backup og meta

စိတ်ဖိစီးမှုက သင့်ကို ဘာဆိုးကျိုးတွေပေးသလဲ

စိတ်ဖိစီးမှုက သင့်ကို ဘာဆိုးကျိုးတွေပေးသလဲ

စိတ်ဖိစီးမှုဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ မဖြစ်မနေကြုံတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ဖို့တွန်းအားပေးတာကြောင့် လူတိုင်းအတွက် လိုအပ်တဲ့ အခြေအနေ တစ်ခုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားလာရမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

ယခုဆောင်းပါးမှာ ဖော်ပြပေးမှာကတော့ စိတ်ဖိစီးမှုက သင့်ကို ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေသလဲ ဆိုတာပါပဲ။

စိတ်ဖိစီးမှုက သင့်ကို ဘာဆိုးကျိုးတွေပေးသလဲ

စိတ်ဖိစီးမှုက သင့်ကို ဘာဆိုးကျိုးတွေပေးသလဲ ဆိုတော့

၁။ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခြင်း

သင့်မှာ စိတ်ဖိစီးမှု များလာရင် စိတ်ခံစားချက်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ပါဘူး။ ထိခိုက်ခံစားလွယ်လာပါတယ်။ ဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ်၊ ပေါက်ကွဲလွယ်ပါတယ်။ အာရုံကြောသိပ္ပံပညာရှင်များရဲ့ အဆိုအရ စိတ်ဖိစီးမှုပမာဏ အနည်းငယ်လောက်နဲ့တင် စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်ဘဲ လွတ်ထွက်တတ်ကြောင်း သိရပါတယ်။ တစ်ခါတရံမှာ အကြောင်းမယ်မယ်ရရမရှိဘဲ ဒေါသကြီးသွားတာ၊ ဝမ်းနည်းအော်ဟစ်ငိုယိုမိတာ စိတ်ဖိစီးမှုအခံတစ်ခုခု ရှိနေတာကြောင့်လို့ သုတေသီများက ဆိုပါတယ်။

၂။ ရောဂါများကို ဆိုးရွားစေခြင်း

ကင်ဆာ၊ အဆုတ်ရောဂါ၊ အသည်းခြောက်ခြင်း စတဲ့ရောဂါတွေဟာ စိတ်ဖိစီးခြင်းနဲ့ ဆက်စပ်နေပါတယ်။ အသက်အန္တရာယ်ထိခိုက်လောက်တဲ့ မတော်တဆဖြစ်ရပ်များ၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းများဟာလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်ပါတယ်။ သုတေသီအချို့ရဲ့အဆိုအရ ကလေးဘဝမှာကတည်းက စိတ်ဖိစီးမှုကို ပုံမှန်ထက်ပိုမိုကြုံတွေ့ခဲ့ရရင် ကြီးပြင်လားတဲ့အခါ စိတ်ကျန်းမာရေး ချို့ယွင်းနိုင်ကြောင်း သိရပါတယ်။

၃။ လိင်မှုကိစ္စကို ထိခိုက်ခြင်း

လိင်မှုကိစ္စဟာ ပုထုဇဉ်လူသားတို့အတွက် စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုဟာလည်း သင့်ကို ဒီကိစ္စမှာ ပျော်မွေ့စရာမဖြစ်အောင် တားဆီးထားနိုင်ပါတယ်။ သုတေသနတစ်ခုမှာဖော်ပြချက်အရ စိတ်ဖိစီးမှုဟာ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်အလေးချိန်၊ တက်စတိုစထရုန်းပမာဏ၊ လိင်စိတ်ဆန္ဒ စတာတွေကို ထိခိုက်မှုဖြစ်စေပါတယ်။ အထူးသဖြင့် အမျိုးသားများမှာ စွမ်းဆောင်ရည်ကျဆင်းစေပြီး ပန်းသေပန်းညှိုးခြင်းအထိ ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ စိတ်ဖိစီးမှုများရင်လည်း သန္ဓေသားကို ထိခိုက်စေတယ်လို့ သိရပါတယ်။

၄။ သွားနှင့် သွားဖုံးများ ပျက်စီးစေခြင်း

လူတချို့ဟာ စိတ်ဖိစီးမှု အခြေအနေကို အံကြိတ်ခြင်း၊ နှုတ်ခမ်းကိုက်ခြင်းနဲ့ တုံ့ပြန်ကြပါတယ်။ အထူးသဖြင့် အိပ်စက်နေစဉ်မှာ မရည်ရွယ်ဘဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားများနဲ့ သွားဖုံးများကို ထိခိုက်စေတတ်ပါတယ်။ သုတေသီများရဲ့ လေ့လာတွေ့ရှိချက်အရ အိမ်ထောင်ရေးကိစ္စ၊ ကလေးများကို ထိန်းကျောင်းပြုပြင်ခြင်း စတဲ့ကိစ္စများမြောင်ဟာ သွားနဲ့သွားဖုံးရောဂါတွေ ဖြစ်ပွားခြင်းနဲ့ ဆက်စပ်မှု ရှိပါတယ်။

၅။ နှလုံးကို ထိခိုက်စေခြင်း

စိတ်ဖိစီးခြင်းဟာ နှလုံးကြွက်သားတွေကိုလည်း ထိခိုက်စေပါတယ်။ စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ဟော်မုန်းများဟာ နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး သွေးကြောများကို ကျဉ်းစေပါတယ်။ အဆိုပါအခြေအနေမှာ နှလုံးကို ပိုမိုအားစိုက်ရစေပြီး သွေးပေါင်ချိန်ကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ကြာရှည်စွာ ခံစားလာရတဲ့အခါ နှလုံးကျန်းမာရေးကို ထိခိုက်လာပါတယ်။ သုတေသနတွေအရ မုန်တိုင်း၊ ငလျင်၊ ဆူနာမီ စတဲ့အခြေအနေတွေမှာ စိတ်ဖိစီးမှုပိုများပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေပါ ပိုများတတ်ပါတယ်။

၆။ ကိုယ်အလေးချိန်မြင့်တက်စေခြင်း

စိတ်ဖိစီးစရာအခြေအနေမှာ စားချင်သောက်ချင်စိတ်ကို ပိုများလာစေပါတယ်။ သုတေသနတွေအရ လူအများစုဟာ စိတ်ဖိစီးချိန်မှာ ပုံမှန်ထက် ၄၀ ရာခိုင်နှုန်း ပိုမိုစားသုံးတတ်ကြပါတယ်။ စိတ်ဖိစီးချိန်မှာထွက်လာတဲ့ ဟော်မုန်းများဟာ အစားစားဖို့ကို ပိုမိုတွန်းအားပေးတဲ့အတွက် ဖြစ်ပါတယ်။ အလွန်အကျွံ စားသောက်မိခြင်းကြောင့် ကိုယ်အလေးချိန်လည်း တက်လာနိုင်ပါတယ်။

၇။ အရွယ်မတိုင်ခင်အိုမင်းခြင်း

စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားနေရရင် ရှိရင်းစွဲအသက်အရွယ်ထက် ပိုမိုအိုမင်းတတ်ပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးခြင်းဟာ ခရိုမိုဆုမ်းတွေရဲ့ အစွန်မှာရှိတဲ့ အစိတ်အပိုင်းတွေကို တိုတောင်းသွားစေပါတယ်။ အဆိုပါအခြေအနေဟာ ဆဲလ်အသစ်တွေ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို နှေးကွေးသွားစေပါတယ်။ ဒါကြောင့် မျက်နှာပေါ် အရေးအကြောင်းများပေါ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အမြင်အာရုံအားနည်းခြင်း စတဲ့ ဇရာလက္ခဏာတွေ ပိုမိုဖြစ်ပေါ်လာပါတယ်။

၈။ ကိုယ်ခံစွမ်းအားကို လျော့ပါးစေခြင်း

စိတ်ဖိစီးချိန်တွေမှာ နေထိုင်မကောင်း ဖြစ်လွယ်ပါတယ်။ အထူးသဖြင့် ဖျားနာတုပ်ကွေး ဖြစ်ပါတယ်။ စိတ်ဖိစီးခြင်းဟာ ကိုယ်ခံအားကို လျော့သွားစေတဲ့အတွက်ကြောင့် ရောဂါပိုးများ ဝင်ရောက်ဖို့ လွယ်ကူလာခြင်း ဖြစ်ပါတယ်။

………………

စိတ်ဖိစီးခြင်းဟာ သင်ထင်ထားတာထက်ပိုပြီး သင့်ကို ဒုက္ခပေးနိုင်ပါတယ်။ စိတ်ဖိစီးစရာ အခြေအနေတွေကို တတ်နိုင်သလောက် ရှောင်လွှဲပါ။ ရှောင်လွှဲမရတဲ့ အခြေအနေတွေမှာ စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချရမလဲ လေ့လာကြည့်ပါ။ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health-news/mental-eight-ways-stress-harms-your-health-082713 Accessed Date 9 September 2020

ယခုပုံစံ

29/08/2023

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားများ

နေ့စဉ်ဘဝထဲက ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများစွာကို ဘယ်လို ကျော်လွှားမလဲ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement