backup og meta

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်တိုက်နေတဲ့ သွားတိုက်တံအကြောင်း

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်တိုက်နေတဲ့ သွားတိုက်တံအကြောင်း

ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်တော်တော်လေး အရေးပါတဲ့အရာပါ။ ခံတွင်းကျန်းမာရေးဆိုတဲ့နေရာမှာ သွားနဲ့သွားဖုံးကျန်းမာအောင် ဂရုစိုက်ရသလို လူတိုင်းနဲ့ပြောဆိုဆက်ဆံရာမှာအသုံးပြုနေတဲ့ ခံတွင်းကနေ အနံ့ဆိုးတွေ မထွက်ဖို့ ဂရုစိုက်ရမှာကိုလည်းမေ့လို့ မဖြစ်ပြန်ပါဘူး။ သွားနဲ့ ခံတွင်းကို ဂရုစိုက်တာက အပြုံးလေးကို လှပစေမှာဖြစ်သလို လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်း အဆင်ပြေမှာပါ။ သွားနဲ့ခံတွင်းဂရုစိုက်မှုရဲ့ ဇာတ်လိုက်တွေက သွားတိုက်ဆေးနဲ့သွားပွတ်တံတို့ပါ။ အခုဆောင်းပါးလေးထဲမှာတော့ ဒီဇာတ်လိုက်တွေထဲက သွားပွတ်တံအကြောင်းပြောပြမယ်နော်။

သွားနဲ့ခံတွင်း ကျန်းမာဖို့ မဖြစ်မနေသိထားသင့်တာတွေက

  • သွားကို တစ်နေ့ နှစ်ကြိမ်တိုက်ပါ။
  • သွားပွတ်တံကို အချိန်မှန်လဲပေးပါ။
  • သွာပွတ်တံကိုခြောက်သွေ့အောင်ထားပေးပါ။
  • သွားတိုက်ဆေးကို သတိထားရွေးချယ်ပါ။
  • သွားပုံစံနဲ့ သင့်တော်မယ့် သွားပွတ်တံမျိုးကိုရွေးချယ်ပါ။

ဘယ်လိုသွားပွတ်တံမျိုးကိုရွေးချယ်သင့်လဲ

သွားပွတ်တံတွေကတော့ရွေးချယ်စရာအများကြီးပါ။ တံဆိပ်အမျိုးမျိုးရှိသလို အရွယ်အစား၊ ပုံစံကွာခြားမှုတွေအမျိုးမျိုးပါပဲ။ ဒီထဲက မှအသင့်တော်ဆုံးဖြစ်မှာကိုရွေးချယ်ဖို့က ကိုယ့်မှာ တာဝန်အရှိဆုံးပါ။ သွားပွတ်တံ အသစ်ဝယ်ခါနီးတိုင်း ချိတုံချတုံ ဘာရွေးရမှန်းမသိတဲ့ HelloSayarwon ပရိသတ်တွေအတွက် သွားတိုက်တံရွေးနည်းလေးပြောပြပေးမယ်နော်။

(၁) ပထမဆုံးအချက်က သွားတိုက်တံရွေးတဲ့အခါ သွားပွတ်တံမှာပါတဲ့ Brush ကိုခပ်ပျော့ပျော့လေးတွေ၊ ခပ်မာမာနဲ့ အရမ်းလည်း မပျော့အရမ်းလည်း မမာတာမျိုးကိုရွေးချယ်လို့ရပါတယ်။ သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ သွားပွတ်တံရွေးချယ်တဲ့အခါ Brush ခပ်ပျော့ပျော့လေးတွေက သွားကြိုသွားကြားအထိ အစာအကြွင်းအကျန်လေးတွေကို ရှင်းပေးနိုင်တာကြောင့် အကောင်းဆုံးပါလို့ထောက်ခံ အကြံပြုထားကြပါတယ်။

(၂) ဒုတိယအချက်က သွားပွတ်တံရွေးတဲ့အခါ အရမ်းကို Size ကြီးတဲ့အရာမျိုးကို မရွေးဖို့ပါ။ ဥပမာပြောရရင် ကားလိုပေါ့။ ကားသေးသေးလေးတွေဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ဝင်ရထွက်ရလွယ်တယ်လေ။ သွားပွတ်တံရွေးတဲ့အခါလည်း ခပ်သေးသေးလေးကိုရွေးချယ်တာက သွားတွေကို ထိထိရောက်ရောက်သန့်ရှင်းပေးနိုင်ပြီး ခံတွင်းကိုနေရာလပ်မကျန် သန့်စင်ပေးနိုင်ပါတယ်။

(၃) နောက်ဆုံးတစ်ချက်က သွားပွတ်တံရဲ့ ပုံစံပါ။ သွားတိုက်တံပုံစံဆိုတဲ့နေရာမှာလည်း သွားပွတ်တံရဲ့ ထိပ်ပိုင်းက စက်ဝိုင်း ပုံစံရှိသလို တြိဂံပုံစံ ခပ်လုံးလုံးလေးတွေလည်းရှိပါတယ်။နောက်တစ်မျိုးကတော့ သွားပွတ်တံထိပ်က ခပ်လုံးလုံးနဲ့ ခပ်ရှည်ရှည်ပုံစံပါ။ ဒီလိုပုံစံအမျိုးမျိုးထဲမှာမှ လက်ကိုင်ကလည်း ကိုင်ရအဆင်ပြေပြီး သွားပွတ်တံကလည်း ပါးစပ်ထဲထည့်လို့ အဆင်ပြေမယ့် အရွယ်အစားမျိုးက ပိုအဆင်ပြေပါတယ်။ ကိုယ့်သွားတွေရဲ့ ပုံစံနဲ့ အဆင်ပြေမယ့် သွားပွတ်တံပုံစံမျိုးကိုရွေးချယ်ဖို့ပြောပါရစေ။ သွားပုံစံတွေက တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။

ဘယ်လောက်တစ်ခါ သွားပွတ်တံကို လဲလှယ်သင့်လဲ

သွားပွတ်တံကို တိုက်လို့ရတဲ့အထိတိုက်တယ် လုံးဝတိုက်လို့မရမှ အသစ်လဲတယ်။ ပိုက်ဆံချွေတာရာရောက်တာပေါ့၊လို့တွေးနေလား။ ဒီအယူအဆက လုံးဝကို လွဲမှားနေပါတယ်။ သွားပွတ်တံကို ဘယ်လောက်ပဲကောင်းသေးတယ်ပြောပြော ၃ လတစ်ကြိမ်တော့ မဖြစ်မနေလဲလှယ်ပေးပါနော်။ သွားပွတ်တံအနားတွေဖွာလာတဲ့အခါ သွားနဲ့ခံတွင်းသန့်ရှင်းမှုမှာ ထိရောက်မှုမရှိတော့ဘဲ မလိုလားအပ်တာတွေဖြစ်လာနိုင်ပါတယ်။ တကယ်လို့သင့်အနေနနဲ့ တုပ်ကွေးတွေ ဘာတွေဖြစ်ပြီးပြန်ကောင်းလာတဲ့အခါ သုံးလက်စ သွားပွတ်တံကို လွှင့်ပစ်လိုက်ပြီး အသစ်လဲလှယ်လိုက်တာအကောင်းဆုံးပါ။ သွားပွတ်တံမှာ ရောဂါပိုးတွေ ကပ်ညှိနေပြီး နောက်တစ်ကြိမ် ထပ်မံဖျားနာတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ တကယ်လို့ သွားပွတ်တံက လဲထားတာ သိပ်မကြာသေးလို့ မပစ်ချင်ဘူးဆိုရင်လည်း သွားပွတ်တံကိုရေနွေးဆူဆူထဲမှာ ၁၅ မိနစ် နာရီဝက်လောက်စိမ်ထားပေးပါ။

နေ့တိုင်းသွားတိုက်တာက သွားနဲ့သွားဖုံးတွေကျန်းမာစေဖို့အတွက် အဓိကကျတဲ့အချက်တစ်ခုပါ။ ဒီလိုပုံမှန် မနက်တစ်ကြိမ် ညနေတစ်ကြိမ် သွားတိုက်ပေးတာက သွားနဲ့ သွားဖုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။နောက်တစ်ချက်က ညစဉ် အိပ်ရာမဝင်ခင်မှာ သွားတိုက်ပေးတဲ့သူတွေမှာ နှလုံး‌ေရာဂါဖြစ်နိုင်ခြေနည်းတယ်၊ လို့ သုတေသနပြုချက်တွေအရသိရပါတယ်။ အသက်ကြီးတဲ့အထိ သွားကောင်းကောင်းနဲ့ အစားအစာတွေကိုကောင်းကောင်းဝါးနိုင်ဖို့ဆိုရင် သွားပွတ်တံကို မှန်ကန်စွာရွေးချယ်ပြီး အချိန်မှန်လဲလှယ်ပေးပါ။ နောက်တစ်ချက်ကနေ့စဉ် မနက်တစ်ကြိမ် ညတစ်ကြိမ် သွားမှန်မှန်တိုက်ပေးပါ။

တစ်သက်တာလုံးအသုံးပြုရမယ့် သွားတွေကျန်းမာဖို့ဆိုရင် သွားပွတ်တံကိုသေသေချာချာရွေးချယ်ဖို့လိုမှာပါ။ သွားပွတ်တံတွေကိုရွေးချယ်ဝယ်ယူတဲ့အခါ သွားကြိုသွားကြားမကျန် သန့်ရှင်းပေးနိုင်မယ့် Brush နုနုလေးနဲ့ သွားပွတ်တံသေးသေးလေးကိုရွေးချယ်ဝယ်ယူဖို့လိုပါမယ်။ ဒါကြောင့် သွားကောင်းကောင်းနဲ့ အစားကောင်းကောင်းစားချင်တယ်ဆိုရင် သွားပွတ်တံကောင်းကောင်းလေးရွေးချယ်ဝယ်ယူတတ်ဖို့ လိုမယ်နော် ……

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Untold Toothbrush Tips To Keep Your Teeth In Shape https://www.consumerhealthdigest.com/dental-health/keeping-your-teeth-in-shape.html Accessed Date 9 July 2018

Choosing The Right Toothbrushhttps://www.colgate.com/en-us/oral-health/basics/selecting-dental-products/choosing-the-right-toothbrush Accessed Date 9 July 2018

Toothbrush Tips to Keep Your Teeth in Shapehttps://www.everydayhealth.com/dental-health/101/brushing.aspx Accessed Date 9 July 2018

ယခုပုံစံ

22/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးအကြီးဆုံး သွားပွတ်တံ

သွားပွတ်တံကို မှန်မှန်ကန်ကန် အသုံးပြုကြမယ်။ သန့်ရှင်းအောင်ထားကြမယ်။



Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement