ဖေ့ဘွတ်မှာ ပို့စ်လေးတစ်ခုပေါ်လာလို့ ဖတ်မိတာ
ကလေးမလေးက ဘုရားရှိခိုးတိုင်း ဘုရားကို စေ့စေ့ကြည့်မိရင် ပြစ်မှားလိုစိတ်ပေါ်လာလို့တဲ့။ တခြားအချိန်တွေ သောက်တော်ရေကပ်၊ ပန်းလဲဆိုအကောင်း။ ဘုရားရှိခိုးမယ်။ တရားထိုင်မယ်လို့ အာရုံပြုလိုက်တာနဲ့ စပြီ။ စိတ်ထဲမှာ အလိုလိုနေရင်း ပြစ်မှားချင်စိတ်တွေ ပေါ်လာတယ်။
နောက်တစ်ယောက်ကတော့ ဆေးခန်းလာပြတာ။ ဘုရားပုံတော်ကို မြင်လိုက်တာနဲ့ မဟုတ်တဲ့ စိတ်တွေ ပေါ်လာလို့တဲ့။ မမြင်ရင်အကောင်းအတိုင်းပဲ။ တခြားလူတွေလိုပဲ နေထိုင်သွားလာလို့ရတယ်။
ဒီကိစ္စတွေကို တွေးကြည့်ရင် ဒီလူတွေကို ဝဋ်နာ ကံနာတွေ၊ အကုသိုလ်ကြီးလိုက်တဲ့သူတွေ၊ ပေါက်ကရတွေးတတ်တဲ့သူတွေ၊ ငရဲကြီးမယ့်သူတွေလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါတကယ်ပဲလား။ ဘာလို့များ ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .
ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .
ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . . ဘာကြောင့်လဲဆိုတော့
OCD (Obsessive-Compulsive Disorder)ဆို ကြားဖူးကြလားမသိ။ စိတ်စွဲလမ်းလွန်ရောဂါလို့ ခေါ်တာပေါ့။ တစ်ခုခုကို မထိန်းချုပ်နိုင်ဘဲ ထပ်ခါထပ်ခါ လုပ်မိနေတာ (Compulsion)၊ မသင့်တော်မှန်း သိပါရက်နဲ့ မတွေးနိုင်အောင်၊ မလုပ်နိုင်အောင် စွဲလမ်းနေတာမျိုးပေါ့ (Obsession)။
သန့်ပြီးသားလက်ကို ခဏခဏဆေးနေမိတာ၊ ပိတ်ပြီးသားမီးကို ခဏခဏ ထစစ်နေတာ စတာမျိုးပေါ့။ သန့်နေမှန်းလည်း သိတယ်၊ ပိတ်ပြီးသားမှန်းလည်း သိပေမယ့် မထိန်းနိုင်ဘဲ ခဏခဏ လုပ်နေမိတာမျိုးပေါ့။ ဒါတွေကလည်း OCDအမျိုးအစားပါပဲ။
ခုဖြစ်နေတဲ့ ဘုရားပုံတော်တွေမြင်တိုင်း ပြစ်မှားနေမိတာလည်း OCDပေါင်းများစွာထဲက တစ်ခုပါပဲ။ OCDထဲမှာ လိင်စိတ်နဲ့ သက်ဆိုင်တဲ့ OCD (Sexual OCD)ဆိုတာမျိုးလည်း ရှိပါတယ်။ တားမြစ်ထားတဲ့၊ မဖြစ်သင့်တဲ့ အရာကိုမှ လုပ်ချင်နေတာမျိုးပေါ့။ ဥပမာ တိရစ္ဆာန်နဲ့ ဆက်ဆံချင်တာ၊ ဖောက်ပြန်ချင်တာ၊ လိင်ကျွန်တစ်ယောက်လိုဆက်ဆံခံချင်တာ၊ ခုပြောတဲ့ ဘုရားပုံတော်တွေကို မြင်တိုင်း စိတ်ဖောက်ပြန်နေတာမျိုးပေါ့။
Sexual OCDနဲ့ Sexual fantasies (ထူးဆန်းတဲ့ လိင်မှုကိစ္စတွေကို လုပ်တာ)နဲ့ မတူပါဘူး။ Sexual OCDတွေက သူတို့မှာ ဒီစိတ်ပေါ်လာတာ မသင့်တော်မှန်းသိတယ်။ သိတော့ စိတ်ကို အတင်းဖျောက်ပစ်တယ်။ ဒါပေမယ့် မထိန်းချုပ်နိုင်ဘဲ ခဏခဏတွေးနေမိတာပါ။ သူတို့အနေနဲ့ ဒီလိုတွေးနေရာကနေ ဘယ်တော့များ တကယ်လုပ်မိသွားမလဲဆိုပြီး အမြဲတမ်း စိုးရိမ်နေရပါတယ်။ တကယ်မလုပ်မိအောင် ထိန်းနေကြပါတယ်။ အရင်းခံစိတ်က လုပ်ချင်နေတာ မဟုတ်ပါဘူး။ ဒီလို စိတ်တွေ ပေါ်လာတာကို ဖွင့်ထုတ်နိုင်ဖို့ အပြာကားတွေ ကြည့်ပစ်တာ၊ ကိုယ့်ကိုယ်ကို အာသာဖြေတာတွေ လုပ်တတ်ကြပါတယ်။
Sexual fantasiesကတော့ လိင်မှုကိစ္စအထူးအဆန်းတွေကို ကြိုက်လို့ကို လုပ်နေတာမျိုးပါ။ ဒီနှစ်ခု မတူပါဘူး။ ဒါဆို မုဒိန်းသမားတိုင်းက Sexual OCDရှိနေတာလား။ ဒီလို မဟုတ်ပါဘူး။ စိတ်ရောဂါကြောင့်လား။ လုပ်ချင်လိူ့ လုပ်နေတာလားဆိုတာ သေချာဆန်းစစ်ပြီး ခွဲခြားလို့ရပါတယ်။
လေ့လာချက်တွေအရတော့ OCDရောဂါရှိတဲ့သူတွေရဲ့ ၆-၂၄% လောက်က Sexual OCDကို ခံစားရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒါထက်ပိုများနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဖွင့်ပြောတဲ့သူက ရှားတာကိုး။ အမျိုးသားတွေ ပိုဖြစ်တယ်လို့ စာရင်းတွေမှာ တွေ့ရပေမယ့် အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ ဖွင့်မပြောလို့သာ မသိတာပါ။
နောက်ဆက်တွဲဆိုးကျိုးတွေက
တကယ်တော့ စိတ်ရောဂါသက်သက်ပဲ ဖြစ်ပြီး ကုလိုက်တော့လည်း သက်သာသွားတာပါပဲ။ ဒါပေမယ့် ဒါကို ရောဂါလို့ မသိတဲ့အတွက် ထုတ်ဖော်မပြောကြပါဘူး။ ဘယ်သူ့ကိုမှ မပြောဘဲ တစ်ယောက်တည်းကျိတ်ပြီး စိတ်ဒုက္ခရောက်နေတာမျိုးပါ။
ပြောပြလိုက်ရင် အထင်သေးခံရမလား။ လိင်ကိစ္စပဲ ခေါင်းထဲရှိနေတဲ့သူလို့ ပြောမလား။ ဘာသာရေးနဲ့လည်း ဆက်နွယ်နေတော့ ငရဲကြီးတော့မှာပဲ။ အပြစ်တွေ ဖြစ်လာတော့မှာပဲ။ပတ်ဝန်းကျင်က ကျဉ်တော့မှာပဲဆိုပြီး မပြောကြပါဘူး။
နောက်ဆက်တွဲအနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ အာရုံပျောက်အောင် အပြာကားတွေ ကြည့်ရာက စွဲလမ်းသွားတာတွေ၊ နောက်ဆုံး မခံနိုင်တော့ဘဲ အဆုံးစီရင်သွားတာတွေအထိ ဖြစ်တတ်ပါတယ်။
ဒါကြောင့် တစ်ယောက်ယောက်က ဒီလိုပြောလာပြီဆိုရင် ပတ်ဝန်းကျင်အနေနဲ့ ဒါဟာ စိတ်ကျန်းမာရေးပြဿနာ၊ ကုသလိုက်ရင် ရတယ်ဆိုတာမျိုး မြင်ကြည့်ပေးပါ။ လူနာကို မကျဉ်ဖို့၊ ထူးဆန်းတဲ့သူလို မဆက်ဆံဖို့ လိုပါတယ်။
လူနာတွေအတွက် သတင်းစကား
ခုလောက်ထိ ဖတ်လာပြီးရင် ကိုယ်ခံစားနေရတာ စိတ်ရောဂါတစ်မျိုးဆိုတာ သိလောက်ပါပြီ။ စိတ်ရောဂါဆရာဝန်တွေဆီမှာ ဒီလိုလူနာတွေ အများကြီး ရှိပါတယ်။ ကိုယ်က ပထမဆုံး မဟုတ်ပါဘူး။ ဒါကြောင့် သက်သောင့်သက်သာနဲ့ ဆွေးနွေးမှု ခံယူပြီး ကုသမှု စတင်လိုက်ပါ။ ကုသမှုနည်းလမ်းတွေကတော့ စိတ်ပိုင်းဆိုင်ရာ သက်သာအောင် စကားပြောဆွေးနွေးတာတွေ၊ ဆေးဝါးနဲ့ ကုသတာတွေ အများကြီး ရှိပါတယ်။
ကိုယ်တိုင် လုပ်နိုင်တာတွေကတော့
-အာရုံပြောင်းတာ
ဘုရားရှေ့ရောက်လို့ ဒီအတွေးတွေ ဝင်လာပြီဆို တခြားနေရာကို ထွက်သွားပြီး တစ်ခုခုလုပ်လိုက်ပါ။ အတွေးတွေကို အတင်း မချိုးနှိမ်ပါနဲ့။ စိတ်ရဲ့ သဘောက မေ့ပစ်ချင်လေလေ မှတ်မိလေလေပါ။ ဒါကြောင့် အတွေးတွေကို မတွေးမိအောင် ထိန်းချုပ်မယ့်အစား တခြားတစ်ခုခုပြောင်းပြီး တွေးလိုက်ပါ။
-အတွေးတွေကို ရေးချပါ။
အတွေးတွေ ပေါ်လာပြီဆိုတာနဲ့ ဘာတွေးလိုက်မိတယ်ဆိုတာကို ရေးချပါ။ ဆေးကုသရင်း တဖြည်းဖြည်းကောင်းလာတဲ့အခါ ရေးရတဲ့အကြိမ်ရေနည်းသွားတာကို တွေ့ရမှာပါ။ ဒါက စိတ်ခွန်အားကို ဖြစ်စေပါတယ်။
-ကျန်းမာရေးဂရုစိုက်ပါ။
ပုံမှန်အတိုင်း နေထိုင်သွားလာစားသောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ အတွေးတွေကြောင့် အစားအသောက်တွေပျက်ပြီး မအိပ်နိုင်တာမျိုး မဖြစ်ပါစေနဲ့။
-စိတ်သက်သာအောင်နေပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပါ။ စိတ်ကြည်ပြီး ကုသမှုမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။ စိတ်ကိုလည်း ထိန်းချုပ်နိုင်လာပါလိမ့်မယ်။
-ဘဝတူတွေကို ရင်ဖွင့်ပါ။
ခုဆို တစ်ခုခု ခံစားရတာနဲ့ ဖေ့ဘွတ်တင်တတ်ကြတယ်လေ။ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ကေစ့်ဆို သူလည်း ဖေ့ဘွတ်ပေါ်တင်လိုက်ရော အောက်က လူတွေက သူတို့မှာ ရှိတဲ့ စိတ်စွဲလမ်းမှုတွေကို ပြောပြပြီး အားပေးကြတယ်။ အမြဲတမ်း ဖေ့ဘွတ်တင်ရမယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘဝတူလေးတွေ ရှိတဲ့နေရာမှာ ရင်ဖွင့်ရင် (OCD group) သူတို့ ဘယ်လိုကျော်လွှားခဲ့သလဲ။ ဘယ်လိုကုသမှုတွေ ခံယူခဲ့သလဲ အချင်းချင်း အားပေးနိုင်တာပေါ့။ ကျိတ်ခံစားနေတာထက်တော့ သာပါသေးတယ်။
[embed-health-tool-bmi]