုမိုကောင်းမွန်စေတဲ့အပြင် စိတ်ပန်း၊ လူပန်းဒဏ်ကိုလည်း ပိုပြီး ခံနိုင်ရည် ရှိစေပါတယ်။ တစ်ရက်ကို ၇နာရီကနေ ၉နာရီထိ မအိပ်ဘဲနေမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုတွေ ပိုများပြီး ဒီပင်ပန်းမှုတွေက ဦးနှောက်ပေါ် မကောင်းတဲ့ အကျိုးဆက်တွေ သက်ရောက်နိုင်ပါတယ်။ ဒီအကျိုးဆက်တွေထဲ စိတ်ကျရောဂါ၊ စိတ်ပူပန်သောကများတာနဲ့ အခြားသော ခံစားချက်ဆိုင်ရာ ဝေဒနာတွေ ပါဝင်ပါတယ်။ လက်ရှိထက် ပိုပျော်ရွှင်ပြီး စိတ်ဖိစီးမှုတွေ ပိုနည်းသွားဖို့ဆိုရင် လုပ်ရမယ့် နည်းလမ်းက လွယ်လွယ်လေးပါပဲ။ စောစော အိပ်ရာဝင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အတိုပြောရရင် တစ်နာရီ ပိုအိပ်ပါပေါ့။ နေထွက်ချိန်မှာ ထပါ။ ဒါဆို ဇီဝနာရီလည်း မှန်ကန်သွားပါလိမ့်မယ်။

    ၂။ ရောဂါဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

    စောစောအိပ်ပြီး စောစောထခြင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ အိပ်ရေးမဝတဲ့သူတွေ၊ တစ်ရက်ကို ၆နာရီ နဲ့ ၇နာရီထက် လျှော့ပြီး အိပ်တဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများပြီး အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေလည်း ပိုများစေပါသတဲ့။ ဒါကြောင့် WHO- ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကတောင် ညဘက် အလုပ်ဆင်းရတဲ့ လုပ်ငန်းခွင်တွေဟာ ကျွန်တော်တို့ရဲ့ ဇီဝနာရီကို နှောင့်ယှက်နေတယ်ဆိုပြီး မှတ်ချက်ချခဲ့ကြတာပါ။

    ၃။ ပိုပြီး လှစေပါလိမ့်မယ်။

    မနက်တိုင်းမှာ စကင်းကဲနေပါတယ်ဆိုတဲ့သူတွေတောင်မှ အိပ်ရေးပျက်ထားရင် ပင်ပန်းနေတဲ့ မျက်လုံးတွေကို မဖုံးကွယ်နိုင်ပါဘူး။ အိပ်ရေးဝဝ အိပ်ခြင်း၊ တစ်နည်းအားဖြင့် စောစော အိပ်ရာဝင်ပြီး စောစော အိပ်ရာထတတ်တဲ့သူတွေက ပိုပြီး ဂလိုးနေတာ တွေ့ရမှာပါ။ တစ်နာရီလောက်လေး ပိုအိပ်လိုက်တာက လေ့ကျင့်ခန်းတွေ လုပ်တဲ့အချိန်မှာလည်း ပိုပြီး အမောခံနိုင်စေပါလိမ့်မယ်။ အိပ်ရေးမဝခြင်းက လေ့ကျင့်ခန်း လုပ်တဲ့သူတွေ၊ အားကစား သမားတွေအတွက် ဒဏ်ရာရ ပိုလွယ်ကူစေပြီး ကြွက်သားကြံ့ခိုင်မှုကို အားနည်းစေတယ်လေ။ အားကစားလုပ်ပြီး ပင်ပန်းသွားတဲ့အခါ လိုအပ်တဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ အိပ်ရေးဝဝ အိပ်ခြင်းက ကူညီပေးနိုင်ပါတယ်။

    ၄။ အလုပ်လုပ်နိုင်စွမ်း ပိုကောင်းစေပါလိမ့်မယ်။

    အိပ်ရေးဝတဲ့အခါ အာရုံစူးစိုက်မှုအား၊ မှတ်ဉာဏ်၊ အတွက်အချက် နဲ့ ယုတ္တိကျကျ စဉ်းစားခြင်း စတဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေ အမှန်အကန် အားကောင်းလာပြီး အိပ်ရေးပျက်တဲ့အခါမှာတော့ ပင်ပန်းပြီး အလုပ်ကို စွမ်းအင်အပြည့်နဲ့ မလုပ်နိုင်တော့တာမျိုးတွေ ကိုယ်တွေ့ကြုံခဲ့ဖူးမှာပါ။ ရိုးရိုးလေး ပြောရမယ်ဆိုရင် အိပ်ရာဝင်ချိန်ကို တစ်နာရီလောက် စောလိုက်ခြင်းက အလုပ်ထဲမှာ ပိုပြီး အောင်မြင်စေမှာ ကျိန်းသေပါပဲ။

    ၅။ ပိန်စေပါတယ်။

    “ဟေး.. ပိုအိပ်ရင် ပိုဝတယ်ဆို။” တကယ်တမ်းကတော့ အိပ်စက်ခြင်းက ခါးသေးရင်ချီလေး ဖြစ်၊မဖြစ်ပေါ် အများကြီး သက်ရောက်နေပါသတဲ့။ ညဘက်ကို နောက်ကျမှ အိပ်ရာဝင်တဲ့သူတွေက စောစောအိပ်တဲ့သူတွေထက် ပိုပြီး ဝိတ်တက်လွယ်ပါတယ်လို့ သုတေသနတွေက ဆိုပါတယ်။

    ညဇီးကွက်လေးတွေက လှုပ်လှုပ်ရှားရှား လုပ်ဖို့ကိုလည်း သိပ်ပြီး စိတ်ဝင်စားလေ့ မရှိတဲ့အတွက် အဝလွန်ရောဂါဖြစ်နိုင်ခြေများတတ်ပါတယ်။ ဘာလို့လဲ။ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဦးနှောက်ဟာ ညဉ့်နက်သန်းခေါင် အချိန်တွေမှာ အဆီ နဲ့ ကယ်လိုရီမြင့်တဲ့ သရေစာတွေ စားဖို့ တောင်းဆိုနေတဲ့အတွက်ကြောင့်ပါနော်။

    ဒါဆို ညဘက် စောစော အိပ်ရာဝင်ခြင်းက ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူ ဖြစ်စေလဲဆိုတာ သိသွားပြီပေါ့။

    စောစောအိပ်ခြင်းနဲ့ Productive ဖြစ်ကြရအောင်။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement