backup og meta

လူတိုင်းမှာ ပင်ကိုအလှတရားကိုယ်စီပိုင်ဆိုင်ထားကြတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတိုင်းမှာ ပင်ကိုအလှတရားကိုယ်စီပိုင်ဆိုင်ထားကြတယ်

    လူတိုင်းကို သဘာဝတရားက အလှတရားတစ်မျိုးစီလောက်တော့ပေးထားစမြဲပါ။ အသားဖြူတဲ့သူကလည်းဖြူတဲ့သူအလျောက် ညိုတဲ့သူကလည်း ညိုတဲ့သူအလျောက် လှကြတာပါပဲ။ အသားဖြူတဲ့သူကိုကျဖြူချောလို့ တင်စားကြသလို ညိုတဲ့သူကိုလည်း ညိုချောရယ်လို့ခေါ်ကြတာ ကိုကြားဖူးကြမှာပါ။ အသားဖြူမှလှတယ်၊ အသားညိုလို့မလှဘူးဆိုတာမျိုးတော့မရှိပါဘူး။ အားလုံးကတစ်ယောက်တစ်မျိုးစီလှကြတာပါပဲ။ ယနေ့ခေတ်ပျိုမေလေးတွေက ကိုရီးယား မင်းသမီးလေးတွေကိုကြည့်ပြီး အသားဖြူမှလှတယ်လို့ ယူဆနေကြပြီး အသားဖြူဖို့ကို အဓိကထားလုပ်နေကြပါတယ်။ အသားဖြူတယ်ညိုတယ်ဆိုတာထက် တကယ့် အလှအပက အသားအရေကစိုပြေကြည်လင်လှပဖို့ပါပဲ။ ကျန်းမာပြီး စိုပြေကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်လိုကြည့်ကြည့် မျက်စိထဲမှာ ကြည့်လို့ကောင်းပြီး ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဘဝင်ကျနေမယ်ဆိုတာ အသေအချာပါပဲ။

    အသားအရေလှပမှုက လူကိုယုံကြည်မှု တိုးစေတဲ့အချက်တွေထဲက တစ်ခုပါပဲ။ မှန်ရှေ့မှာ ရပ်လိုက်လို့ ကိုယ့်ကိုယ်ကို ကြည့်ရတာလှနေရင်ပျော်လိုက်တာဆိုတဲ့ ခံစားချက်မျိုး ကျွန်မတို့မိန်းကလေးတော်တော်များများခံစားဖူးမယ်ထင်ပါတယ်။ ယုံကြည်မှုလည်း ပိုတိုးသွားသလိုပဲနော်လေဒီတို့။ ဒီတစ်ခေါက်တော့ ကြည်လင်ဝင်းပတဲ့အသားအရေပိုင်ရှင် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေနော်။

    အရိုးစင်းဆုံးလေးတွေကနေစလိုက်ကြပါစို့။

    ရေလုံလောက်အောင်သောက်ပေးပါ။

    တစ်နေ့ကိုရေ ၆ ခွက် ကနေ ၈ ခွက်အထိအထိသောက်ပေးပါ။ အမြဲရေဓါတ်ပြည့်ဝနေပါစေ။ရေကအသားအရေကိုကြည်လင်စေပြီး စိုပြေဝင်းပစေနိုင်ပါတယ်။ အလွယ်ကူဆုံး ကိုယ်တွင်း အဆိပ်အတောက်ကိုဖယ်ရှားနိုင်တဲ့နည်းလမ်းပါ။ငွေကုန်ကြေးကျလည်းမများပါဘူး။ ရေအလွယ်တကူသောက်နိုင်စေဖို့ သွားလေရာကိုရေဗူးလေးယူသွားပါ။ဆေးဖက်ဝက်ရေနွေးကြမ်းတွေ နဲ့ အချိုဓါတ်မပါတဲ့ အအေးလိုမျိုးလည်း သောက်စရာတွေကို လည်းသောက်ပေးနိုင်ပါသေးတယ်။

    အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးပါ။

    ကျန်းမာအောင်နေထိုင်နည်းတော်တော်များများက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားသောက်မှုပုံစံကနေ စတင်တာကို သတိထားမိရဲ့လား။ အစာချေပြဿနာတွေက အသားအရေကိုထိခိုက်စေတဲ့ အဓိက အကြောင်းအရင်း တွေထဲက တစ်ခုပါ။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အသားအရေကိုကျန်းမာစေနိုင်တဲ့ အစားအသောက် တွေကို စားသုံးပေးမယ်ဆိုရင် အသားအရေကို စိုပြည်ဝင်းပလာစေမှာပါ။ သကြားတွေ၊ဆားတွေအလွန်အကျွံ စားတာမျိုး ကိုလည်းရှောင်ပေးပါ။နေ့စဉ် စားသုံးတဲ့အစားအသောက်ထဲမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်ပြီး လိုအပ်တဲ့ အာဟာရဓါတ် တွေပြည့်စုံတဲ့ အစားအသောက်မျိုးတွေကို စားသုံးပေးကြပါ။

    နေရောင်နဲ့တိုက်ရိုက် ထိတွေ့တာကိုရှောင်ကြဉ်ပေးပါ။

    နေရောင်က ဗီတာမင် D ရရှိနိုင်တဲ့ အဓိကအရင်းအမြစ်ပါ။ မနက်ခင်း ၇နာရီကနေ ၉နာရီ အတွင်းရရှိတဲ့နေရောင်ခြည်က အသားအရေအတွက် အကောင်းဆုံးပါပဲ။ မနက်ခင်း ၉ နာရီနောက်ပိုင်းမှာတော့ နေရောင်ကိုမထိတွေ့လေ ပိုကောင်း လေပါ။ မဖြစ်မနေအပြင်သွားရမယ်ဆိုရင်တောင်နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ ခရင်မ်တစ်ခုခုလူးပေးပါ။ ၁၀ နာရီကနေ ၂ နာရီအတွင်းနေရောင်ခြည်က အရေပြားကိုတော်တော်လေး ထိခိုက်စေနိုင်ပါတယ်။

    အစိုဓါတ်ထိန်းပေးပါ။

    ခန္ဓါကိုယ် အတွင်းပိုင်းရော၊ အပြင်ပိုင်းကိုပါရေဓါတ်ဖြည့်ပေးဖို့လိုပါလိမ့်မယ်။ အသားအရေကို အစိုဓါတ်ထိန်းဖို့ဆိုရင် တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပေးရပါမယ်။ မျက်နှာသစ်တဲ့အခါမှာလည်း မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးတွေ၊ မိတ်ကပ် အကြွင်းအကျန်တွေ၊ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေဖြူစင်ကြည်လင်စေနိုင်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပြီးသန့်စင်ပေးလို့ရပါတယ်။ မျက်နှာသစ်တဲ့အခါရေအေးကိုအသုံးပြုပြီး သစ်တာက အကောင်းဆုံးပါပဲ။ မျက်နှာကို သွေးလှည့်ပတ်မှု ကောင်းအောင်ဖြည်းဖြည်းချင်း နှိပ်နယ်ပေးတာကလည်း အသားအရေကို စိုပြည်ကြည်လင်စေနိုင်ပါတယ်။

