brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup က ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup ဟာလည်း Tampon လိုပဲ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ Tampon သုံးဖူးတဲ့သူတွေဆိုရင်တော့ Menstrual Cup ကို သုံးရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ ခွက်ဖြစ်တဲ့အတွက်ကြောင့် ခေါက်ထည့်ပြီး အထဲမှာ ပွင့်အောင်လုပ်ရတဲ့ အဆင့်တစ်ဆင့်တော့ ပိုလာတာပေါ့နော်။ Menstrual Cup ကို သုံးတော့မယ်ဆိုရင်

  • အရင်ဆုံး လက်ကို သေချာဆေးပါ။
  • ခွက်ကို Water-based Lubricant (ရေဓာတ်အခြေခံ ချောဆီ) နဲ့ သုတ်ပါ။ (ဒါကတော့ ထည့်ရင် နာမှာကြောက်တဲ့သူတွေကို ပြောတာပါ။ ဒီတိုင်း Lube မသုံးဘဲ မိန်းမကိုယ်ရဲ့ သဘာဝချောဆီနဲ့ ထည့်လို့ အဆင်ပြေတဲ့သူတွေလည်း ရှိပါတယ်။)
  • ခွက်ကို ခေါက်ပြီး မိန်းမကိုယ်ထဲ ထည့်ပါ။
  • ခေါက်တဲ့နေရာမှာ C-fold, Punch down fold, 7 fold စသဖြင့် ကိုယ်နဲ့ အဆင်ပြေရာကို ရွေးချယ်ပြီး ခေါက်လို့ ရပါတယ်။
  • မိန်းမကိုယ်ထဲ ဝင်သွားပြီ၊ ခိုးလိုးခုလု မဖြစ်တော့ဘဲ နေရာကျသွားပြီ ဆိုရင် လှည့်လိုက်ပါ။ ခွက်က ပွင့်ပြီး ရာသီသွေးတွေကို ခံပေးပါလိမ့်မယ်။ သူက Tampon တို့ Sanitary Pad တို့လို ရာသီသွေးတွေကို စုပ်ယူလိုက်တာမျိုး မဟုတ်ဘဲ ခွက်နဲ့ခံပြီး စုလိုက်သလိုပေါ့။
  • (၆) နာရီကနေ (၁၂) နာရီထိ ထားပြီး ခွက်ကို ထုတ်၊ သွေးတွေကို သွန်ပြီး ရေအေးနဲ့ဆေး၊ ပြန်ထည့်သုံးပါ။
  • ဘယ်လို ပြန်ထုတ်ရသလဲ။

    • ပြန်ထုတ်တဲ့အခါမှာ အရင်ဆုံး လက်ကိုသေချာဆေးပါ။
    • လက်ညှိုးနဲ့ လက်မကို သုံးပြီး မိန်းမကိုယ်ထဲက Menstrual Cup ရဲ့ အမြီးလေးကို ဆွဲထုတ်လိုက်ရင် ရပါပြီ။
    • သွေးတွေ လျှံမကျစေဖို့နဲ့ လေခိုတာမျိုး မဖြစ်ဖို့အတွက် ခွက်ရဲ့ အောက်ခြေနားကို ညှစ်ပြီး လှည့်ထုတ်ပေးရင် ရပါတယ်။ စစသုံးချင်းမှာတော့ အထုတ်မတော်ရင် သွေးတွေ လျှံကျပြီး ပေပွတာမျိုး ဖြစ်တတ်ပေမဲ့ နောက်ပိုင်း အထာသိသွားရင်တော့ အဆင်ပြေသွားမှာပါ။
    • ရာသီပြီးသွားလို့ နောက်လအတွက် သိမ်းမယ်ဆိုရင်တော့ ရေနွေးပူထဲကို Menstrual Cup ကို ထည့်ပြုတ် (စိမ်) ပြီး သေချာခြောက်သွေ့အောင် သုတ်ပြီး သီးသန့် သိမ်းဆည်းလို့ ရပါတယ်။

    ကိုယ်နဲ့ သင့်တော်တဲ့ Menstrual Cup ကို ဘယ်လို ရွေးချယ်ရလဲ။

    Menstrual Cup ကို ရွေးချယ်ရာမှာ

    (၁) အသက်အရွယ်

    (၂) မွေးလမ်းကြောင်း အရှည်

    (၃) သွေးဆင်းမှု ပမာဏ

    (၄) ခွက်ရဲ့ ပျော့ပျောင်းမှု နဲ့ အရွယ်အစား

    (၅) ခွက်ထဲ ဝင်နိုင်မယ့် ပမာဏ

    (၆) တင်ပါးဆုံကြွက်သားအား (Pelvic floor muscles)

    (၇) ကလေးမွေးထားခြင်း ရှိ၊ မရှိ

    စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Menstrual Cup တွေမှာ S နဲ့ L ဆိုပြီး အရွယ်အစား ၂ မျိုးရှိတတ်ကြပါတယ်။ S ဆိုက်ကတော့ များသောအားဖြင့် အသက် ၃၀ အောက် ကလေးမမွေးဖူးတဲ့ အမျိုးသမီးလေးတွေနဲ့ သင့်တော်ပြီး သွေးဆင်းတာ အရမ်းများတယ်ဆိုတဲ့ အမျိုးသမီးတွေ၊ ကလေးမွေးဖူးသူတွေနဲ့ အသက် ၃၀ အထက်ကိုတော့ L ဆိုက်သုံးဖို့ သင့်တော်ပါတယ်။ ကိုယ်နဲ့ မှန်ကန်သင့်လျော်တဲ့ အရွယ်အစားကို ရှာရတာကလည်း Menstrual Cup သုံးမယ့်သူတွေအတွက် စိန်ခေါ်မှုကြီး တစ်ခုပါပဲ။

    ကဲ.. ဒါတွေကတော့ Menstrual Cup ကို စနစ်တကျ ဘယ်လိုသုံးမလဲဆိုတဲ့ နည်းလမ်းတွေပါပဲ။ ပြောသာပြောရတယ်၊ သီအိုရီပိုင်ပြီး လက်တွေ့ကျ အခက်အခဲတွေ နည်းနည်း ထပ်တွေ့နိုင်သေးတာမို့ လေဒီတို့ရေ… Practice Makes Perfect ထုံးကိုသာ နှလုံးမူပြီး ကြိုးစားကြပါစို့ရဲ့။

    Wathun Myat Chal

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။