backup og meta

မီးဖွားပြီး ကာစ ဇနီးသည်နဲ့အတူပြန်နေဖို့ အရမ်းမလောပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီး ကာစ ဇနီးသည်နဲ့အတူပြန်နေဖို့ အရမ်းမလောပါနဲ့

    လင်မယားရယ်လို့ ဖြစ်လာရင် လိင်မှုကိစ္စက အမြဲလိုလို ပါနေတတ်ပါတယ်။ အထူးသဖြင့် ကြင်စဦး ဇနီးမောင်နှံတွေဆိုရင် ပိုလို့တောင် လိင်ဆက်ဆံဖို့ တက်ကြွနေတတ်တာပေါ့။ ဒီလိုအချိန်မှာ ဇနီးက ကိုယ်ဝန်ရှိသွားတဲ့အခါ မိခင်နဲ့ ကလေးဘေးအန္တရာယ်ကင်းဖို့ကို အချိန်ကာလတစ်ခုအထိ ထိုးသွင်းဆက်ဆံမှုပါတဲ့ လိင်မှုကိစ္စကို ရပ်တန့်ထားလိုက်ရပါတယ်။ ယောက်ျားဆိုတာကလည်း ယောက်ျားသဘာဝက ကြီးစိုးနေတော့ ဘယ်လောက်ပဲ နားလည်ပေးနိုင်တယ်ပြောပြော ကာမကိစ္စနဲ့ပတ်သက်လာတဲ့အခါ လိင်စိတ်ဆန္ဒကိုပဲ ရှေ့တန်းတင်ဦးစားပေးတတ်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်က မီးဖွားပြီး တာနဲ့ပဲ ချက်ချင်းစိတ်မထိန်းနိုင်ဘဲ လိင်ဆက်ဆံလိုက်တာ၊ ဆရာဝန်မှာကြားခဲ့တဲ့ စကားကို သေချာနားမထောင်တာမျိုးတွေ လုပ်မိတတ်ကြတာပေါ့။

    မီးဖွားပြီး ဘယ်လောက်အကြာမှ လိင်ဆက်ဆံသင့်လဲ။

    ပုံမှန်အားဖြင့်တော့ ရိုးရိုးမွေးထားတဲ့သူတွေကို ၄၅ ရက်အနည်းဆုံးစောင့်ပေးရမယ်လို့ ဆိုထားပေမယ့် မိခင်အဆင်ပြေတဲ့အထိ စောင့်သင့်ပါတယ်။ ဒီလိုကာလအတွင်းမှာ မေမေအနေနဲ့လည်း မီးဖွားဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေမယ်၊ ကလေးကို နို့တိုက်နေရမယ်၊ အစစအရာရာအတွက်ကို စိုးရိမ်ပူပန်နေရတယ်၊ ဟော်မုန်းအပြောင်းအလဲကြောင့်ရော စိတ်ဖိစီးမှုတွေကြောင့် လူက နုံးချိပြီး လိင်ကိစ္စအတွက် စိတ်မပါသလောက် နည်းနေမှာပါ။ အထူးသဖြင့် ခွဲမွေးထားရတဲ့ မေမေတွေဆိုရင် ဒီ့ထက်တောင် ပိုပြီး စောင့်ဖို့လိုအပ်ပါတယ်။

    မီးဖွားပြီးတာနဲ့ ချစ်ဇနီးသည်နဲ့ လိင်ဆက်ဆံဖို့ တာဆူနေတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေကတော့

  • ဆရာဝန်တွေက ပြန်ပြီး လိင်ဆက်ဆံလို့ ရပြီလို့ သတ်မှတ်ပေးထားတဲ့အချိန်ဟာ အစောဆုံးကာလပါ။ ဒါကြောင့် အဲ့အချိန်အတိုင်း ဆက်ဆံဖို့ ရက်အတိအကျ မသတ်မှတ်ပေးထားပါနဲ့။
  • မီးဖွားပြီး ကာစ အမျိုးသမီးအများစုက ပင်ပန်းနွမ်းနယ်စိတ်ကြောင့် လိင်ဆက်ဆံဖို့ကို သိပ်ပြီး စိတ်မပါတတ်ကြပါဘူး။ ဒီလိုဖြစ်လာတဲ့အခါ အရမ်းဖိအားမပေးမိစေဖို့ သတိထားပါ။
  •  ကလေးကို ကူထိန်းပေးပါ။ အိမ်အလုပ်တွေ ကိုယ်ကူလုပ်ပေးလို့ ရတာရှိရင် လုပ်ပေးပါ။ ဇနီးမောင်နှံရယ်လို့ ဖြစ်လာပြီဆိုရင် သူ့အလုပ်၊ ကိုယ့်အလုပ်ဆိုပြီး အရမ်းမခွဲပါနဲ့။
  •  အစောပိုင်းကာလမှာ မိခင်နဲ့ ကလေးရဲ့ စိတ်၊ ခန္ဓာ ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ တစ်ခုတည်းသာ အလေးထားပါ။
  •  ကြင်စဦးကာလလိုမျိုး အိမ်ပြန်ရောက်တဲ့အခါ ဇနီးသည်အတွက် ပန်းတွေ၊ လက်ဆောင်တွေ ဝယ်လာတာမျိုး၊ အိမ်အလုပ်လုပ်နေတဲ့ ဇနီးကို ပွေ့ဖက်ပြီး အရာအားလုံးအတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ကလေးမွေးပြီးတာတောင် အရင်လို လှနေသေးကြောင်း များများပြောပေးပါ။
  • အစပိုင်းမှာ ပွေ့ဖက်နမ်းရှုံ့တာ၊ အသားချင်းထိကပ်ပြီး ကြင်ကြင်နာနာ စကားပြောပေးတာ၊ အတူဖက်အိပ်တာမျိုးနဲ့ပဲ စတင်ပါ။
  • လိင်စိတ်ဆန္ဒပြီးမြောက်ဖို့ ထိုးသွင်းဆက်ဆံခြင်းက မဖြစ်မနေ အရေးပါတာ မဟုတ်ပါဘူး။ ကလေးမွေးထားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အတူမနေတာ ကြာသွားလို့ ပြန်နေတဲ့အခါ နာတာ၊ အောင့်တာ၊ နေရထိုင်ရမသက်သာဘူးလို့ ခံစားရနိုင်ပါတယ်။ ဒီအခါမှာ အပြစ်မတင်ပါနဲ့။ အတင်းရှေ့ဆက်ပြီးတော့လည်း မလုပ်ပါနဲ့။
  • ကိုယ်ဝန်မရခင်ကာလနဲ့ မတူတဲ့ ဆက်ဆံပုံအနေအထားအသစ်တွေ စမ်းလုပ်ကြည့်ပါ။ အဓိက ကိုယ်ဆက်ဆံတဲ့ အနေအထားက ဇနီးသည်အတွက် နာကျင်မှုနည်းဖို့၊ သက်သောင့်သက်သာဖြစ်စေဖို့ အရေးကြီးပါတယ်။
  • ပါးစပ်၊ လျှာအသုံးပြုပြီး ကိုယ့်အိမ်ထောင်ဖက်ကို လိင်စိတ်ဆန္ဒ ထကြွလာအောင် နှိုးဆွတာမျိုး လုပ်ကြည့်လို့လည်း ရပါတယ်။
  • မီးဖွားပြီး အတူနေမယ်ဆိုရင်

    ယောက်ျားတိုင်းကတော့ ကိုယ့်ဇနီးသည် ကလေးမွေးပြီးပြီဆိုတာနဲ့ အတူပြန်နေလို့ရပြီဆိုပြီး တွေးပျော်တတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ ဆန္ဒထက် ကိုယ့်ချစ်ဇနီးရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။
    ဒါကြောင့် ဒီလိင်ဆက်ဆံဖို့အတွက်ကို ချက်ချင်းခုန်ကျော်ပြီး သွားလိုက်တာမျိုးထက် အချိန်အတိုင်းအတာတစ်ခုကို စောင့်၊ ဒီအတောအတွင်းမှာလည်း မိသားစုအတွက်ကို သေချာဂရုစိုက်ပေး၊ ပြီးလို့ နှစ်ဦးလုံးအတွက် အဆင်သင့်ဖြစ်ပြီဆိုတဲ့အချိန်ကျမှ ချစ်တင်းနှောတဲ့ ကိစ္စကို ပြန်စတင်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement