backup og meta

သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား။ ။

    သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ အကြောင်းတွေ ကြားဖူးကြမှာပါ။ ဒီလို သံဓာတ်အားနည်းတာ မကောင်းဘူးဆိုတဲ့ အကြောင်းလည်း အားလုံး သိပြီးဖြစ်မှာပါ။ သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား ။ ဒီလိုလည်း မဟုတ်ပါဘူး။ သွေးတွင်းမှာ သံဓာတ်အားနည်းလည်း မကောင်းသလို သံဓာတ်အားများသွားရင် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ သံဓာတ်အားနည်းတဲ့ အကြောင်းတွေ တော်တော်များများသိ ပြီးကြပြီဆိုတော့ ဒီဆောင်းပါးထဲမှာ သံဓာတ်များတဲ့ ရောဂါအကြောင်း ပြောပြပေးမှာပါ။

    သံဓာတ်ဆိုတာ ဘာလဲ။ ။

    သံဓာတ်ဆိုတာ သွေးနီဥ haemoglobin ထဲမှာရှိတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ဆောင်တဲ့နေရာမှာ တာဝန်ယူရတဲ့ ဓာတ်တစ်မျိုးပါ။ သံဓာတ်ကို များသောအားဖြင့် စားတဲ့အစားသောက်တွေရနေ ရရှိပါတယ်။ သံဓာတ်မှာ

    • Heme Iron – အသားတွေကနေရတဲ့ သံဓာတ်အမျိုးအစားနဲ့
    • Non-heme Iron- အပင် နဲ့ အသားတွေကနေရတဲ့ သံဓာတ်အမျိုးအစားဆိုပြီး ၂ မျိုးရှိပါတယ်။

    Heme Iron ကိုတော့ ကိုယ်ခန္ဓာက စုပ်ယူလို့ လွယ်ကူပြီး Non-heme Ironကိုတော့ ဗီတာမင် C တို့နဲ့တွဲသောက်မှသာ ကိုယ်ခန္ဓာက စုပ်ယူအားကောင်းပါလိမ့်မယ်။

    သံဓာတ်အကြောင်းရှင်းပြပြီးပြီဆိုတော့ သံဓာတ်များတဲ့အကြောင်းလေး စလိုက်ရအောင်။

    သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား။ ။

    Haemochromorosis ဆိုတာ သွေးတွင်းမှာ သံဓာတ် များနေတဲ့ ရောဂါကို ဆေးပညာအရခေါ်တဲ့ နာမည်တစ်ခုပါ။ ဒီလို သွေးတွင်းသံဓာတ်များခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပြီး သူ့ကြောင့်ဖြစ်ရတဲ့ ပြဿနာတွေလည်းရှိပါတယ်။

    ဒီထဲမှာ ဘယ်သူတွေက ဒီလို သံဓာတ်များတဲ့ ပြဿနာ အများဆုံးဖြစ်သလဲဆိုတာကို စကြည့်လိုက်ရအောင်။ ။

  • မျိုးရိုးဗီဇ – သံဓာတ်များတဲ့ ပြဿနာဟာ မျိုးရိုးဗီဇတစ်မျိုးဖြစ်တဲ့ HFE gene ယိုယွင်းသွားတာကြောင့် ဖြစ်တတ်ပြီး ဒီလို မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့သံဓာတ်များတဲ့ ပြဿနာဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မိသားစုမျိုးရိုးထဲ တစ်ယောက်လောက်ရှိတယ်ဆိုတာနဲ့တင် သူနဲ့ ဆက်နွယ်နေတဲ့ သူတွေဆီကို လက်ဆင့်ကမ်း အမွေပေးလို့ရတဲ့ ပြဿနာတစ်ခုပါ။
  • လူမျိုး – အာရှသားတွေထက်စာရင် အနောက်ဥရောပ နိုင်ငံသားတွေက ပိုဖြစ်လေ့ရှိပါတယိ။
  • ကျား/မ – အမျိုးသားတွေက အမျိုးသမီးတွေထက် သံဓာတ်များတဲ့ ပြဿာနာပိုဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက တစ်လတစ်ခါ ရာသီသွေးပေါ်တာကြောင့် ရာသီသွေးနဲ့အတူ သံဓာတ်တွေလည်း ပါသွားတဲ့အတွက် သူတို့မှာ သံဓာတ်အားနည်းတဲ့ ရောဂါ ပိုအဖြစ်များပါတယ်။
  • အသက်အရွယ် – အသက် ၄၀ ကနေ ၆၀ အမျိုးသားတွေ မှာ ဒီ ပြဿနာကို တွေ့ရတတ်ပြီး အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီးနောက်ပိုင်းမှသာ တွေ့ရတတ်ပါတယ်။
  • သိုင်းရွိုက်ဂလင်း ရောင်ခြင်း – တချို့လေ့လာချက်တွေအရတော့ ဒီလို သွေးတွင်းသံဓာတ်များတဲ့ ပြဿနာ ခုခံအားနဲ့ ဆက်စပ်တဲ့ သိုင်းရွိုက်ဂလင်းရောင်တဲ့ ရောဂါနဲ့ ဆက်စပ်နေတတ်ပါတယ်။
  • ဘယ်လို အကြောင်းအရာတွေကြောင့် သံဓာတ်များ တဲ့ ပြဿနာဖြစ်ရတာလဲ ။ ။

    သံဓာတ်များတာကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကို

    Primary hemochromatosis – မျိုရိုးဗီဇ ချို့ယွင်းမှုကြောင့် သံဓာတ်များရခြင်း နဲ့

    Secondary hemochromatosis – ကျန်းမာရေး ပြဿနာ အခြေအနေတစ်ခုခုကြောင့် သံဓာတ်များရခြင်းဆိုပြီး ၂ ပိုင်းခွဲလိုက်ပါမယ်။ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့

    • Thalassemia လို့ခေါ်တဲ့ သွေးရောဂါ
    • အသည်းရောဂါ – အသည်းရောင်အသားဝါ စီပိုးကြောင့် အသည်းရောင်တာ၊ အရက်ကြောင့်အသည်းရောင်တာနဲ့ အသည်းအဆီဖုံးတာ
    • သွေးအားနည်းလို့ သွေးးခဏခဏသွင်းရတဲ့အခါ
    • သံဓာတ်အားဖြည့်ဆေးတွေနဲ့ သံဓာတ်များတဲ့ အစားအစာတွေ အများကြီးနေ့တိုင်းစားမိနေတဲ့အခါ နဲ့
    • ကျောက်ကပ်ရောဂါတို့ဟာ သွေးတွင်းသံဓာတ်များစေတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်ပါတယ်။

    သံဓာတ်များခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

    သွေးတွင်းသံဓာတ်များခြင်းရဲ့ လက္ခဏာတွေက အစပိုင်းမှာတော့ မသိသာတတ်ပါဘူး။ နောက်ပိုင်း ပိုပိုဆိုးလာတဲ့အခါမှသာ ခုပြောပြမယ့် လက္ခဏာတွေခံစားရမှာပါ။ သူတို့တွေကတော့

    • ဗိုက်အောင့်မယ်၊
    • သွေးတွင်းသကြားဓာတ်ပမာဏများလာ ပြီး သိုင်းရွိုက်ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်နေမယ်။
    • အသားအရောင်ကလည်း သံရောင်လိုလို ကြေးညိုရောင်ပြောင်းသွားတတ်ပြီး လူကလည်း ပင်ပန်းပြီး နုန်းနေမယ်၊
    • အားမရှိသလိုဖြစ်ပြီး ကိုယ်အလေးချိန်လည်း ကျလာပါလိမ့်မယ်။
    • လိင်ကိစ္စ စိတ်ဝင်စားမှု နည်းနေကာ အမျိုးသမီးတွေမှာဆို ရာသီသွေးထိမ်သွားပြီး အမျိုးသားတွေမှာ ဝှေးစေ့ သေးသွားတာမျိုးတွေ ရှိတတ်ပါတယ်။

    သေချာမကုသမိလို့၊ မသိလိုက်မိလို့ သွေးတွင်း သံဓာတ်များနေပြီး နောက်ပိုင်း အချိန်ကြာလာတဲ့အခါမှာ

    • အဆစ်အမြစ်ရောင်တာ
    • အသည်းခြောက်တာ ၊ အသည်းကြီးလာတာ
    • ဆီးချို နှလုံးနဲ့ မုန့်ချိုအိတ်ရောင်တဲ့ နောက်ဆက်တွဲပြဿနာတွေပါ ဆက်ဖြစ်နိုင်ပါသေးတယ်။

    သံဓာတ်များခြင်းပြဿနာကို ဘယ်လိုကုသပါသလဲ ။

    သံဓာတ်နည်းနေရင် သံဓာတ်ဖြည့်အားဆေးတွေ သောက်ရတယ်ဆိုတော့ သံဓာတ်များတဲ့ အခါကျတော့ရော သံဓာတ်လျှော့ဆေးဆိုပြီး ရှိလား။

    • များနေတဲ့ သံဓါတ်ကို ကိုယ်ခန္ဓာထဲကထုတ်ဖို့အကောင်းဆုံး ကုသနည်းကတော့ သွေးဖောက်ထုတ်တာဖြစ်ပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်ချင်ရင်တော့ သွေးလှူပေါ့။ သွေးပမာဏ ဘယ်လောက်ကို ဖောက်ထုတ်ရမလဲဆိုတာကတော့ လူနာရဲ့ အသက်၊ ကျန်းမာရေးအခြေအနေနဲ့ သွေးတွင်းသံဓာတ်ပမာဏ ဘယ်လောက်များတဲ့ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သွေးဖောက်ထုတ်ပြီးနောက်ပိုင်း သံဓာတ်ပြန်များလာခဲ့ရင် ဒီလို သွေးဖောက်တဲ့ကုသမှုကို ခဏခဏ ခံယူနေရမှာဖြစ်ပါတယ်။
    • နောက်တစ်ခုကကျတော့ ဆေးသောက်လို့ရပါတယ်။ သံဓာတ်လျှော့ဆေးလို့ ဆိုရမှာပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ခန္ဓာက အဲဒီသောက်လိုက်တဲ့ဆေးတွေကို ပြန်စွန့်ထုတ်တဲ့အချိန်မှာ ဆေးတွေက သံဓာတ်ကို တစ်ပါတည်းခေါ်သွားတာကြောင့် သူတို့ကို သံဓာတ်လျှော့ဆေးလို့ ခေါ်ကြတာပါ။
    • နောက်တစ်ချက်ကတော့ သံဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ အနီရောင်ရှိတဲ့ အသားတွေ၊ သံဓာတ်ဖြည့်အားဆေးတွေနဲ့ သံဓာတ်စုပ်ယူခြင်းကို အားပေးတဲ့ဗီတာမင် C ဆေးပြားတွေကို ရှောင်ဖို့ပဲဖြစ်ပါတယ်။ သကြားကလည်း သံဓာတ်စုပ်ယူခြင်းကို အားပေးတာကြောင့် သကြားလျှော့စားသင့်ပြီး အသည်းကို ထိခိုက်စေတဲ့ အရက်ကိုလည်း သံဓာတ်များနေတဲ့သူတွေ လျှော့သောက်သင့်ပါတယ်။ ။

    Writer – Dr. Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement