ဒါ့အပြင် ကယ်လိုရီလျော့နည်းသွားရင် ကော်တီဆောလို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ပိုထွက်လာတတ်ပါတယ်။ ကော်တီဆောထွက်လာရင် ပိုမိုဆာလောင်ပြီး ဗိုက်အဆီများလည်း တက်လာတတ်ပါတယ်။
အမျိုးသမီးများ အစားအစာကို စားသင့်သလောက်မစားရင် ကိုယ်ဝန်ရဖို့လည်း ခက်ခဲပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ ဟိုက်ပိုသဲလမတ်နဲ့ ပီကျူထရီဂလင်းဟာ ဟော်မုန်းများကို ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အီစထရိုဂျင်၊ ပရိုဂျက်စထရုန်း စတဲ့ဟော်မုန်းများအတွက်လည်း ပါဝင်ပါတယ်။ အဆိုပါစနစ်ဟာ ကယ်လိုရီရှိမှုနဲ့ ကိုယ်အလေးချိန်ပေါ်လိုက်ပြီး အပြောင်းအလဲမြန်ပါတယ်။ ကယ်လိုရီနဲ့ ခန္ဓာကိုယ်ရဲ့အဆီဓာတ် လျော့နည်းနေရင် ဟော်မုန်းထုတ်လုပ်မှုမှာ အပြောင်းအလဲရှိပါတယ်။
အဆိုပါဟော်မုန်းများ မျှတခြင်းမရှိဘဲ ကိုယ်ဝန်မဆောင်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုရင် ဟော်မုန်းတွေ ညီညွတ်မျှတအောင် သင့်တော်တဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။
ကယ်လိုရီကို အလွန်အမင်းလျှော့ချလိုက်ခြင်းဟာ အိပ်စက်ခြင်းပြဿနာကို ဖြစ်စေပါတယ်။ သုတေသနများအရ အစားအစာများကို ရွေးလွန်းခြင်း၊ လျှော့စားလွန်းခြင်းဟာ အိပ်ရေးမဝခြင်း၊ စိတ်အခြေအနေ မလန်းဆန်းခြင်း စတာတွေကို ဖြစ်စေပါတယ်။
အစားအသောက်ကို စားသင့်သလောက် ပုံမှန်မစားရင် အမြဲတမ်းလိုလို သည်းမခံနိုင်ဘဲ စိတ်တိုနေတတ်ပါတယ်။ ဒီအချက်ကို ဒုတိယကမ္ဘာစစ်အတွင်းကပြုလုပ်ခဲ့တဲ့ သုတေသနတွေမှကြတည်းက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ သုတေသနအရ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ ရသင့်သလောက်မရရင် စိတ်မကြည်တာမျိုး၊ ထစ်ခနဲရှိ စိတ်တိုလွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အစားအစာလျှော့ချလွန်းရင် စိတ်ပူပန်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ သြစတြေးလျလူငယ်တွေမှာ အစားကို လျှော့စားလွန်းပြီး စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေလည်း များပြားကြောင်း စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အဝလွန်သူများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း တစ်နေ့ကို ကယ်လိုရီ ၄၀၀ မှ ၈၀၀ အတွင်းသာ စားသုံးရာမှာ ၃လလောက်ကြာတဲ့အခါ သုတေသနမှာပါဝင်သူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ စိတ်ပူပန်မှုမြင့်တက်လာကြောင်း သိရပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ဆိုရင် အစားအစာကို မျှတစွာ စားသောက်ဖို့ လိုပါတယ်။ ပိန်ချင်တဲ့အတွက် အစားကို အလွန်အမင်းလျှော့ခြင်းဟာ ဖော်ပြခဲ့တဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၁၂၀၀ လောက် စားသုံးဖို့တော့ လိုပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် အစားအစာ၊ လေ့ကျင့်ခန်း၊ နေထိုင်မှုပုံစံ စတာတွေ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။