backup og meta

ဦးနှောက်လေးကို စောင့်ရှောက်ပါ

ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကို မှတ်မိနေဖို့၊ တီထွင်ဆန်းသစ်မှုတွေကို ဖန်တီးနိုင်ဖို့ လိုအပ်မယ့်အချက်တစ်ခုက ဦးနှောက်လေး ကျန်းမာဖို့ပါ။ တစ်ခါတလေ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိလိုက်တဲ့အချက်တွေက ဦးနှောက်ကို ထိခိုက်စေနေပါတယ်။ ဒီတစ်ခေါက်တော့ ဦးနှောက်ကို ထိခိုက်မှုကင်းပြီး ကျန်းမာစေဖို့ ဂရုစိုက်ရမယ့်အချက်လေးတွေကို ပြောပြပေးပါရစေလား….

ဦးနှောက်လေးကို စောင့်ရှောက်ပါ

ဦးနှောက်လေးကျန်းမာအောင် စောင့်ရှောက်ဖို့ အဓိကတာဝန်အရှိဆုံးက ကိုယ်တိုင်ပါ။ ဒီတော့ ဦးနှောက်ကလေး ကျန်းမာစေဖို့ ဒါတွကိုရှောင်ပါ။

အသွင်ပြောင်းအဆီတွေ

အဆီတိုင်းက ခန္ဓာကိုယ်ကို ထိခိုက်စေတာမဟုတ်ပေမယ့် အသွင်ပြောင်းအဆီတွေကတော့ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ အသွင်ပြောင်းအဆီဆိုတာက တိရစ္ဆာန်အသားတွေကနေရတဲ့အဆီ၊ နို့ နဲ့ နို့ထွက်ပစ္စည်းမှာပါတဲ့ အဆီတွေ နဲ့ အသင့်စားမုန့်ထုတ်တွေမျာပါတဲ့ အဆီတွေပါ။ ဒီအဆီတွေကို အများကြီးစားသုံးတာက မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ကျုံ့စေနိုင်ပြီး မှတ်ဉာဏ်အားနည်းလာစေပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အသွင်ပြောင်းအဆီတွေကိုလျှော့စားပေးပါ။

အချိုရည်တွေ

နေ့တိုင်လိုလို အမောပြေအောင်ဆိုပြီး သောက်မိနေတဲ့ ဆိုဒါ၊ sports drink တွေနဲ့ အားဖြည့်အချိုရည်တွေမှာ အာဟာရပါဝင်မှုကတော်တော်လေးနည်းပြီး သကြားဓာတ်ပါဝင်မှုက မြင့်မားပါတယ်။ ဒီအချိုရည်တွေကို သောက်သုံးမှုက အမျိုးအစား (၂) ဆီးချိုရောဂါခံစားရနိုင်ခြေ မြင့်တက်စေနိုင်သလို သွေးတိုးတာ၊ သွေးတွင်းကိုလက်စထရောများတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ အချိုများတဲ့အရာတွေက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပြီး ဦးနှောက်ရောင်ရမ်းတာကိုပါ ဖြစ်စေနိုင်ပါတယ်။

သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်

ပေါင်မုန့်အဖြူတွေ၊ ကိတ်မုန့်တွေက သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့လုပ်ထားတာပါ။ ဒီအစားအသောက်တွေက စားလိုက်ရင် အရသာရှိပေမယ့် အချိုဓာတ်ပါဝင်မှုများနေသလို အမျှင်ဓာတ်နဲ့အာဟာရပါဝင်မှုနည်းပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို မှတ်ဉာဏ်ချို့ယွင်းတာ။ ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ပြုပြင်ထားတဲ့ အစားအစာတွေ

ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းပြီး တာရှည်ခံပစ္စည်းတွေပါဝင်မှုများနေတတ်ပါတယ်။ ဒါ့အပြင် အချိုဓာတ်၊ အငန်ဓာတ် နဲ့ အဆီပါဝင်မှုကလည်း တော်တော်လေး မြင့်ပါတယ်။ ဒီလိုပါဝင်မှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကိုယ်တွင်းအင်္ဂါတွေမှာ အဆီဖုံးတာနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာချင်တယ်ဆိုရင် ပြုပြင်ထားတဲ့ အစားအစာတွေကို မစားဖို့ပြောပါရစေ။

အရက်

အရက်ကို အချိန်ကြာမြင့်စွာသောက်တာ၊ အလွန်အကျွံသောက်တာက ဦးနှောက်ကို ပျက်စီးစေမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ အရက်သောက်သုံးမှုက ဗီတာမင် B1 ချို့တဲ့ပြီး မှတ်ဉာဏ်ဆုံးရှုံးတာ၊ အာရုံစူးစိုက်နိုင်စွမ်းအားနည်းတာ နဲ့ အမြင်အာရုံဆုံးရှုံးတာမျိုးခံစားရနိုင်ပါတယ်။

ပြဒါးဓာတ်များတဲ့ ငါးတွေ

ငါးတွေ အထူးသဖြင့် ပင်လယ်ငါးတွေမှာ omega-3 fatty acids၊ ဗီတာမင် B12၊ ဇင့်၊ သံဓာတ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေမှုကြောင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာမှန်ပေမယ့် ပြဒါးဓာတ်မြင့်မားမှုကအာရုံကြောကို အဆိပ်သင့်စေနိုင်ပါတယ်။ ဒါကြောင့် ပြဒါးပါဝင်မှုများတဲ့ ငါးတွေကို အများကြီး မစားပါနဲ့။

ကဲ..ဦးနှောက်လေးကျန်းမာပြီး ပျော်စရာကောင်းတဲ့အမှတ်တရတွေကို မှတ်မိနေစေဖို့ ဒါလေးတွေကို ရှောင်ကြစို့လား……..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The 7 Worst Foods for Your Brain http://www.organicwelcome.com/the-7-worst-foods-for-your-brain/7/ Accessed Date 24 December 2019

The 7 Worst Foods for Your Brain https://www.healthline.com/nutrition/worst-foods-for-your-brain#section1 Accessed Date 24 December 2019

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေတဲ့ အစားအသောက်များ ။ ။

သင့်ကြောင့် ဦးနှောက်မပျက်စီးပါစေနဲ့။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။