လင်မယားရယ်လို့ ဖြစ်လာရင် လိင်မှုကိစ္စက အမြဲလိုလို ပါနေတတ်ပါတယ်။ အထူးသဖြင့် ကြင်စဦး ဇနီးမောင်နှံတွေဆိုရင် ပိုလို့တောင် လိင်ဆက်ဆံဖို့ တက်ကြွနေတတ်တာပေါ့။ ဒီလိုအချိန်မှာ ဇနီးက ကိုယ်ဝန်ရှိသွားတဲ့အခါ မိခင်နဲ့ ကလေးဘေးအန္တရာယ်ကင်းဖို့ကို အချိန်ကာလတစ်ခုအထိ ထိုးသွင်းဆက်ဆံမှုပါတဲ့ လိင်မှုကိစ္စကို ရပ်တန့်ထားလိုက်ရပါတယ်။ ယောက်ျားဆိုတာကလည်း ယောက်ျားသဘာဝက ကြီးစိုးနေတော့ ဘယ်လောက်ပဲ နားလည်ပေးနိုင်တယ်ပြောပြော ကာမကိစ္စနဲ့ပတ်သက်လာတဲ့အခါ လိင်စိတ်ဆန္ဒကိုပဲ ရှေ့တန်းတင်ဦးစားပေးတတ်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်က မီးဖွားပြီး တာနဲ့ပဲ ချက်ချင်းစိတ်မထိန်းနိုင်ဘဲ လိင်ဆက်ဆံလိုက်တာ၊ ဆရာဝန်မှာကြားခဲ့တဲ့ စကားကို သေချာနားမထောင်တာမျိုးတွေ လုပ်မိတတ်ကြတာပေါ့။
ယောက်ျားတိုင်းကတော့ ကိုယ့်ဇနီးသည် ကလေးမွေးပြီးပြီဆိုတာနဲ့ အတူပြန်နေလို့ရပြီဆိုပြီး တွေးပျော်တတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ ဆန္ဒထက် ကိုယ့်ချစ်ဇနီးရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။
ဒါကြောင့် ဒီလိင်ဆက်ဆံဖို့အတွက်ကို ချက်ချင်းခုန်ကျော်ပြီး သွားလိုက်တာမျိုးထက် အချိန်အတိုင်းအတာတစ်ခုကို စောင့်၊ ဒီအတောအတွင်းမှာလည်း မိသားစုအတွက်ကို သေချာဂရုစိုက်ပေး၊ ပြီးလို့ နှစ်ဦးလုံးအတွက် အဆင်သင့်ဖြစ်ပြီဆိုတဲ့အချိန်ကျမှ ချစ်တင်းနှောတဲ့ ကိစ္စကို ပြန်စတင်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။


