backup og meta

Body Shaming လာလုပ်တာတွေကို ဒီလိုတုံ့ပြန်ကြမယ်

သူတစ်ပါးအားနည်းချက် (သို့) မနှစ်သက်တဲ့အရာတစ်ခုကို အပျက်သဘောနဲ့ ထပ်ကာထပ်ကာပြောပြီး လှောင်ပြောင်ခြင်းကို နှုတ်ဖြင့်အနိုင်ကျင့်ခြင်းလို့ ခေါ်ပါတယ်။ Bullying လုပ်တယ် တစ်နည်းအားဖြင့် အနိုင်ကျင့်တယ်ဆိုတာတွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ မရှိသင့်တဲ့ ကိစ္စတွေလို့ဆိုရင် မမှားပါဘူး။ အထူးသဖြင့် မွေးကတည်းက ကိုယ့်မှာပါလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အရပ်အမောင်းတွေကို ကဲ့ရဲ့လှောင်ပြောင်ခံရတယ်ဆိုရင် ဘယ်သူမဆို အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်မိကြမှာ အမှန်ပါပဲ။

ဒီနေ့ဆောင်းပါးလေးမှာတော့ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး တခြားသူတစ်ယောက်က ကိုယ့်ကို Bully လုပ်တာခံရတယ်ဆိုရင် ဖြစ်ပေါ်ခံစားရနိုင်တဲ့ စိတ်ခံစားမှုတွေနဲ့ ဝေဖန်ကဲ့ရဲ့သူတွေကို ပြန်လည်ရင်ဆိုင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

နှုတ်ဖြင့် အနိုင်ကျင့်ခြင်းမှာ ဒီလိုအပြုအမူတွေပါဝင်ပါတယ်-

• ရုပ်ရည်၊အသားအရောင်၊ ခန္ဓာကိုယ်အချိုးအစား၊ အရပ် စတာတွေကိုလှောင်ပြောင်တာ၊

• ထိခိုက်လိုစိတ်နဲ့ မဟုတ်မမှန်တဲ့ သတင်းတွေဖြန့်တာ၊

• တစ်စုံတစ်ဦးရဲ့အသံ (သို့) စကားပြောဆိုပုံကို ပြက်ရယ်ပြုတာ၊

• အားနည်းချက်ကို ချုပ်ကိုင်ပြီး ခြိမ်းခြောက်တာ၊

• တစ်စုံတစ်ဦးကို ရှောင်ဖယ်ပြီးပေါင်းတာ၊ စွန့်ပစ်ထားခြင်းခံရတယ်လို့ ခံစားရအောင်လုပ်တာ၊

အမြဲလိုလိုလှောင်ပြောင်ခံရမှုက ပေးတဲ့ကျန်းမာရေးပြဿနာ

အမြဲလိုလို လှောင်ပြောင်ခံရတဲ့သူတွေဟာ အချိန်ကြာလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ အခုလိုကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

• ဝမ်းနည်းမယ်၊သိမ်ငယ်စိတ်ဝင်လာမယ်၊

• လူရာမဝင်တဲ့လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်လာမယ်၊

အထီးကျန်လာမယ်၊

စိုးရိမ်ပူပန်စိတ်တွေများလာမယ်၊

• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့လာပြီး လူတွေကိုရှောင်လာမယ်၊

• ကျောင်းနေအရွယ်ဆိုရင်လည်း လပတ်စာမေးပွဲတွေမှာ အဆင့်တွေကျလာမယ်၊ ကျောင်းသွားချင်စိတ် မရှိတော့ဘဲဖြစ်မယ်၊

• မကြာခဏ ဗိုက်အောင့်တာ၊ခေါင်းကိုက်တာတွေ ခံစားလာရမယ်၊

အိပ်ချိန်တွေ ပြောင်းလဲလာမယ်၊

• နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့အထိပါ ကြိုးစားလာမယ်။

Bullying လုပ်ခံရတာကို ဒီလိုနည်းတွေနဲ့ ပြန်ပြီးရင်ဆိုင်ပါ

ရှောင်ပါ– ကိုယ့်ကိုအနိုင်ကျင့်ပြီး လှောင်ပြောင်တတ်တဲ့သူတွေကို တတ်နိုင်သမျှရှောင်ပါ။

