backup og meta

ဘာကြောင့် ဆီးခဏခဏ သွားချင်ရတာလဲ။ ဆီးချိုရှိနေပြီလား ။ ။

ဆီးတို့ ဝမ်းတို့ဆိုတာ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့် ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဘက်တစ်လမ်းကနေ ဖော်ပြပေးနေတဲ့ အရာတွေဆိုလည်း မမှားပါဘူး။ လူတိုင်းနီးပါးသိထားကြတာကတော့ နာမည်ကြီး ဆီးချို ရောဂါရဲ့ လက္ခဏာတစ်ခုက ဆီးခဏခဏ သွားချင်တာပါပဲ။ အဲလို ဆီးခဏခဏ သွားနေပြီဆိုတာနဲ့ လူတိုင်း စတွေးကြတာ ငါမှာ့ဆီးချိုရှိနေပြီလားဆိုတဲ့ အတွေးပါ။ ကဲ ဆီးခဏခဏ သွားတိုင်း ဆီးချို ဖြစ်ရောလား ဆိုတာကို ကြည့်ရအောင်။ ။

ဆီး ပုံမှန်တစ်နေ့ကို ဘယ်နှစ်ကြိမ်သွားရမလဲ ။ ။

ဆီး ခဏခဏ သွားတဲ့ အကြောင်းမပြောခင် အရင်ဆုံး ပုံမှန် ဆီးသွားတဲ့ အကြိမ်အရေအတွက် ကိုသိဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၇ကြိမ်ကနေ ၈ကြိမ်လောက်အထိ ၂၄ နာရီအတွင်း သွားလေ့ရှိပါတယ်။ ညဘက်အိပ်နေရင်း သန်းခေါင်ကျော်မှ ဆီးထသွားရတာမျိုးကလည်း ပုံမှန်ဖြစ်တတ်ပါတယ်။ အိပ်ရာဝင်ခါနီး ရောအများကြီးသောက်မိတဲ့ အခါမျိုးမှာပေါ့။

ဆီးခဏခဏ သွားတယ်ဆိုတာကို ဘယ်လို အချက်တွေပေါ် မူတည်ပြီး သတ်မှတ်ရတာလဲ ။ ။

ဆီးခဏခဏ သွားချင်တာနဲ့ ဆီးမထိန်းနိုင်တာနဲ့က မတူပါဘူး။ ဆီးခဏခဏ သွားဖြစ်ဖို့ဆို

  • ပုံမှန် ၈ ကြိမ်ထက်ပိုသွားရမယ့်အပြင်
  • အိပ်ရာဝင်ခါနီးလည်း ရေမသောက်မိဘဲနဲ့ အိပ်ကောင်းနေချိန်တွေမှာပါ ဆီးထသွားရတာမျိုးပါ။

ဒီလို ဆီးခဏခဏ သွားချင်ရတာက ရောဂါ တစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။

ဆီးခဏခဏသွားရခြင်းက အကြောင်းအရင်းတွေကဘာတွေလဲ ။ ။

ရောဂါ မဟုတ်သော အကြောင်းအရင်းများ ။ ။

  • ရေ အများကြီးသောက်မိတာ
  • ညအိပ်ရာ ဝင်ခါနီးအချိန်မှာရေတွေသောက်မိတာ
  • ကဖင်းဓါတ်ပါတဲ့ ကော်ဖီ ေတွ သောက်မိတာ
  • အရက်ဘီယာအများကြီး သောက်ထားတာတွေ
  • စိတ်လှုပ်ရှားလွန်းတဲ့ အခါမျိုးတွေက ဆီးသွားများခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

ဆီးခဏခဏ သွားခြင်းကို ဖြစ်စေတဲ့ ရောဂါများ ။ ။

ဆီးချို ။ ။

အားလုံး သိကြတဲ့အတိုင်း ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ ထိပ်ဆုံး နာမည့်ကြီး ရောဂါတစ်ခုကတော့ ဆီးချိုရောဂါပါ။ သွေးတွင်းမှာ မြင့်တက်နေတဲ့ သကြားဓါတ် တွေ ပြန်လျော့ကျစေဖို့ ေကျာက်ကပ်က ဆီးနဲ့အတူ သကြားတွေကို စွန့်ထုတ်ရတာကြောင့် ဆီးချိုသမားတွေမှာ ဆီးသွားတဲ့ အကြိမ်အရေအတွက် များရခြင်းဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ။ ။

ဆီးလမ်းကြောင်းပိုးဝင်ြခင်းဟာ ဆီးခဏခဏ သွားခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက အဖြစ်အများဆုံး တစ်ခုပါ။ ဆီးလမ်ေးကြာင်းထဲကို ဝင်လာတဲ့ ဘက်တီးရီးယားရောဂါပိုးတွေက ရောင်ရမ်းခြင်းကိုဖြစ်စေလို့ ဆီးအိတ်က အရင်လို ဆီးထိန်းနိုင်အားမကောင်းတော့ပါဘူး။ ဒီလိုနဲ့ ဆီးအိတ်နည်းနည်းလေးတင်းလာတိုင်း ဆီးသွားချင်နေရတာဖြစ်ပါတယ်။

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ စကားပုံလေး ကြားဖူးကြမှာပါ။

ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေ ။ ။

အမျိုးသားတွေမှာပဲ ရှိတဲ့ ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးအိတ်ကို သွားပိနေတတ်ပြီး ဆီးသွားတာကို ထိခိုက်စေတတ်ပါတယ်။ အသက် ၅၀ ကျော်တဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းက ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆီးကျိတ်ကြီးတာက ဆီးခဏခဏ သွားခြင်းကို ဖြစ်စေသလို ဆီးသွားရခက်တာ၊ ဆီးသွားရင်နာတာ၊ ဆီးသွားပြီးရင်လည်း ဆီးတွေ စိမ့်ကျနေတာတွေကို ဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ။ ။

ကိုယ်ဝန်ဆောင်ချိန် ဆီးခဏခဏ သွားချင်ရတာဟာ စိုးရိမ်ရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဝန်သက်တမ်းရင့်လာလေလေ ကြီးလာတဲ့ သားအိမ်က ဆီးအိတ်ကို သွားဖိမိပြီး ဆီးတွေ ခဏခဏ သွားချင်လေလေပါပဲ။ ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ခုခံအားကျဆင်းနေတဲ့အတွက်ကြောင့် ပုံမှန်လူတွေထက် ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ အလားအလာပိုများနေတတ်ပါတယ်။

တစ်ခြားအကြောင်းအရင်းတွေကတော့

  • လေဖြတ်တဲ့သူတွေ
  • ကျောက်ကပ်မှာ ပြဿနာဖြစ်နေတာတွေ
  • ဆီးအိတ် မှာ ပြဿနာရှိတဲ့သူတွေ
  • ဆီးအိတ်မှာကျောက်တည်နေတဲ့သူတွေနဲ့
  • ဆေးတွေဖြစ်တဲ့ ( ဆီးဆေး၊တွေ၊ ကြွက်သားပြေလျော့စေတဲ့ဆေးတွေ၊ အိပ်ဆေးတွေ) ကြောင့်လည်း ဆီးခဏခဏ သွားတတ်ပါတယ်။

ကဲ ဒါတွေကတော့ ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဆီးခဏခဏသွားချင်တိုင်း ဆီးချို ဖြစ်နေတာမဟုတ်သလို ပုံမှန်လို့လည်း ပြောလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ထဲ့ သံသယ ရှိနေပြီဆိုတာနဲ့ ဆရာဝန်ဆီမှာ သေချာစမ်းသပ်စစ်ဆေးမှု ခံယူဖို့တော့ လိုလိမ့်မယ်နော်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.everydayhealth.com/urine/frequent-urination-symptoms-causes-treatment/ Accessed Date 24.1.2019

https://www.medicalnewstoday.com/articles/70782.phpAccessed Date 24.1.2019

https://my.clevelandclinic.org/health/diseases/15533-urination–frequent-urination

ယခုပုံစံ

31/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးမထိန်းနိုင်ခြင်း

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement