brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိတ်ဓာတ်ကျ ခြင်းကို ဆန်းစစ်ကြည့်ခြင်း

စိတ်ဓာတ်ကျ တယ်ဆိုတာက ပြောတော့သာဘာမှမဟုတ်သလို။ စိတ်ဓာတ်တကယ်ကျလာရင် အလုပ်ခွင်မှာရော လူမှုဆက်ဆံရေးနယ်ပယ်မှာပါ အဆင်မပြေမှုတွေကတော်တော်လေးများလာပါတယ်။ အခုတစ်ခေါက်တော့ လူတိုင်းနီပါးခံစားနေရတဲ့ စိတ်ဓာတ်ကျ တယ်ဆိုတဲ့အကြောင်းကို လေ့လာကြည့်ရအောင်လား။

စိတ်ဓာတ်ကျ ခြင်းကို ဆန်းစစ်ကြည့်ခြင်း

စိတ်ဓာတ်ကျ တယ်ဆိုတာ ဘာလဲ…..

စိတ်ဓာတ်ကျတယ်ဆိုတာက စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အခြေအနေတစ်ရပ်ပါ။ စိတ်ထဲမှာ အကောင်းမြင်တဲ့ အတွေးထက် အဆိုးမြင်တဲ့အတွေးတွေက ပိုများနေတတ်ပြီး ယုံကြည်မှုကင်းမဲ့နေတဲ့ အနေအထားပါ။ ဝမ်းနည်းနေသလို ခံစားနေရပြီး အရမ်းစိတ်ဝင်စားတဲ့အရာတွေကိုတောင် မလုပ်ချင်တာမျိုးပေါ့။ စိတ်ဓာတ်ကျမှုက နောက်ဆက်တွဲ ပြဿနာတွေကို ခေါ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရ အခြေအနေတစ်ခုဆိုလည်း မမှားပါဘူး။

ဘယ်သူတွေ စိတ်ဓာတ်ကျနိုင်လဲ…..

ကလေးကနေစလို့ လူကြီးလူငယ်မရွေး အရွယ်သုံးပါးစလုံး စိတ်ဓာတ်ကျနိုင်ပါတယ်။ အမျိုးသားတွေရော အမျိုးသမီး တွေမှာရော စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျမှုက အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီး ဖြစ်တည်မှုပေါ်မှာလိုက်ပြီး ကွာခြားတာမျိုးတော့ရှိနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ရှိနိုင်လဲ…..

စိတ်ဓာတ်ကျနေသူတစ်ယောက်မှာ အခုပြောပြမယ့်လက္ခဏာတွေထဲက အနည်းဆုံး ၂ ချက်လောက်ခံစားနေရတတ်ပါတယ်။

• အမြဲလိုလိုပင်ပန်းနေမယ်

• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းနေမယ်

• အစားစားချင်စိတ်မရှိဖြစ်မယ်

• အစားတွေအရမ်းစားနေမိမယ်

• အာရုံမစိုက်နိုင်ဘူးဖြစ်နေမယ်

• အိပ်မပျော်ဖြစ်မယ်

• တစ်ချိန်လုံးအိပ်နေမိမယ်

• မျှော်လင့်ချက်မဲ့သလိုဖြစ်နေမယ်

• ဝမ်းနည်းနေမယ်

• အကြောင်းမဲ့ ငိုချင်နေမယ်

• တစ်ချိန်လုံး ဒေါသဖြစ်နေမယ်

• အပြစ်ရှိသလိုခံစားရမယ်

• ဝမ်းချုပ်မယ်

• အဆစ်တွေနာကျင်ကိုက်ခဲမယ်

• ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ချင်နေမိမယ်

• ပြဿနာဖြေရှင်းနိုင်စွမ်းနည်းနေမယ်

• သတ်သေချင်စိတ်ဖြစ်နေမယ်

ဘာတွေက စိတ်ဓာတ်ကျစေတာလဲ…..

ဦးနှောက်ထဲက ဓာတုပစ္စည်းတစ်ခုခုပြောင်းလဲသွားတဲ့အခါ စိတ်ဓာတ်ကျမှုဖြစ်ပေါ်လာပါတယ်။ စိတ်ဓာတ်ကျစေရတဲ့ အကြောင်းအရင်းက တစ်ခုတည်းတော့မကသလို လူတစ်ယောက်စီမှာ စိတ်ဓာတ်ကျရတဲ့အကြေင်းအရင်းကလည်း အမျိုးမျိုးပါ။

• မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် ချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရှုံးရတာ

• ချစ်ခင်ရသူတစ်ဦးဦးရဲ့ လျစ်လျှူရှု့မှုခံရတာ

• မိသားစုတွင်းမှာ ပြဿနာရှိနေတာ

• အလုပ်လက်မဲ့ဖြစ်သွားတာ

• စီးပွားရေး အရှုံးပေါ်သွားတာ

• ရောဂါတစ်ခုခုခံစားနေရတာ

• လူမှုဆက်ဆံရေးမှာ ပြဿနာတွေရှိနေတာ

• အလုပ်ခွင်မှာ မတရားဖိနှိပ်ခံရတာ

• မျှတမှုမရှိတဲ့ လုပ်ငန်းခွင်အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ကြုံတွေ့ရတာ

• ကလေးမွေးပြီးစမှာ တွေ့ကြုံရတဲ့ အပြောင်းအလဲတွေကြောင့် စိတ်ဓာတ်ကျတာတွေဖြစ်နိုင်ပါတယ်။

စိတ်ဓာတ်ကျမှု ဒီဂရီ

စိတ်ဓာတ်ကျမှုကလည်း ဒီဂရီကွာခြားမှုတွေရှိနိုင်ပါတယ်။

အပျော့စားစိတ်ဓာတ်ကျမှု – အပြင်းအထန်စိတ်ဓာတ်ကျနတေဲ့ အနေအထားမျိုးမဟုတ်သေးပါဘူး။ အလု်ပတွေကို ပံမှန်အတိုင်းဆက်လုပ်နေနိုင်ပါသေးတယ်။ ဒါပေမယ့် ပုံမှန်ထက်တော့ အားစိုက်လုပ်ရလို့ ပင်ပန်းနေတာမျိုးရှိနိုင်ပါတယ်။

သိပ်မပြင်းထန်တဲ့ စိတ်ဓာတ်ကျမှု – ခုနက အခြေအနေထက်တော့ နည်းနည်းလေးပြင်းထန်လာပါပြီ။ ပုံမှန်အတိုင်း အလုပ်တွေကိုလုပ်ဆောင်ဖို့ အခက်တွေ့တာမျိုးတွေရှိနိုင်ပါတယ်။

ပြင်းထန်တဲ့ စိတ်ဓာတ်ကျမှု – ဒီအခြေအနေမှာ မိသားစုကိုစောင့်ရှောာက်ဖို့ အလုပ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်တော့သလို ကိုယ့်ကိုယ်ကိုယ်တောင် ကောင်းကောင်းဂရုမစိုက်နိုင်တော့ပါဘူး။ ယုံကြည်မှုလည်းတော်တော်လေး အားနည်းနေနိုင်ပါတယ်။

စိတ်ဓာတ်ကျမှုအမျိုးအစားတွေကဘာတွေလဲ…….

Persistent depressive disorder – အရမ်းမပြင်းထန်ပေမယ့် ကာလရှည်ကြာခံစားရတဲ့ စိတ်ဓာတ်ကျမှုပါ။ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။

Perinatal depression – အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေချိန် နဲ့ မီးဖွားပြီးချိန်တွေမှာ ခံစားရနိုင်ပါတယ်။ အရမ်းဝမ်းနည်းတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ရှုပ်ထွေးနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

Psychotic depression – ပြင်းထန်တဲ့ စိတ်ဓာတ်ကျမှုအခြေအနေတစ်ရပ်ပါ။ ယုံမှားလွန်တာလိုမျိုး သံသယစိတ်လွန်ကဲတဲ့ အခြေအနေမျိုးတွေကိုခံစားရနိုင်ပါတယ်။

Seasonal affective disorder (သို့မဟုတ်) SAD – ဒါကတော့ နေရာင်ရရှိမှုနည်းတဲ့ ဆောင်းတွင်းလိုကာလမျိုးမှာ ခံစားရနိုင်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျမှုပါ။ လူမှုဆက်ဆံရေးမှာ ပြဿနာရှိတာ၊ တစ်ချိန်လုံးအိပ်နေမိတာ၊ ကိုယ်အလေးချိန်တက်လာတာတွေက Seasonal affective disorder ရဲ့ သိသာတဲ့ လက္ခဏာရပ်တွေပါ။

Bipolar disorder – စိတ်အတက်အကျအရမ်းမြန်တဲ့အနေအထားမျိုးပါ။

ဘယ်လိုသက်သာအောင်လုပ်မလဲ…..

စိတ်ဓာတ်ကျတာကို သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီတော့ စိတ်ဓာတ်ကျမှုဖြစ်လာပြီဆိုရင်

• နှစ်သိမ့်ဆွေးနွေးမှုခံယူပါ

• ရင်းနှီးသူတစ်ဦးဦးကို ရင်ဖွင့်တိုင်ပင်ပါ

• ဆရာဝန်နဲ့ပြသပါ

• လိုအပ်တဲ့ ဆေးကုသမှုခံယူပါ

• လေ့ကျင့်ခန်းလုပ်ပါ

• စိတ်ပြေလက်ပျောက်ခရီးထွက်ပါ။

ဒီလိုအခြေအနေဆိုရင်တော့သတိထားပါ

တကယ်လို့ လူတစ်ယောက်က

• စရင်းနောက်ရင်းဖြစ်ဖြစ် သတ်သေမယ့်အကြောင်းမျိုးပြောလာရင်

• သေသွားတာမှ ကောင်းဦးမယ်။ သေပါစေလို့သာ ဆုတောင်းနေမိတော့တယ် လို့ပြောလာရင်

• သေတဲ့အကြောင်းနဲ့ပတ်သက်ပြီး စသာတွေရေးမယ်၊ ကဗျာတွေရေးလာမယ်ဆိုရင်

• သူသာသေသွားရင် သူ့ကို လူတွေပိုအာရုံစိုက်လာမလား (သူ့ကို ဥပက္ခောပြုထားသူက ပြန်ဂရုစိုက်လာမယ် ထင်တယ်) ဆိုမျိုး ပြောလာခဲ့ရင်

• သူတန်ဖိုးထားတဲ့အရာတွေကို ရက်ရက်ရောရောပေးတာမျိုး လုပ်လာရင်

• နှုတ်ဆက်စကားတွေပြောလာပြီဆိုရင် သတိထားစောင့်ကြည့်ဖို့လိုအပ်ပါမယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/05/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။