backup og meta

စိတ်ဖိစီးမှုများလွန်းခြင်း၏ လက္ခဏာများ

စိတ်ဖိစီးမှုများလွန်းခြင်း၏ လက္ခဏာများ

စိတ်ဖိစီးမှုဆိုတာ မလိုလားအပ်တဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ထိခိုက်ခံစားရမှုပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ တချိန်ချိန်မှာ စိတ်ဖိစီးမှုဒဏ်ကို ခံစားဖူးကြပါလိမ့်မယ်။ သုတေသနစာစောင်တခုမှာဆိုရင် အရွယ်ရောက်ပြီးသူများရဲ့ ၃၃ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုဝေဒနာကို အတော်လေး ကြုံတွေ့ဖူးကြတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေများစွာနဲ့ ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုများလွန်းလာရင် ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

၁။ ဝက်ခြံ

ဝက်ခြံထွက်ခြင်းဟာ စိတ်ဖိစီးမှုများခြင်းရဲ့ လက္ခဏာတခုဖြစ်နိုင်ပါတယ်။ လူတချို့ဟာ စိတ်ဖိစီးမှုများချိန်မှာ မိမိတို့မျက်နှာကို မကြာခဏ ပွတ်သပ်မိကြပါတယ်။ အဲဒီအခါမှာ ဘက်တီးရီးယားများ ပျံ့သွားနိုင်ပြီး ဝက်ခြံများ ပေါက်လာနိုင်ပါတယ်။ သုတေသနအတော်များများမှာလည်း စိတ်ဖိစီးမှုများလွန်းခြင်းနဲ့ ဝက်ခြံပေါက်ခြင်းဟာ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

၂။ ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်း စတာတွေဟာ စိတ်ဖိစီးချိန်မှာ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀ ကျော်လောက်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ၄၅ ရာခိုင်နှုန်းခန့်ဟာ နာတာရှည်ခေါင်းကိုက်ခြင်းမဖြစ်မီ စိတ်ဖိစီးစရာ အခြေအနေတွေ ကြုံခဲ့ကြရတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်ခြင်း၊၊ အရက်သောက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း စတာတွေကလည်း ခေါင်းကိုက်စေနိုင်ပါတယ်။

၃။ နာတာရှည် နာကျင်ကိုက်ခဲခြင်း

စိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ ကော်တီဆောဟော်မုန်းဟာ နာကျင်ကိုက်ခဲခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဥပမာအားဖြင့် ခါးနာရောဂါခံစားနေရသူ ၁၆ယောက်ကို လေ့လာခဲ့ရာမှာ ကော်တီဆောဟော်မုန်းများပြားနေကြောင်း သိရပါတယ်။

၄။ မကြာခဏ ဖျားနာခြင်း

မကြာခဏ ဖျားနာ၊ နှာစေးခြင်းဖြစ်နေမယ်ဆိုရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုက သင့်ရဲ့ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာကြောင့် မကြာခဏ ရောဂါပိုးဝင်ပြီး နေထိုင်မကောင်းဖြစ်တတ်ပါတယ်။

သုတေသနစာစောင်တခုမှာ ဖော်ပြချက်အရလည်း စိတ်ဖိစီးမှုဟာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

၅။ စွမ်းအားကျဆင်းပြီး အိပ်မပျော်ခြင်း

ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း စတာတွေဟာ စိတ်ဖိစီးမုှကို ကာလကြာရှည် ကြုံတွေ့ခဲ့ရသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းကြောင့် အိပ်ရေးပျက်လာရင် ရေရှည်မှာ ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းသလို ခံစားရတတ်ပါတယ်။

ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးတွင်းသကြားဓာတ်ကျခြင်း၊ အစားပျက်ခြင်း စတာတွေကလည်း အားအင်ကုန်ခမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

၆။ လိင်စိတ်နည်းပါးခြင်း

လူအများစုဟာ စိတ်ဖိစီးချိန်မှာ လိင်စိတ်ဆန္ဒနဲ့ ပတ်သက်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ သုတေသနတခုအရ စိတ်ဖိစီးမှုများပြားနေတဲ့ အမျိုးသမီးတွေကို လေ့လာရာမှာ စိတ်ဖိစီးမှုအသင့်အတင့်သာရှိတဲ့ အမျိုးသမီးများလောက် လိင်စိတ်နိုးကြားမှုမရှိဘူးလို့ ဆိုတာတွေ့ရပါတယ်။

၇။ အစာအိမ်အူလမ်းကြောင်းပြဿနာများ

စိတ်ဖိစီးမှုကြောင့် အူလမ်းကြောင်းမခံနိုင်ဘဲ ဝမ်းပျက်လွယ်ခြင်းများ ဖြစ်တတ်ပါတယ်။ အစာအိမ်နာခြင်း၊ လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများလာချိန်မှာ အစာအိမ်အောင့်ခြင်း၊ လေအန်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။

၈။ အစားအသောက်ပြောင်းလဲခြင်း

စိတ်ဖိစီးချိန်မှာ စားသောက်တဲ့ အလေ့အထ ပြောင်းလဲသွားနိုင်ပါတယ်။ လူတချို့ဟာ စိတ်ဖိစီးလာချိန်မှာ လုံးဝအစားမဝင်တာရှိသလို တချို့ကတော့ စားစရာမှန်သမျှ ရှာဖွေပြီး တစွတ်စွတ်စားသောက်နေတတ်ပါတယ်။

ကောလိပ်ကျောင်းသားတွေကို ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ၈၁ရာခိုင်နှုန်းသော ကျောင်းသားတွေဟာ စိတ်ဖိစီးမှုဖြစ်လာချိန်မှာ စားသောက်တဲ့ အလေ့အထ ပြောင်းလဲသွားပါတယ်။ ကျောင်းသားများရဲ့ ၆၂ ရာခိုင်နှုန်းဟာ ပိုမိုစားသောက်လာကြပြီး ၃၈ရာခိုင်နှုန်းကတော့ အစားပျက်သွားပါတယ်။

၉။ စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဟာ ဆက်နွယ်နေပါတယ်။ စိတ်ဖိစီးမှုကို ကြာရှည်ခံစားလာရရင် စိတ်ကျဝေဒနာပါ ဝင်လာနိုင်ပါတယ်။ စိတ်ဖိစီးမှု ပိုဆိုးလေလေ၊ စိတ်ကျရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများလေ ဖြစ်ပါတယ်။

၁၀။ နှလုံးခုန်မြန်ခြင်း

နှလုံးခုန်မြန်ခြင်းဟာ စိတ်ဖိစီးမှုမြင့်မားနေပြီဆိုတာကို ညွှန်ပြနေပါတယ်။ သုတေသနတခုမှာ စိတ်ဖိစီးချိန်နဲ့ သာမန်ချိန်အကြား နှလုံးခုန်နှုန်း ကွာခြားချက်ကို လေ့လာရာမှာ စိတ်ဖိစီးတဲ့အခြေအနေမှာ ခုန်တဲ့ နှလုံးခုန်စည်းချက်ဟာ ပိုမိုမြန်ဆန်တာကို တွေ့ရပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/symptoms-of-stress Accessed Date 17 April 2020

ယခုပုံစံ

14/07/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား

စိတ်ဖိစီးမှု (Stress)


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement