backup og meta

စိတ်အတက်အကျမြန်ရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်အတက်အကျမြန်ရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ

    စိတ်အတက်အကျမြန်ရောဂါ – Bipolar disorder ဟာ လူတွေမှာ ရှားရှားပါးပါးတွေ့ရတတ်တဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ လက္ခဏာ စတင်ပြလာတတ်ပါတယ်။

    စိတ်အတက်အကျမြန်ရောဂါရှင်တွေ စိတ်ဓါတ်ကျပြီဆိုရင် အနည်းဆုံး ၂ပတ်ခန့် ကြာတတ်ပါတယ်။ စိတ်အခြေအနေ အမြင့်ဆုံးထိ တက်ကြွနေပြီဆိုရင်လည်း ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါတယ်။ တစ်နှစ်ကို အကြိမ်ပေါင်းများစွာ စိတ်အပြောင်းအလဲ မြန်တတ်ပြီး တချို့လူတွေမှာတော့ ရံဖန်ရံခါမှသာ လက္ခဏာပြနိုင်ပါတယ်။

    စိတ်အတက်အကျမြန်ရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ အဆင့် စုစုပေါင်း ၃ခု ရှိပါတယ်။

    ၁။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၁ (Mania)

    စိတ်အတက်အကျမြန်ရောဂါ ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အရမ်းတက်ကြွနေမယ်။ စိတ်လှုပ်ရှားနေမယ်။ စိတ်လိုက်မာန်ပါလုပ်တတ်တယ်။ အရာရာကို အားရပြီး စိတ်တိုင်းကျ ကျေနပ်နေမယ်။ ပြောရမယ်ဆိုရင်တော့ စိတ်အခြေအနေ အမြင့်ဆုံးထိ ရောက်တဲ့ အဆင့်ပါပဲ။

    ဒီအဆင့်မှာ စိတ်လွတ်လက်လွတ် ပိုက်ဆံကို သုံးဖြုန်းတာ၊ အကာအကွယ်မပါပဲ လိင်ဆက်ဆံတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ အလွန်အမင်း မြူးကြွလန်းဆန်းနေတာ၊ ပုံမှန်မဟုတ်ပဲ စကားအရမ်းပြောတာ၊ အတွေးမြန်တာ၊ အိပ်ချင်စိတ် သိပ်ပြီးမဖြစ်တာ၊ အာရုံမစူးစိုက်နိုင်တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။

    ဒီအဆင့်မှာ တွေ့ရတဲ့ စိတ်အလွန်အကျွံတက်ကြွတဲ့ လက္ခဏာကြောင့် လုပ်ငန်းခွင်၊ ကျောင်းနဲ့ လူမှုရေးမှာ ပြဿနာတွေ မကြာခဏ ဖြစ်လာနိုင်ပါတယ်။

    ၂။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၂ (Hypomania)

    အဆင့် ၁ မှာ ဖြစ်ခဲ့တဲ့ လက္ခဏာတွေကို ကြုံတွေ့ရမှာပါ။ အဆင့် ၁ မှာလောက် မပြင်းထန်တဲ့အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ၊ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ခံစားနေရသူတွေအနေနဲ့ ကိုယ့်ရဲ့ စိတ်အခြေအနေက ရုတ်တရက်ကြီး တက်ကြွလာတာကို သတိထားမိမှာပါ။

    ၃။ စိတ်ဓာတ်ကျခြင်း အဆင့် (Depression)

    ဒီအဆင့်မှာ စိတ်ဓာတ်ဟာ အောက်ဆုံးအခြေအနေထိ ထိုးဆင်းသွားတတ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

    စိတ်ဓာတ်ကျသူတွေမှာ တွေ့ရတတ်တဲ့ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အရာရာ အမှောင်ပကတိ ဖုံးသွားသလို၊ ဘဝကြီးဟာ အဓိပ္ပာယ်မရှိတော့သလို ခံစားရခြင်း စတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အရာရာကို လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းမယ်။ ကိုယ့်အတွက် ပျော်ရွှင်မှုကို ရရှိခဲ့တဲ့၊ ကိုယ့်ဝါသနာပါတဲ့ အလုပ်တွေကို စိတ်ဝင်စားမှု ပျောက်သွားမယ်။

    မျက်စိကြောင်ပြီး အိပ်မပျော်တော့တာ ဒါမှမဟုတ် အကြာကြီး အိပ်ပစ်လိုက်တာမျိုး၊ အစား စားချင်စိတ်မရှိတာ၊ အစားအရမ်းစားလိုက်တာ၊ မောပန်းလွယ်တာ၊ အားမရှိတဲ့ ပုံပေါက်တာ၊ ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလို့ ခံစားရတာ၊ မလိုအပ်ပဲ အပြစ်ရှိတယ်လို့ ခံစားရတာ၊ ကိုယ့်ဘဝကို အပြစ်တင်တာ၊ အာရုံစူးစိုက်နိုင်ခြင်းမရှိတာ၊ ဘာကိုမှ သေချာမတွေးတောနိုင်တာအပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးတာ၊ ကြံစည်တာ၊ လက်တွေ့ပြုမူတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

    ကိုယ့်မှာ စိတ်အတက်အကျမြန်တဲ့ ရောဂါလက္ခဏာ ရှိနေပြီလား။

    စိတ်အတက်အကျမြန်ရောဂါဟာ စိတ်မှာ အချိန်မရွေး ပြောင်းလဲနိုင်တဲ့ လက္ခဏာတွေ များလွန်းတာကြောင့် ရောဂါအခြေအနေကို အတိအကျသိရဖို့ ခက်ခဲတတ်ပါတယ်။

    ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပုံမှန်တွေ့ရတတ်တဲ့ စိတ်ဖိစီးမှုတွေကြောင့် သမားရိုးကျ (စိတ်ရောဂါမဟုတ်ပဲ) စိတ်အတက်အကျမြန်နိုင်သလို တခြားသော စိတ်ရောဂါအခြေအနေတွေ ဖြစ်လာစေဖို့ လက္ခဏာပြတာလည်း ဖြစ်နိုင်ပါတယ်။

    အမျိုးသမီးတွေမှာ အသက် ၂၀၊ ၃၀ နောက်ပိုင်းမှာ လက္ခဏာကိုတွေ့ရတတ်ပြီး စိတ်ဓာတ်ကျတဲ့ အဆင့်မှာ ပိုပြီး ပြင်းထန်တတ်ပါတယ်။ တစ်နှစ်ကို ၄ကြိမ် ဒါမှမဟုတ် အဲ့ထက်ပိုပြီး စိတ်အတက်အကျ ဝေဒနာကို ခံစားရတတ်ပါတယ်။ စိုးရိမ်ပူပန်လွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်ခဲတာအပြင် အရက်အလွန်အကျွံ သောက်နိုင်တဲ့ အခြေအနေတွေကိုပါ ကြုံလာနိုင်ပါတယ်။ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာလည်း ဒီလက္ခဏာတွေကို ပိုပြီး ကြုံတွေ့ရတတ်ပါတယ်။

    အမျိုးသားတွေမှာလည်း စိတ်အတက်အကျဖြစ်တဲ့အခါ တူညီတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပြီး အမျိုးသမီးတွေထက် ပိုစောပြီး လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ စိတ်ဓာတ်တက်ကြွတဲ့အဆင့်မှာ ပိုပြီး ပြင်းထန်တတ်ပြီး နိုင်ထက်စီးနင်းလုပ်တာ၊ ကိုယ်ထိလက်ရောက် စော်ကားတာ၊ ငွေအလွဲသုံးစားပြုလုပ်တဲ့ လက္ခဏာတွေကို ပိုတွေ့ရပါတယ်။ စိတ်အတက်အကျမြန်ရောဂါ ရှိတဲ့ အမျိုးသားတွေဟာ စိတ်ဆရာဝန်နဲ့ တိုင်ပင်ကုသတာမျိုး သိပ်မလုပ်တတ်တဲ့အပြင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နိုင်ခြေလည်း ပိုများပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်ပြီလဲ။

    လူတွေဟာ စိတ်ရောဂါနဲ့ ပတ်သက်လာရင် ကိုယ့်အနီးအနားက လူတွေကိုရော၊ မိသားစုဝင်တွေကိုရော ပြောပြရမှာ ရှက်တတ်ကြပါတယ်။ ဒါဟာလည်း ကိုယ်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆ၊ မိသားစု၊ ငယ်ဘဝအခြေအနေတွေအပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကြောင့်လည်း အများကြီး သက်ဆိုင်နေပါတယ်။

    ကိုယ့်မှာ ဒီလိုလက္ခဏာတွေ မကြာခဏ ကြုံလာရပြီဆိုတာ သတိထားမိလာရင် စိတ်ဆရာဝန်နဲ့ သေချာပြသပြီး ဆွေးနွေးတိုင်ပင်ကြည့်ပါ။ ကုသမှုကို ခံယူပါ။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ ဂရုစိုက်ပါ။ စိတ်ရောဂါ ဆိုတာ ရှက်ရွံ့စရာကိစ္စမဟုတ်ပါဘူး။

    လူတွေဟာ စိတ်ရောဂါနဲ့ ပတ်သက်လာရင် ပေါ့ပေါ့လေး တွေးတတ်တာကြောင့် အချိန်လွန်မှ နောင်တရစရာ အဖြစ်မျိုး မကြုံရလေအောင် ကိုယ်ချစ်ရသူ၊ မိသားစုဝင်တွေမှာရော၊ ကိုယ့်မှာပါ ဒီလိုလက္ခဏာတွေ ရှိလား သေချာဆန်းစစ်ကြည့်ပါ။ ပြီးရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။

    လူသားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာလှပတဲ့ ဘဝနေ့သစ်လေးတွေ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement