သွေးကျဲဆေးက လူတိုင်းသောက်ရတာတော့ မဟုတ်ပေမယ့် ကျန်းမာရေး အခြေအနေတစ်ခုခုကြောင့် သွေးကျဲဆေးသောက်နေရတယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ ဘယ်လိုနေထိုင်ရပါ့မလဲ တွေးရခက်ပြီး စိုးရိမ်နေပြီလား။ ဒါဆိုသွေးကျဲဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်စေဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။
ဘာကြောင့် သွေးကျဲဆေး သောက်ရတာလဲ………….
နှစ်စဉ် သွေးကျဲဆေးသောက်နေရသူတွေ အရေအတွက်က ၂ သန်း ကနေ ၃ သန်းလောက်အထိရှိနေပါတယ်။ ကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ကတော့ သွေးကျဲဆေးသောက်ဖို့ မလိုဘူးပေါ့။ ဒါပေမယ့်
- ရုတ်ရက်နှလုံးရပ်တဲ့ ဝေဒနာ ခံစားရဖူးမယ်
- လေဖြတ်ခဲ့ဖူးမယ်
- နှလုံးသွေးကြောကျဉ်းရောဂါ ရှိမယ်
- နှလုံးရောဂါ ရှိမယ်
- နှလုံးစည်းချက်မမှန်တာမျိုး ခံစားနေရမယ်
- သွေးကြောပိတ်ဆို့မှု ဖြစ်ဖူးတယ်
- အဝလွန်နေတာကြောင့် သွေးကြောပိတ်ဆို့နိုင်ခြေ များနေမယ်
- မကြာသေးခင်က ခွဲစိတ်မှု လုပ်ခဲ့ဖူးမယ်
- နှလုံးအဆို့ရှင် အစားထိုးကုသတာမျိုး ခံယူခဲ့ဖူးမယ် ဆိုရင် သွေးကျဲဆေးသောက်ဖို့ လိုပါမယ်။ ကာလအပိုင်းအခြားနဲ့ သောက်ရတာ ရှိသလို အချိန်ကြာမြင့်စွာ စွဲသောက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ သွေးကျဲဆေးသောက်နေချိန်မှာ နေ့စဉ် ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ထိခိုက်မှုမရှိစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်တာ အဆင်ပြေစေမှာပါ။
သွေးကျဲဆေး သောက်နေချိန်မှာ နေ့စဉ် ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်စေဖို့
သွေးကျဲဆေးသောက်နေရသူတွေ အနေနဲ့သွေးကျဲဆေးသောက်နေရချိန်မှာ ကျန်းမာနေစေဖို့ဆိုရင်
- ဗီတာမင် K စားသုံးမှုကို ဂရုပြုပါ
သွေးကျဲဆေးသောက်နေရချိန်မှာ ဗီတာမင် K အများကြီး စားလို့မဖြစ်ပါဘူး။ ဒါကြောင့် သွေးကျဲဆေးသောက်နေရချိန်မှာ ဗီတာမင် K ကြွယ်ဝတဲ့ ဆလတ်ရွက်၊ ဟင်းနုနွယ်၊ မုန်ညှင်းဖြူထုပ်တွေကို နည်းနည်းလောက်ပဲ စားပေးပါ။
- သွားတိုက်တဲ့အခါ သတိထားပါ
သွားတိုက်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း တိုက်တာမျိုးမလုပ်ပါနဲ့။ သွားပွတ်တံကို ခပ်ပျော့ပျော့လေးပဲ ရွေးချယ်ပါ။ သွားပွတ်ကြိုး သုံးတဲ့အခါ သွားဖုံး ထိခိုက်မှုနည်းစေဖို့ သတိပြုပါ။
- ထိခိုက်မှု မဖြစ်စေဖို့ သတိထားပါ
ထိခိုက်မိတဲ့အခါ သွေးကျဲဆေးသောက်ထားတဲ့သူတွေက အခြားသူတွေထက် သွေးပိုထွက်နိုင်သလို သွေးတိတ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ထိခိုက်မှုမဖြစ်စေဖို့ တတ်နိုင်သမျှ ဂရုစိုက်စေချင်ပါတယ်။
- သွေးကျဲဆေး သောက်တာကြောင့် ဒါတွေဖြစ်နိုင်တယ်ဆိုတာ သတိရပါ
သွေးကျဲဆေးက သွေးထွက်တာ။ သွေးမတိတ်တာတင် ဖြစ်စေတာ မဟုတ်ပါဘူး။ အခြား ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ မအီမသာဖြစ်တာ၊ သွေးဆဲလ်အရေအတွက် နည်းတာမျိုး ဖြစ်စေနိုင်ပါသေးတယ်။ သွေးဆဲလ်အရေအတွက် နည်းတာက ပင်ပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အားနည်းတာ၊ မူးဝေတာ၊ အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။
- ဆေးတွေ ရောမသောက်မိစေဖို့ သတိပြုပါ
သွေးကျဲဆေးကို ပဋိဇီဝဆေးဝါးတွေ၊ မှိုသတ်ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါက သွေးကျဲနှုန်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးတစ်ခုခုသောက်ဖို့ ညွှန်တိုင်း သွေးကျဲဆေးသောက်နေရတဲ့အကြောင်းနဲ့ ဆေးကို တွဲသောက်လို့ရ၊ မရ သေချာလေး မေးမြန်းပါ။
- ဆေးကို အချိန်မှန်သောက်ပါ
ဆေးကို အချိန်အတိအကျ မမေ့မလျော့သောက်ပါ။ မေ့တတ်ရင် ဖုန်းမှာ alarm ပေးထားစေချင်ပါတယ်။ သွေးကျဲဆေးကို နေ့တိုင်း အချိန်မှန် သောက်ပေးပါ။ ဆေးသောက်ဖို့ မေ့သွားလို့ဆိုပြီး နောက်တစ်ရက်မှာ ၂ လုံးသောက်တာမျိုး မလုပ်ပါနဲ့။ မေ့သွားခဲ့ရင်တောင် သတိရတာနဲ့ ချက်ချင်းသောက်လိုက်ပါ။ နောက်တစ်နေ့အထိ မေ့နေခဲ့မယ်ဆိုရင်တော့ ဆေးမသောက်ခင် ဆရာဝန်ကို အရင်မေးမြန်းပြီး ဆရာဝန်ညွှန်တဲ့အတိုင်း လိုက်နာလုပ်ဆောင်ပါ။
- ကိုယ်တွင်း သွေးယိုစီးနေလား ဆန်းစစ်ပါ
သွေးကျဲဆေး သောက်နေရချိန်မှာ ကိုယ်တွင်း သွေးယိုစီးမှု ရှိနေလားဆိုတာ သေချာ စစ်ဆေးပါ။ သွေးယိုစီးမှုက သိပ်မပြင်းထန်တဲ့အခါ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာ၊ အသားအရောင်ဖျော့တော့တာ၊ အသားမည်းတာ၊ ဝမ်းအမည်းရောင်တွေ သွားတာလိုမျိုး ခံစားရနိုင်ပါတယ်။
ကိုယ်တွင်းသွေးယိုစီးမှုက ပြင်းထန်မယ်ဆိုရင်တော့ လေဖြတ်သလို လက္ခဏာတွေ ခံစားရတာ၊ ဗိုက်အောင့်တာ၊ နောက်ကျောတွေအောင့်တာ လိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
- အယ်လ်ကိုဟော ရှောင်ပါ
အသည်းက အယ်လ်ကိုဟောကိုရော သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကိုပါ တာဝန်ယူ ဖြေရှင်းနေရတာပါ။ အယ်လ်ကိုဟော သောက်လိုက်တာကြောင့် အသည်းက ဆေးကို တာဝန်ယူမဖြေရှင်းနိုင်ဘဲ အယ်လ်ကိုဟောကို တာဝန်ယူ ဖြေရှင်းမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာပါ။
[embed-health-tool-heart-rate]