လျစ်လျူရှုပါ– မသင့်လျော်တဲ့စကားတွေ၊ အပြုအမူတွေကို လျစ်လျူရှုပေးလိုက်ပါ။

ဟာသလို သဘောထားလိုက်ပါ– ကိုယ့်ကို ကဲ့ရဲ့နှိမ့်ချပြီးပြောလာတဲ့ စကားတွေကို ရယ်ရယ်မောမောလေးနဲ့ ပြန်တုံ့ပြန်ပေးလိုက်ပါ။ စိတ်အနှောင့်အယှက်ဖြစ်မယ်လို့ သူများကထင်ထားတဲ့ ကိစ္စတစ်ခုကို ကိုယ်က ပေါ့ပေါ့ပါးပါး ဟာသလုပ်ပစ်လိုက်တဲ့ ခံစားမှုလောက် သူတို့ကို အထိနာစေတာ ရှိမှာမဟုတ်ပါဘူးနော်။

ရင်ဆိုင်ပါ– လိုအပ်လာပြီဆိုရင်တော့ ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လူတွေနဲ့ ရင်ဆိုင်ပြီး ဒီလိုလှောင်ပြောင်တာကို ရပ်တန့်လိုက်ဖို့ ပြောပြပါ။

တည်ငြိမ်ပါ– လှောင်ပြောင်ခံရတဲ့အခါ ရှူးရှူးဒိုင်းဒိုင်းနဲ့ပေါက်ကွဲတာထက် ဘာလုပ်သင့်တယ်ဆိုတာကိုတွေးပြီး တည်တည်ငြိမ်ငြိမ်ဖြေရှင်းပါ။

ရင်ဖွင့်ပါ– ကိုယ်ယုံကြည်ရတဲ့သူ၊ ကိုယ့်ဆရာသမား၊ လူကြီးမိဘ တစ်ယောက်ယောက်ကို ကိုယ်ခံစားရသမျှ ရင်ဖွင့်တိုင်ပင်ပါ။ သူတို့တွေက ကိုယ့်အတွက် အကြံကောင်းတွေပေးနိုင်မယ့် သူတွေဆိုတာ မမေ့ပါနဲ့။

ကိုယ်ကပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ၊ ဘယ်လိုခန္ဓာကိုယ်အချိုးအစားပဲရှိနေပါစေ ကိုယ့်ရဲ့ လက်ရှိပုံစံလေးကို အရှိအတိုင်းလက်ခံပြီး အကောင်းမြင်စိတ်မွေးသင့်ပါတယ်။ လူတိုင်းမှာ အလှတရားကိုယ်စီရှိတာကြောင့် သူများပြောတဲ့ စကားတွေနဲ့ ကိုယ့်စိတ်ကို အညစ်နွမ်းမခံသင့်ပါဘူး။ တစ်ခါတလေမှာ ပတ်ဝန်းကျင်ကို မှန်လိုသဘောထားပြီး လိုမှ ပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်သုံးသပ်တဲ့အကျင့်ကိုလုပ်သင့်ပါတယ်။ အမြဲလိုလို ဂရုစိုက်ပြီး ပြောသမျှစကားတိုင်းကို လိုက်ခံစားနေဖို့မလိုပါဘူး။ ဒါ့ကြောင့် ရခဲလှတဲ့ လူ့ဘဝလေးမှာ လုပ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ အကောင်အထည်ဖော်ရင်း၊ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးရင်း ပျော်ပျော်ကြီးဖြတ်သန်းကြဖို့ အကြံပြုလိုက်ပါရစေနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HERE’S WHAT TO DO WHEN YOU’RE BEING BODY-SHAMED AT WORK—FROM SOMEONE WHO’S EXPERIENCED IT https://www.wellandgood.com/good-advice/how-to-deal-with-body-shaming/ Accessed Date 2 January 2020

How to Overcome Body Shame https://www.psychologytoday.com/us/blog/modern-sex/201707/how-overcome-body-shame Accessed Date 2 January 2020

ယခုပုံစံ

06/07/2022

Hnin Oo Thazin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း တို့ကြားက ကွာခြားချက်များ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hnin Oo Thazin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။