backup og meta

စိတ်ပျိုကိုယ်နု အရွယ်တင်နေစေမယ့် လျို့ဝှက်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပျိုကိုယ်နု အရွယ်တင်နေစေမယ့် လျို့ဝှက်ချက်

    ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဘယ်သူမဆို လှချင်၊ နုပျိုချင်ကြတာပါပဲ။ အရွယ်တင်နုပျိုခြင်းဆိုတာ အလှအပနဲ့ပဲ သက်ဆိုင်မယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ သုတေသီတွေ လေ့လာချက်အရ အမြဲတမ်း စိတ်ပျော်ရွှင်ြပီး နုပျိုနေတဲ့သူတွေဟာ တခြားရွယ်တူတွေထက် သက်တမ်းရှည်ကြာစွာ နေထိုင်သွားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

    အရွယ်တင်နုပျိုဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေ ပြင်ရမယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြင်ဆင်ရမယ်။ အစာအာဟာရမျှတစွာ စားရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်အောင် ပြောင်းလဲ နေထိုင်ရမယ်။ တွေးလိုက်ရင်တော့ ရှုပ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ အရွယ်တင်နုပျိုစေဖို့ဆိုတာ ကိုယ့်စိတ်၊ ကိုယ့်ရွေးချယ်မှုနဲ့သာ သက်ဆိုင်နေတာပါ။

    ဒီတော့ စိတ်ပျိုကိုယ်နု အရွယ်တင်ပြီး သက်တမ်းရှည်ကြာစွာ နေထိုင်ဖို့ ဘဝမှာ ပြောင်းလဲနေထိုင်သင့်တဲ့ ပုံစံလေးတွေကို ပြောပြပေးချင်ပါတယ်။

    ကိုယ့်ရဲ့ စိတ်ကို ပြောင်းလဲပစ်ပါ။

    စိတ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမက နေ့စဉ်ဘဝတစ်ခုလုံးကိုပါ သက်ရောက်မှု အများကြီး ရှိစေနိုင်တဲ့အရာပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်။ ကျန်းမာတော့ အလုပ်ကို ပိုပြီး လုပ်နိုင်မယ်။ ဘဝကို ပိုပြီး အကျိုးရှိရှိနေထိုင်နေမယ်။ အောင်မြင်မှုပန်းတိုင်ကို အမြန်ဆုံး တက်လှမ်းနိုင်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကို အမြဲနုပျိုနေစေဖို့ ပြောင်းလဲနေထိုင်ဖို့ လိုအပ်ပါတယ်။

    ၁။ အသစ်အဆန်းတွေကို အမြဲစိန်ခေါ်ပါ။ အိမ်ထဲမှာပဲ အမြဲအောင်းနေပြီး ပုံမှန်အတိုင်း ဘဝကို ကျော်ဖြတ်တာထက် ကိုယ်မလုပ်ဖူးသေးတဲ့ အရာတွေ လုပ်ကြည့်ပါ။ အကသင်တန်းတက်တာ၊ စာကြည့်တိုက်၊ တောင်တက်အဖွဲ့ဝင်တာ၊ သီချင်းဆိုတာ အစရှိသဖြင့် စိတ်ကို အမြဲ လန်းဆန်းတက်ကြွနေစေမယ့် အသစ်အဆန်းတွေကို စမ်းလုပ်ကြည့်ပါ။

    ၂။ ကျရှုံးဖို့ကို မကြောက်ပါနဲ့။ လူမှန်ရင် အမှားဆိုတာ ရှိစမြဲပါပဲ။ လုပ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစားယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

    ၃။ ဘဝကို အကောင်းမြင်ပါ။ အမြဲတမ်း ရယ်မောနေပါ။ စိတ်ကို အမြဲရွှင်လန်းပြီး တက်ကြွနေအောင် လုပ်ယူပါ။ မကောင်းတဲ့အတွေးတွေ ဝင်လာပြီဆိုရင် စိတ်အာရုံလွှဲဖို့ တစ်ခုခု ပြောင်းလုပ်ပါ။

    ၄။ လက်ရှိအချိန်မှာ ပြည့်ဝစွာ နေထိုင်ပါ။ အတိတ်က အမှားတွေ သင်ခန်းစာယူပါ။ အနာဂတ်အတွက်ကို ပြင်ဆင်ပါ။ အစီအစဉ်ချပါ။

    ၅။ တရားထိုင်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ကိုယ့်ရဲ့ စိတ်ကို တစ်နေရာထဲမှာ စုစည်းတတ်အောင် ကျင့်ကြည့်ပါ။ စိတ်ကို အေးချမ်းတည်ငြိမ်အောင် နေထိုင်တတ်ဖို့ဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်နေတယ်ဆိုတာကို သတိရပါ။

    ၆။ ပတ်ဝန်းကျင်က လူတွေကို ကူညီတတ်ဖို့ ကြိုးစားပါ။ သူတို့တွေမှာ ကိုယ် ကူညီပြီး ဖြေရှင်းပေးနိုင်တဲ့ အခက်အခဲတွေ ရှိရင် ဝိုင်းဝန်းဖြေရှင်းကြည့်ပါ။ တစ်ကိုယ်ကောင်းစိတ်နဲ့ ဘဝကို တစ်ယောက်တည်း ရပ်တည်ရှင်သန်တာထက် ပတ်ဝန်းကျင်ကို ဖေးမကူညီရင်း ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်တာ ပိုပြီး ပျော်ရွှင်ဖို့ ကောင်းသလို ဘဝဟာ ပိုပြီး အဓိပါ္ပယ်ရှိလာတယ်လို့ ခံစားရမှာပါ။

    ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။

    ဘဝကို ပြောင်းလဲနေထိုင်ရာမှာ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေပဲ စားပြီး အသက်ရှည်ရှည်နေချင်တယ်ဆိုရင်တော့ ဘယ်ဖြစ်ပါ့မလဲ။ ကျန်းမာဖို့အတွက် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို အရင်ဆုံး ပြောင်းလဲပစ်ဖို့ အရေးကြီးပါတယ်။

    ၁။ တက်တက်ကြွကြွနေပါ။ အလုပ်မှာကျတော့လည်း အမြဲထိုင်နေရတယ်။ အိမ်မှာရောက်တော့လည်း တစ်နေကုန် ပင်ပန်းထားတဲ့ ဒဏ်နဲ့ လှဲနေတယ်။ လှုပ်ရှားမှုနည်းလာတဲ့အခါ ကျန်းမာရေးမှာ ပြဿနာဖြစ်နိုင်တဲ့အပြင် စိတ်ကလည်း ပိုပြီး လေးပင်လာမှာဖြစ်ပါတယ်။

    ၂။ ပုံမှန် အားကစားလုပ်ပါ။ အားကစားလုပ်ဖို့ အချိန်သိပ်မပေးနိုင်ဘူးဆိုရင်တောင် နေ့စဉ် လမ်းလျှောက်တာ၊ ပြေးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာ အစရှိသဖြင့် လုပ်လို့ ရပါတယ်။ အားလပ်ရက်မှာ ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုခုကို အပေါင်းအသင်းတွေနဲ့ အတူ လုပ်ကြည့်ပါ။

    ၃။ Gym ကစားပါ။ အလှအပအတွက်သာမက ကျန်းမာရေးအတွက် Gym ကစားသင့်ပါတယ်။ မှန်ကန်တဲ့ နည်းစနစ်နဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရောက်အောင် ထိန်းမယ်။ ကိုယ်ခန္ဓါပိုပြီး လှပလာတဲ့အခါ စိတ်က ပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုပြီး ရှိလာမယ်။ နုပျိုလန်းဆန်းဖို့ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေဖို့ လိုအပ်ပါတယ်။

    ၄။ ယောဂေလ့ကျင့်ပါ။ ယောဂကျင့်ခြင်းဟာ တရားထိုင်တာလိုပါပဲ။ စိတ်အာရုံကို စုစည်းနိုင်စေတယ်။ အသက်ရှူလေ့ကျင့်ခန်းအပြင် ခန္ဓါကိုယ်က ကြွက်သားကိုပါ ပြေလျော့စေနိုင်ပါတယ်။

    ၅။ အစာအာဟာရမျှတစွာ စားသောက်ပါ။ ကျန်းကျန်းမာမာနဲ့ စိတ်ပျိုကိုယ်နု နေထိုင်နိုင်ဖို့ နေ့စဉ် ကိုယ်ခန္ဓါက လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ပိုစားပါ။ အဆီ၊ အငန်၊ အချို လျှော့စားပါ။

    ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။

    လူမှုဝန်းကျင်ဟာ အနည်းနဲ့ အများတော့ လူတစ်ယောက်ရဲ့ ဘဝကို သက်ရောက်မှုဖြစ်စေပါတယ်။ ဘဝကို စိတ်ပျို ကိုယ်နုစွာနဲ့ နေထိုင်ရာမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်ခင်ရသူ၊ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်ပတ်သက်နေပါတယ်။

    ၁။ မိသားစု၊ ကိုယ်ချစ်ခင်ရတဲ့သူတွေကို အချိန်ပေးပါ။ လူတိုင်းကတော့ သူ့အချိန်နဲ့ သူအလုပ်များနေကြမှာ သဘာဝပါပဲ။ အလုပ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ကိုယ်ချစ်ရတဲ့သူတွေကို မေ့ထားလို့တော့ မဖြစ်ဘူးနော်။ အချိန်ပေးပြီး တွေ့ပါ။ ညစာအတူစားတာဖြစ်စေ၊ ပျော်ပျော်ပါးပါး တွေ့ဆုံပြီး စကားပြောဆိုတာမျိုး လုပ်ကြည့်ပါ။

    ၂။ ကိုယ်ပိုင်အချိန်၊ အလုပ်ချိန်၊ မိသားစုအတွက်၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် အချိန်တစ်ခု ကန့်သတ်ထားပါ။ တစ်ယောက်တည်း ဘဝကို ကျော်ဖြတ်တာထက် ကိုယ့်ဘဝမှာ အမြဲအတူရှိနေ

    ၃။ အကူအညီလိုနေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက် ကူညီပေးပါ။ စိတ်ခွန်အား ပေးပါ။ လုပ်အားပေး အသင်းအဖွဲ့တွေမှာ ပါဝင်ကူညီပါ။ ကိုယ့်အတွက်လည်း ပီတိဖြစ်စေသလို တခြားလူတွေအတွက်လည်း မျှော်လင့်ချက် ရစေနိုင်ပါတယ်။

    ၄။ ကိုယ်နဲ့ စိတ်တူကိုယ်တူ လူတွေကို ရွေးပြီး ပေါင်းသင်းပါ။ ကိုယ်က စာဖတ်ရတာ ဝါသနာပါရင် စာဖတ်နေသူတွေနဲ့ ပေါင်းပါ။ ကိုယ့်ရဲ့ ဝါသနာပေါ်မှာ မူတည်ပြီး မတူညီတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးမှာ ပေါင်းသင်းနေထိုင်နိုင်အောင် ကြိုးစားကြည့်ပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement