အသက်ကို ဉာဏ်စောင့်တယ်။ ဒီစကားလေးက ငယ်ငယ်ကတည်းက လူကြီးတွေပြောတာကို ကြားဖူးနေလောက်တဲ့စကားလေးတစ်ခွန်းပေါ့။ တကယ်ကိုလည်းမှန်ပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ခန္ဓာကိုယ်ကို လုံလောက်တဲ့ အာဟာရပေးဖို့လိုသလို ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်းမေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အချို့သောရောဂါတွေက အစောပိုင်းအဆင့်တွေမှာ သိရှိကုသနိုင်မယ်ဆိုရင်ပျောက်ကင်းအောင်ကုသနိုင်တာမျိုးတွေရှိတာကိုး။ရောဂါတွေကိုစောစောသိရှိကုသကာကွယ်နိုင်မယ့်နည်းလမ်းလေးတစ်ခုကို ဒီဆောင်းပါးလေးမှာပြောပြပေးထားလို့ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေချင်သူလေးတွေ ဖတ်ကြည့်ကြဖို့ပြောပါရစေ။
ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေဖို့ ဘာလုပ်ရမလဲ……..
ဒီအဖြေလေးကတော့ ရှင်းပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုတဲ့ စကားကိုလိုက်နာတဲ့အနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေါ့။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာက အပိုငွေကုန်တာလို့ ထင်စရာရှိပေမယ့် တကယ်ကတော့ ကိုယ့်အတွက်ကိုယ်ရင်းနှီးမြှုပ်နှံတာပါ။ ဒီတော့ Helloဆရာဝန်ပရိသတ်ကြီးကိုဖြစ်နိုင်ရင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်စေချင်ပါတယ်။
ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တဲ့ အကြောင်းအရင်း
ဆရာဝန်ဆီကိုပုံမှန်သွားပြီးလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တာကကောင်းတဲ့အချက်တစ်ခုပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့်
ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သိရှိနိုင်တယ် – တစ်နှစ်တစ်ခါပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တာကနောက်တစ်ချိန်မှာဖြစ်လာနိုင်တဲ့ရောဂါတွေရဲ့ အစပျိုးနေတဲ့ လက္ခဏာတွေကို သိရှိနိုင်ပြီး ကြိုတင်ကာကွယ်ဖို့ အခွင့်အရေးရစေပါတယ်။
လက်ရှိကျန်းမာရေးအခြေအနေကို သိနိုင်တယ် –ကိုယ်မသိလိုက်ဘဲ လက်ရှိကာလမှာ ခံစားနေရတဲ့ရောဂါလက္ခဏာတွေကို သိရှိပြီး သင့်တော်တဲ့ ကုသမှုခံယူနိုင်ခွင့်ရရှိစေနိုင်တယ်။
ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရနိုင်တယ် – သတိထားဆင်ခြင်ရမယ့် အချက်တွေကိုသိရှိပြီးနေ့စဉ်ဘဝမှာ ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရစေနိုင်တယ်။
လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံမှုတွေလုပ်နိုင်တယ် – ရာသီတုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင် အသားဝါ A ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေးအပါအဝင်အခြားနှစ်စဉ်ထိုးနှံဖို့လိုအပ်မယ့် ကာကွယ်ဆေးတွေကိုလည်း မမေ့မလျော့ထိုးနှံမိစေမှာပါ။
ကျန်းမာရေးကုန်ကျစရိတ်သက်သာစေနိုင်တယ် – မဖြစ်ခင်က ကြိုတင်သိရှိကာကွယ်နိုင်မှုကြောင့်ရောဂါခံစားရတာ သက်သာသလိုဆေးကုသမှုကုန်ကျစရိတ်လည်း သက်သာစေမှာ အမှန်ပါ။
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်သူတွေက ဘယ်သူတွေလဲ………
- ရောဂါအခံရှိသူတွေ
- သက်အရွယ်ကြီးရင့်နေတဲ့သူတွေ
- သက်လတ်ပိုင်းတွေ
- မိဘမျိုးရိုးမှာ နာတာရှည်ရောဂါတစ်ခုခုခံစားရမှုရှိသူတွေ
- အဝလွန်နေသူတွေ
- ရှိသင့်တဲ့ BMI (ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း) ထက်နည်းနေတဲ့သူတွေ
- မွေးရာပါရောဂါတစ်ခုခုခံစားနေရတဲ့ ကလေးငယ်တွေကအခြားသူတွေထက်ပုံမှန်စစ်ဆေးမှုလုပ်သင့်ပါတယ်။
အသက်အရွယ်အလိုက်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုအကြိမ်ရေ
အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးမှုခံယူရမယ့် အကြိမ်ရေလည်း ကွာခြားနိုင်ပါတယ်။
- အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အထိ ၂ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
- အသက် ၂၂ နှစ်ကနေ ၆၄ နှစ်အထိ ၁ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
- အသက် ၆၅ နှစ်အထက် တစ်နှစ်ကို တစ်ကြိမ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်ပါတယ်။
ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါဘာတွေပါသင့်လဲ…….
- သွေးစစ်ရမယ် (ကူးစက်ရောဂါပိုးတွေရှိနေလား)
- သွေးတွင်းကိုလက်စထရောပမာဏစစ်ဆေးခြင်း
- ဆီးချိုသွေးချိုရှိ၊မရှိစစ်ဆေးခြင်း
- သားအိမ်ခေါင်းကင်ဆာရှိ၊မရှိစစ်ဆေးခြင်း
- သွေးတွင်းပရိုတင်း စစ်ဆေးခြင်း
- အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း
- ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
- အမျိုးသမီးဟော်မုန်း စစ်ဆေးခြင်း
- အမျိုးသားဟော်မုန်း စစ်ဆေးခြင်း
- အသည်းပရိုတင်းပမာဏ စစ်ဆေးခြင်း
- အသည်းရောင်အသားဝါရောဂါပိုး ကူစက်ခံထားရတာရှိ၊မရှိ စစ်ဆေးခြင်း
- HIV ပိုးကူးစက်ခံထားရမှုရှိ၊မရှိ စစ်ဆေးခြင်း
- ဆီးကျိတ်ကင်ဆာရှိ၊မရှိ စစ်ဆေးခြင်း
- အစာအိမ်နဲ့အူလမ်းကြောင်းစစ်ဆေးခြင်း
- မျက်လုံးစစ်ဆေးမှု
- သွားနဲ့ခံတွင်းစစ်ဆေးမှု
- ရင်သားဓါတ်မှန်ရိုက်ခြင်း
- ရင်သားကင်ဆာစစ်ဆေးခြင်း
- နှလုံးကျန်းမာရေးစစ်ဆေးခြင်း
- ဂေါက်ရောဂါရှိ၊မရှိ ယူရစ်အက်ဆစ် စစ်ဆေးခြင်း
- အရိုးသိပ်သည်းဆစစ်ဆေးခြင်း
- ဆီးစစ်ခြင်း စတာတွေအပြင်သွေးတိုးရှိနေလားဆိုတဲ့ အခြေခံကျန်းမာရေးစစ်ဆေးမှုတွေကနေစလို့ အသက်အရွယ်အရလိုအပ်မယ့် ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ရောဂါအခြေအနေအရလိုအပ်မယ့် စစ်ဆေးမှုတွေကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။
ကဲ…ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ပျော်ပျော်ရွှင်ရွှင် အသက်ရှည်ရှည်နေနိုင်စေဖို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့စိတ်ဝင်စားလာပြီလား။ ဒါဆိုရင်တော့ မဖြစ်မနေစဉ်းစားရမှာတစ်ခုကကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးပေးနိုင်ပြီး စိတ်ချရတဲ့နေရာမှာ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုခံယူဖို့ပေါ့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]