    ဝက်ခြံတွေကိုလည်းပျောက်ကင်းအောင်လုပ်ဆောင်ပါ။

    သင့်တော်တဲ့ ဝက်ခြံစောင့်ရှောက်မှုကလည်း စိုပြေကြည်လင်တဲ့အသားအရေ ပိုင်ဆိုင်လိုသူတွေမေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဝက်ခြံတွေကိုပျောက်ချင်ဇောနဲ့ဆေးအပြင်းစားတွေသုံးတာမျိုး၊ ဆိတ်ဆွတာမျိုး၊ ညှစ်တာမျိုးတွေ မလုပ်ပါနဲ့။ ပိုးဝင်သွားတဲ့အခါ အသားအရေကို ထိခိုက်မှု ပိုများသွားစေနိုင်လို့ပါ။ ပိုးဝင်တဲ့အခါ အသားအရေကို ပိုမို ရောင်ရမ်းလာနိုင်ပါတယ်။ဝက်ခြံ ဖြစ်တာကို ကာကွယ်နိုင်အောင် အဓိက ကတော့ တနေကုန် အပြင်ထွက်ပြီး အိမ်ပြန်ရောက်ရင် မျက်နှာကို သေချာ Deep Cleansing လုပ်ပေးနိုင်တဲ့ Scrub မျိုးသုံးပြီးလဲ သန့်စင်သင့်ပါတယ်။ မျက်နှာ ပေါ်က ဆဲလ်သေတွေကိုဖယ်ရှားတာကလည်း ဝက်ခြံတွေကို သက်သာစေတဲ့ နည်းတစ်ခု ပါပဲ။ မျက်နှာပေါ်က ဆဲလ်သေ တွေဖယ်ရှားလိုက်တဲ့အခါ မျက်နှာအသားအရေကို အစိုဓါတ်နဲ့ အခြားလိုအပ်တဲ့ အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင် သွားပြီး အသားအရေကို စိုပြေကြည်လင်လာစေမှာပါ။

    တိုနာသုံးပေးပါ။

    အခြေခံအကျဆုံး အသားအရေကြည်လင်စေတဲ့နည်းလမ်းက အသားအရေကို သန့်စင်ပေးတာရယ်၊ တိုနာသုံး ပေးတာရယ်၊အစိုဓါတ်ထိန်းပေးတာရယ်ပါ။ မျက်နှာကိုသန့်စင်ပြီးတာနဲ့ အသားအရေကိုကြည်လင် စိုပြည်အောင် လုပ်ဆောင်ပေးမယ့် တိုနာတစ်မျိုးမျိုးလူးပေးပါ။ အသားအရေကို အစိုဓါတ်ထိန်းပေးပြီးဖြူစင်ဝင်းပအောင်ပါ လုပ်ဆောင်ပေးတဲ့ တိုနာမျိုး အသုံးပြုပေးလို့ လည်းရပါတယ်။ တိုနာပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဝက်ခြံလည်းကင်းစေပြီးချွေးပေါက်တွေကို လည်းကျဉ်းစေမှာပါ။ မျက်နှာသစ် လိုက်ပေမယ့် အရေပြားပေါ်မှာကျန်ရှိနေတဲ့ အညစ်အကြေးနဲ့ဖုန်မှုန့်တွေကိုလည်း သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာရဲ့ အဆီပြန်တတ်တဲ့ T-zone မှာအရေပြားခြောက်သွေ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေကို ကြည်လင်စိုပြေစေပါလိမ့်မယ်။ မျက်နှာကို တိုနာလူးပြီးတဲ့အခါ မျက်နှာနဲ့ လည်ပင်းက အသားအရေတွေကို Serum တစ်မျိုးမျိုးလိမ်းပေးတာကလည်း အသားအရေကို ကျန်းမာစိုပြေစေမယ့် အချက်တစ်ခုပါ။

    ညအိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ဖို့ မပျင်းပါနဲ့။

    မိတ်ကပ်ကခေတ်သစ်ပျိုမေလေးတွေတိုင်းလိုလိုရဲ့ မျက်နှာပေါ်မှာနေရာယူထားတဲ့ အလှအပ ပစ္စည်းလေးတစ်ခုပါ။ တစ်နေ့တာလုံးလှပစေဖို့ မိတ်ကပ်လူးရထားတာက ကိစ္စမရှိပေမယ့် အသားအရေမပျက်စီးချင်ရင်တော့ ညအိပ်ရာ မဝင်တော့ မိတ်ကပ်တွေကိုဖျက်ပစ်ရပါမယ်။ မိတ်ကပ်တွေကို မဖျက်ဘဲထားမယ်ဆိုရင်ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်လာပါလိမ့်မယ်။ အိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်၊ အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ၊ဖောင်ဒေးရှင်း ရောပေါင်ဒါတွေကိုပါ ဖယ်ရှားပေးဖို့ လိုပါတယ်။ မျက်နှာပေါ်က မိတ်ကပ်တွေဖယ်ရှားပြီးရင်တော့ မျက်နှာသစ်ဆေး နဲ့သစ်ပေးပြီး ညလိမ်းခရမ်တစ်မျိုးမျိုးလူးပေးပါ။ ညဘက်မှာလိမ်းပြီးအိပ်ပေးရုံနဲ့ အသားအရေကို လိုအပ်တဲ့အာဟာရဓါတ်တွေဖြည့်ပေးပြီး အသားအရေ ကိုဖြူဝင်း ချောမွေ့စေမယ့် ခရင်မ်မျိုးလူးပေးလို့ရပါတယ်။

