backup og meta

ခေတ်သစ် ဖုန်းရောဂါ (text neck)


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေတ်သစ် ဖုန်းရောဂါ (text neck)

    ခုတလော ဘာကြောင့်မှန်းမသိ ဇက်ကြောတွေ တက်နေတာ၊ မျက်ရိုးကိုက်နေတာတွေ ဖြစ်နေရင် ကိုယ့်ရဲ့ ဖုန်းသုံးချိန်ကို ပြန်ဆန်းစစ်ကြည့်ပါ။ ခုခေတ် လူသားတွေရဲ့ လက်ထဲမှာ ဘယ်သွားသွား ဖုန်းတစ်လုံးတော့ အမြဲပါနေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ အနီးကပ်ရန်သူပါပဲ။ ဖုန်းသုံးရင်းနဲ့ သတိမထားမိဘဲ ခေါင်းငုံ့ပြီး စာတွေရိုက်နေတာဟာ သင်ဇက်ကြောတက်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

    လူတွေက တစ်နေ့ကို ပျမ်းမျှခြင်း ၅နာရီလောက်တော့ ဖုန်းသုံးကြပါတယ်။ သုံးတဲ့နေရာမှာလည်း မသိလိုက်ဘဲ ခေါင်းကို ငုံ့ထားတတ်ပါတယ်။ ဒီတိုင်း ခေါင်းကို ၅နာရီငုံ့ဆိုရင် ဘယ်သူမှ ငုံ့မှာ မဟုတ်ပေမယ့် ဖုန်းသုံးရင်းနဲ့ဆိုရင်တော့ အချိန်တွေ ကုန်လို့ ကုန်မှန်းတောင်  သိလိုက်မှာ မဟုတ်ပါဘူး။ ၅နာရီမကလည်း ငုံ့နေမိတတ်ပါတယ်။ ဒါဟာ ခေတ်သစ်ဖုန်းရောဂါပါပဲ။ အရင်ကတော့ ဖုန်းသုံးတာ စာပို့ဖို့ အဓိက ဖြစ်ပြီး စာရိုက်ရင်း ဖြစ်တဲ့ ရောဂါမို့လို့ text neckလို့ပဲ အလွယ်ခေါ်လိုက်ကြပါတယ်။ သင့်မှာရော text neck ရှိနေပြီလား။ စစ်ဆေးကြည့်ရအောင်။

    Text neck ဘာကြောင့်ဖြစ်တာ

    Text neckက ဖုန်းသုံးတာကြောင့်ပဲ မဟုတ်ပါဘူး။ ခေါင်းငုံ့ပြီး အချိန်အကြာကြီးလုပ်ရတဲ့ အလုပ်မှန်သမျှ Text neck ဖြစ်နိုင်ပါတယ်။ Text neckအပြင် ခေါင်းကိုက်တာ၊ ပုခုံးနာတာ၊ ကျောနာတာ စတာတွေပါ ဖြစ်နိုင်ပါတယ်။ ခေါင်းကို ရှေ့ကိုငုံ့ချလိုက်တာက ကျောရိုးမှာ ဝန်သွားပိတတ်ပါတယ်။ ရှေ့ကို ၁၅ဒီဂရီ စောင်းချလိုက်တာသည် လည်ပင်းကို ၂၇ပေါင် ဝန်ပိစေပါတယ်။ ၃၀ဒီဂရီဆိုရင် ပေါင် ၄၀၊ ၄၅ဒီဂရီဆို ၄၉ပေါင်၊ ၆၀ဒီဂရီဆို ပေါင်၆၀ ပိုပိုပြီး ဝန်ပိသွားပါတယ်။ ရှေ့ကို ငုံ့လေလေ လည်ပင်းမှာ ပိုပြီး ဝန်ပိလေပါပဲ။

    Text neckရဲ့ လက္ခဏာတွေက

    Text neckမှာ အဓိက ဖြစ်တာက ဇက်ကြောတက်တာပါပဲ။ ဒါ့ပြင်

    • ဇက်တောင့်တာ – အကြာကြီး ငုံ့ထားပြီး ပြန်မော့တဲ့အခါ ဇက်ကတောင့်နေပြီး ရုတ်တရက် မော့လို့မရတာမျိုး၊ နာတာမျိုး ဖြစ်တတ်ပါတယ်။
    • ဇက်နာတာ – တစ်နေရာတည်းက နာတာဖြစ်နိုင်သလို၊ ဇက်တစ်ခုလုံး နာနေတာလည်း ဖြစ်နိုင်ပါတယ်။ သိပ်ဆိုးရင် တဆစ်ဆစ်နဲ့ ကိုက်နေပါလိမ့်မယ်။
    • တခြားနေရာတွေကပါ လိုက်နာတာ – နာတာက ဇက်အပြင် လက်မောင်းနဲ့ ပုခုံးတွေထိ ပြန့်သွားတတ်ပါတယ်။
    • ကြွက်သားတွေ အားပျော့လာတာ – လက်မောင်းက ကြွက်သားတွေ၊ ရင်ဘတ်က ကြွက်သားတွေပါ အားပျော့လာတတ်ပါတယ်။
    • ခေါင်းကိုက်တာ – နောက်စေ့က ဆွဲဆုပ်ထားသလို တင်းပြီး ခေါင်းကိုက်တတ်ပါတယ်။

    ဒီတိုင်းပဲ ထားလိုက်မယ်ဆိုရင် နောက်ကျရင်

    • ခါးပါ လိုက်ကုန်းတတ်ပါတယ်။
    • လည်ပင်းဆစ်တွေ၊ ခါးဆစ်တွေ နာတတ်ပါတယ်။
    • ကျောရိုးဆစ်ပြားတွေ ပိတာ
    • ကြွက်သားတွေ အားနည်းတာ စတာတွေ ဖြစ်လာမှာပါ။

    ဘယ်လိုကုသလို့ရလဲ။

    သိပ်မပြင်းထန်ရင်တော့ အိမ်မှာတင် သက်သာအောင် လုပ်လို့ရပါတယ်။ အဓိကက နာတာ သက်သာအောင် လုပ်ဖို့ပါပဲ။ ဒါကြောင့်

    • ခေါင်းကို ဆက်တိုက်ကြီး ငုံ့မထားပါနဲ့။ ခဏတဖြုတ် အနားယူပြီး ခေါင်းလှည့်တာ၊ ဘေးစောင်းတာ၊ အကြောလျှော့တာတွေ လုပ်ပေးပါ။
    • အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ (အထူးသဖြင့် ဦးခေါင်းပိုင်း)
    • ရေခဲကပ် ရေနွေးအိတ်ကပ်ပေးပါ။
    • အကြောတက်တဲ့နေရာကို နှိပ်နယ်ပေးပါ။

    Text neck မဖြစ်ဖို့ဆိုရင်

    • ဖုန်းသုံးတဲ့ အနေအထားကို ပြောင်းပါ။

    ဖုန်းကို မျက်လုံးနဲ့ တစ်တန်းထဲ ထားပြီး သုံးပါ။ ခေါင်းငုံ့ ဒါမှမဟုတ် ခေါင်းမော့ပြီး သုံးရလောက်တဲ့ အနေအထား မဖြစ်ပါစေနဲ့။ ခေါင်းကို တည့်တည့်မတ်မတ်နေပါ။ တည့်လား မတည့်လား သိချင်ရင် နားရွက်နဲ့ ပုခုံး တစ်တန်းတည်း ဖြစ်မဖြစ် ကြည့်လိုက်ပါ။ ဖြစ်နေရင် တည့်ပါတယ်။ ဒီလိုနေမှပဲ အချိန်အကြာကြီး ခေါင်းမငုံ့မိအောင် ကာကွယ်နိုင်မှာပါ။

    • ဖုန်းကို ဆက်တိုက် မသုံးပါနဲ့။

    ဖုန်းကို ဆက်တိုက်သုံးနေရင် ခေါင်းလည်း ဆက်တိုက် ငုံ့နေမိမှာပါ။  တစ်နာရီ သုံးပြီးတိုင်းမှာ အနည်းဆုံး ၂မိနစ် ၃မိနစ်လောက်တော့ အနားယူပါ။ သတိမထားမိလောက်အောက် ဆက်တိုက်သုံးနေတယ်ဆိုရင် နာရီalarm ပေးထားပါ။ Alarm မြည်တာနဲ့ ခဏရပ်ပြီး အနားယူပါ။

  • တစ်နေ့ ၁၀မိနစ်လောက် ယောဂလေ့ကျင့်ပါ။

  • ဇက်ကြောတက်တာ၊ ခါးနာတာတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ယောဂလုပ်တာပါ။ ယောဂက ကိုယ်နေဟန်ထားကို မှန်စေတယ်။ ကြွက်သားတွေကို ပြေလျော့စေတယ်။ ခန္ဓာကိုယ်ကို သတိနဲ့ ပြုပြင်လာနိုင်တယ်။ ယောဂလုပ်ကြည့်ရင် သိလာပါလိမ့်မယ်။ ကိုယ့်အကြောတွေ ဘယ်လောက်တင်းနေလဲဆိုတာ။

    • စောစောစီးစီး ကုသပါ။

    Text neckဖြစ်နေတယ်လို့ ယူဆရင် ဒါမှမဟုတ် နာတာရှည် ဇက်ကြောတက်နေတယ်၊ နာနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ စောစောစီးစီး ပြပါ။ စောစောကုတာက ကြွက်သားတွေနဲ့ လည်ဆစ်ရိုး ထိခိုက်တာကို သက်သာစေပြီး နောက်ဆက်တွဲတွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement