Psychological warfare (Psywar) ဆိုတာ လတ်တလောမှာ ခဏခဏ ကြားနေရတဲ့ စကားလုံးပါ။ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ အရင်လို လူအင်အားတွေ၊ လက်နက်အင်အားတွေ မသုံးဘဲ စိတ်ပိုင်းဆိုင်ရာအနိုင်ယူတဲ့ ပုံစံပါ။ Psywarဆိုတာ ဘာလဲ။ Psywarတွေကြောင့် စိတ်ကျန်းမာရေး မထိခိုက်အောင် ဘယ်လို လုပ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။
Psywar ဆိုတာ
Psychological warfare လို့ အရှည်ကောက် ခေါ်ပြီး ဟိုးအရင်တွေတည်းက စစ်ပွဲတွေမှာ တစ်ဖက်ရန်သူကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဝါဒဖြန့်ပြီး အားနည်းအောင် လုပ်တဲ့နည်းပါ။ ခေတ်ပြောင်းလာတာနဲ့အမျှ Psywarကို စစ်မြေပြင်တင်မှာမက နိုင်ငံရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ သုံးလာတာကို တွေ့ရပါတယ်။
Psywarမှာ အဓိက သုံးတဲ့ နည်းလမ်းက တစ်ဖက်ရန်သူကို ကြောက်စိတ်ဝင်အောင်၊ ယုန်ထင်ကြောင်ထင် ဖြစ်အောင်၊ အတွေးတွေ မှားပြီး လုပ်လွဲကိုင်လွဲတွေ ဖြစ်အောင် လုပ်တာလို့ ယေဘုယျ နားလည်ထားရင် ရပါတယ်။
Psywar အမျိုးအစားများ
Psywarမှာ အမျိုးအစား ၃ခုရှိပါတယ်။
- White propaganda – ကြောင်းအရာတွေက အမှန်တရားတွေ ဖြစ်ပြီး ဘက်လိုက်တာမျိုး မရှိပါဘူး။ သတင်းထွက်တဲ့ နေရာကလည်း သေချာပါတယ်။
- Grey propaganda – အကြောင်းအရာ အများစုက သေချာပြီး သံသယဖြစ်စရာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဒီသတင်း ဘယ်ကထွက်လဲဆိုတာတော့ မသိကြပါဘူး။
- Black propaganda – လုံးဝမဖြစ်နိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပြီး သတင်းရင်းမြစ်ကိုလည်း ရှာလို့ မရပါဘူး။
ဒီလိုမျိုး Psywar အချက်အလက်တွေကို လက်ကမ်းစာစောင်၊ ရေဒီယို၊ မိန့်ခွန်း၊ တီဗွီ၊ သတင်းစာတွေကနေ ကြေညာလေ့ရှိပါတယ်။ ခုလို အင်တာနက်ခေတ်မှာတော့ ဆိုရှယ်မီဒီယာတွေကနေ ဖြန့်ဝေလေ့ရှိပါတယ်။
Psywarတွေကြောင့် စိတ်ကျန်းမာရေးမှာ ဘာတွေ ထိခိုက်နိုင်သလဲ။
လူဆိုတာ ကြောက်ရင် စိတ်ဖိစီးမှု များတတ်တာ သဘာဝပါ။ စိတ်ဖိစီးလာတာနဲ့ အမျှ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ကုန်ဆုံးလာပါတယ်။ ဥသျှစ်သီးကြွေတာကို မိုးပြိုတယ်လို့ မှားထင်တတ်ပါတယ်။ စိုးရိမ်စိတ်တွေ များလာပါတယ်။ လူဆိုတာ social သတ္တဝါ ဖြစ်တဲ့အတွက် တစ်ခုခုဆို မျှဝေလေ့ရှိပါတယ်။ ဒီလို စိုးရိမ်စရာသတင်းတွေကို အချင်းချင်း မျှဝေကြတဲ့အတွက် အစုလိုက် အပြုံလိုက် စိတ်ဖိစီးတာတွေ ဖြစ်လာပါတယ်။
- ယုံကြည်စိတ်တွေ နည်းလာပါတယ်။
ခဏခဏ Psywar တွေ ကြုံလာရတဲ့အခါ လူအချင်းချင်း ယုံကြည်မှုတွေ မရှိပါဘူး။ တစ်ဖက်က စဉ်းစားကြည့်ရင် ကောင်းပေမယ့် အလွန်အကျွံ ဖြစ်လာတဲ့အခါ တစ်ခုခုဆို အချင်းချင်း စိတ်ဝမ်းကွဲတာ၊ မယုံနိုင်တာတွေ ဖြစ်လာပါတယ်။ စိတ်ဖိအား များနေတဲ့အချိန်ကျတော့ တစ်ခုခုဆို ငြင်းကြ ခုန်ကြနဲ့ ပြဿနာတက်တတ်ပါတယ်။
- ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။
ဒါက Psywar ရဲ့ ဖြစ်စေချင်တဲ့ ကိစ္စဆိုလည်း မမှားပါဘူး။ တစ်ယောက်ချင်းစီကို အပြစ်တင်စိတ်တွေ ဖြစ်လာအောင် လုပ်တာပါ။ ဒါကို Guilt trip လို့ ခေါ်ပါတယ်။ တစ်ခုခုကို မလုပ်တဲ့အခါ ဒါမှမဟုတ် လုပ်တဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ် ဖြစ်လာအောင် ရိုက်သွင်းလေ့ရှိပါတယ်။ ဒီလို Psywar အောင်သွားရင်တော့ လူတွေက ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ကနေတဆင့် စိတ်ဓာတ်ကျတာ ဖြစ်သွားနိုင်ပါတယ်။
Stockholm syndrome ဆိုတာ ကိုယ့်ကို အန္တရာယ် ပေးတဲ့သူကို မှားယွင်းပြိး ယုံကြည်မိတာမျိုးပါ။ ကိုယ့်ရန်သူရဲ့ Psywarမှာ မိသွားပြီး သူက ကိုယ့်ကို ကယ်နေတာပါလား။ ကိုယ်ကောင်းဖို့အတွက် လုပ်နေတာပါလားဆိုပြီး မှားယွင်းပြီး ယုံမိတာပါ။ ဒါလည်း စိတ်ရောဂါတစ်မျိုးပါပဲ။
- ကိုယ်ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။
စိတ်ထိခိုက်လာတဲ့အတွက် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းတွေ ပုံမှန်မဟုတ်ပါဘူး။ အိပ်ချိန်၊ စားချိန်တွေ မမှန်တော့ပါဘူး။ ရောဂါအခံရှိသူတွေဆိုရင် ပိုပိုပြီး ဆိုးလာပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကြေတဲ့ သဘောပါပဲ။
Psywarတွေကို ဘယ်လိုတွေ ရှောင်ကြမလဲ။
ဒီလို ကိုယ်ရော စိတ်ပါ ထိခိုက်စေတဲ့ Psywar တွေကို တတ်နိုင်သမျှ ရှောင်ဖို့ဆိုရင် ဒီနည်းလမ်းတွေကို လိုက်နာပါ။
- Psywarတွေကို လက်မခံပါနဲ့။
Psywarဆိုတာ ကိုယ်လက်ခံကျင့်သုံးမှ ဖြစ်တာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း ဒါကို လက်ခံစေချင်တာပါ။ ပညာရှင်တွေအဆိုအရ Psywarဟာ အဆိပ်နဲ့ တူပါတယ်။ အဆိပ်မိပြီး မိန်းမောနေတဲ့အချိန်မှာ သူတို့ လုပ်ချင်ရာ လုပ်လို့ရအောင် အချိန်ဆွဲထားတဲ့ သဘောပါတဲ့။
- သတင်းတွေကို စစ်ပါ။
သတင်းတစ်ခုရရင် တန်းပြီး မမျှဝေဘဲ ဒါဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ စဉ်းစားပါ။ ဘယ်က ထွက်လာတာလဲဆိုတာ စစ်ပါ။ အသစ်အဆန်းဆို မျှဝေချင်တဲ့ စိတ်ရှိတာ ကောင်းပေမယ့် သတင်းမှားတွေကို ကိုယ်က စပြီး ဖြန့်ဝေမိရင်တော့ မကောင်းပါဘူး။
- အမုန်းစကားတွေ မဖြန့်ဝေပါနဲ့။
အမုန်းစကားတွေက အချင်းချင်းကို စိတ်ဝမ်းကွဲစေတာကြောင့် Psywarကို အားပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် အမုန်းစကား ဖြန့်ဝေခြင်းကို ရှောင်ပါ။
- ဦးနှောက် ကိတ်နေပါစေ။
Psywar ရဲ့ သဘောတရားက လူတွေရဲ့ စိတ်ခံစားချက်ကို ထိုးနှက်တာပါ။ ဒါကို ရင်ဆိုင်ဖို့ဆိုရင် ကိုယ့်မှာ စဉ်းစားဆုံးဖြတ်နိုင်တဲ့ ပညာ၊ စိတ်ရှည်သည်းခံနိုင်မှု စတာတွေ လိုပါတယ်။ ဒါကြောင့် ဦးနှောက်ကိတ်နေဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်ဦးနှောက်အသိတရား နဲ့ ဆင်ခြင်ဉာဏ်ကို ပိုကိတ် ပိုကြီးထွား ပိုရင့်သန်လာစေဖို့ တန်ဖိုးရှိတဲ့စာတွေဖတ်တာ သမိုင်းတွေလေ့လာတာ သေချာစနစ်တကျ လေ့လာတတ်တဲ့ အလေ့အကျင့်ကို မွေးမြူတာမျိုးတွေ လုပ်ပေးဖို့လိုပါတယ်။
- အချင်းချင်း စောင့်ရှောက်ပါ။
ပတ်ဝန်းကျင်လူတွေ Psywar ဒဏ်ခံနေရပြီဆိုရင် ဖေးမပါ။ စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေ ပြေအောင် ကူညီပါ။ Psywarတွေ ဆက်မဖြန့်ဖြစ်အောင် ဖျောင်းဖျ ပြောဆိုပါ။
Psywarတွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်မှာပါ။
[embed-health-tool-bmi]