    စိတ်ဖိစီးမှုကိုလျှော့ချပါ။

    လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာရှိတတ်ပေမယ့် စိတ်ညစ်စရာတွေကို အမြဲတွေးနေရင်တော့ အလှအပကို ထိခိုက်လာနိုင် ပါတယ်။ စိတ်ဖိစီးမှုလုံးဝမရှိအောင်ရှောင်လို့မရနိုင်ပေမယ့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို အကန့်အသတ်တွေထားပြီး စိတ်ဖိစီးမှုလျော့ကျအောင်ကြိုးပမ်းကြည့်သင့်ပါတယ်။ တရားထိုင်တာလိုမျိုး၊ ပိတ်ရက်တွေမှာ ကိုယ်ဝါသနာပါတဲ့အားကစား အပန်းဖြေမှုတစ်ခုခုကိုလုပ်တာမျိုးတွေက စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ယောဂလေ့ကျင့်တာ။ ထိုက်ချိ ကစားတာလိုမျိုး သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်ပေးခြင်းကလည်း စိတ်ဖိစီးမှုကိုလျော့ကျ စေနိုင် ပါတယ်။

    အတွင်းစိတ်ကလေးကိုလည်း လှပအောင်ထားပါ။

    နောက်ထပ်ပြောပြချင်တာလေးတစ်ခုက စိတ်ထားလေးကောင်းကောင်းထားဖို့ပါ။ စိတ်လှရင် ရုပ်လှတယ်ဆိုတာမျိုး လည်းကြားဖူးမှာပါ။ လူတစ်ယောက်က စိတ်ထားလှရင် အရမ်းကြီးမလှရင်တောင်မှ မျက်နှာလေးကလှပြီး ကြည်နေ တတ်ပါတယ်။ စိတ်ကမလှဘူးဆိုရင် အပေါ်ယံမိတ်ကပ်တွေဘယ်လိုပဲသုံးသုံး အေးချမ်းလှပတဲ့မျက်နှာလေး ရရှိနိုင်မှာ မဟုတ်ပါဘူး။ မျက်နှာလေးကြည်ပြီး လှနေစေဖို့အတွက် မနက်တိုင်း ဒါမှမဟုတ် ညတိုင်းမေတ္တာပို့တာ၊ ပုတီးစိတ်တာ၊ တရားထိုင်တာမျိုးတွေလုပ်ပေးလို့ရပါတယ်။ သူတစ်ပါးကိုကူညီပေးတာကလည်း စိတ်ရော ကိုယ်ပါ ကျန်းမာမှုရစေတတ်တဲ့ အလေ့အထတစ်မျိုးပါ။ မေတ္တာထားပေးရင်း စိတ်အေးချမ်းမှုကို ဖန်တီးရယူနိုင်ပါတယ်။မေတ္တာပို့ပေးတာက စိတ်ရောကိုယ်ပါ အေးချမ်းမှုရရှိစေပြီး မျက်နှာသွင်ပြင်ကို ကြည်လင်ဝင်းပစေပါတယ်။

    ဒီနည်းလေးတွေအတိုင်းလုပ်ဆောင်ရင်း ပျိုမေတိုင်း စိုပြည်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်ပြီး ပင်ကိုယ်အလှစစ်ကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement